<

လူ့စွမ်းအားအရင်းအမြစ် အကျပ်အတည်း

နယ်ပယ်အသီးသီးတွင် လူ့စွမ်းအားအရင်းအမြစ် ပြဿနာနှင့် ကြီးကြီးမားမား ရင်ဆိုင်နေရသည်။ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သော နိုင်ငံများတွင်လည်း လူ့စွမ်းအားအရင်းအမြစ် Human Resource ပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရက စနစ်တကျသုံးသပ်ပြီး လုပ်ဆောင်နေကြရသည်။ အမေရိကန်နိုင်ငံကဲ့သို့ ကမ္ဘာ့ထိပ်သီးနိုင်ငံတွင်လည်း ကျွမ်းကျင်လုပ်သား Skill Labour အကျပ်အတည်း ပြဿနာနှင့် ရင်ဆိုင်ရလေ့ရှိသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုနောက်ကျနေသော ခေတ်စနစ် အခြေအနေအရ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရန် ကြိုးစားနေရသော နိုင်ငံတစ်နိုင်ငံအတွက် HR ပြဿနာသည် နယ်ပယ်အသီးသီးတွင် ကြုံတွေ့ရနေရသည့် ပြဿနာဖြစ်ခြင်းကြောင့် အစိုးရတစ်ရပ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အတွက်ပင် ခေါင်းခဲစရာ ဖြစ်ရသည်။

အဖွဲ့အစည်း တစ်ခုပင်ဖြစ်စေ၊ ကုမ္ပဏီတစ်ခုပင်ဖြစ်စေ လူ့စွမ်းအားအရင်းအမြစ် အကျပ်အတည်း HR Crisis ဖြစ်လျှင် တိုးတက်ရန် မဖြစ်နိုင်ပေ။ ထို့အတူ နိုင်ငံရေးပါတီများနှင့် အစိုးရတစ်ရပ် အတွက်ပင်လျှင် HR ပြဿနာသည် ခေါင်းခဲစရာဖြစ်ရသည်။ အရည်အသွေး ပြည့်ဝသူများ၊ ကဏ္ဍအလိုက် ပရော်ဖက်ရှင်နယ် ပီသသူများ နည်းပါးနေခြင်းက မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များအတွက် ရွေးချယ်မှုများစွာ မရှိနိုင်တော့ဘဲ အခက်အခဲ ဖြစ်စေသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ နောက်ပိုင်းမှစ၍ မျက်မှောက်အချိန်အထိ နှစ်ပေါင်း ၃၀ ခန့်အတွင်း နိုင်ငံပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာသွားကြသူများ၊ နိုင်ငံရေး အခြေအနေကြောင့် စွန့်ခွာသွားခဲ့ကြသူ များနေခြင်း၏ အကျိုးဆက်သည် နိုင်ငံ၏ ကဏ္ဍအသီးသီးအတွက် HR Crisis ဖြစ်စေသည်။ ပညာတတ်များစွာ ပြည်ပသို့ အလုံးအရင်းဖြင့် ထွက်ခွာသွားကြခြင်းကြောင့် ဦးနှောက်ယိုစီးမှု (Brain Drain) ဖြစ်စေသည်။ နိုင်ငံတွင် ပညာရှင်လိုအပ်မှု မြင့်မားခြင်း၊ အရည်အသွေးမီ အလုပ်သမား ရှားပါးခြင်းတို့ကြောင့် တိုင်းပြည်ဆုတ်ယုတ်မှု ဖြစ်စေခဲ့သည်။

ယင်းသို့သော အခြေအနေတွင် ပညာရေးကို အားမပေး၊ ပညာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှု မှန်ကန်စွာ မလုပ်နိုင်လျှင် အခြေအနေသည် ပိုမိုဆိုးရွားနိုင်သည်။ အကယ်၍ ပညာရေး ပြုပြင်ပြောင်းလဲမှုကို အကုန်ဆုံး လုပ်နိုင်လျှင်ပင် ယင်း၏အကျိုးဆက်ကို သိရှိခံစားနိုင်ရန် မျိုးဆက်တစ်ခုအကြာ စောင့်ရမည့် အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် တာဝန်ရှိသော အစိုးရအနေဖြင့် HR ပြဿနာကို မည်သို့ကိုင်တွယ်မည်နည်း။ ယင်းပြဿနာသည် တစ်နှစ်၊ နှစ်နှစ်ဖြင့် ဖြေရှင်း၍ မရသည့်အတွက် မည်သို့သော မဟာဗျူဟာများဖြင့် အစီအစဉ်များ ချမှတ်အကောင်အထည် ဖော်မည်နည်း။ ယင်းပြဿနာအပေါ်ခြုံငုံပြီး ကြည့်လျှင် ပညာရေးသည် အဓိက ပြုပြင်စရာကိစ္စတစ်ရပ် ဖြစ်နေရာ ပညာရေး ပြောင်းလဲမှုအပေါ် မည်ကဲ့သို့ မှန်ကန်စွာ ပြောင်းလဲနိုင်မည်နည်းဆိုသည့် အချက်သည် အရေးပါသည်။

အဘက်ဘက် နိမ့်ကျနေမှုအတွက် ပြန်လည်နာလန်ထူနိုင်ရန် ကြိုးစားရမည့် မြန်မာနိုင်ငံတွင် HR ပြဿနာသည် မရှိမဖြစ် ဖြေရှင်းရမည့် ပြဿနာတစ်ရပ် ဖြစ်နေသည်မှာ သေချာသည်။ လုပ်ငန်းအသီးသီး၊ ကုမ္ပဏီ အသီးသီးတွင်ပင် ယင်းပြဿနာကို ကိုယ်စီရင်ဆိုင် ကျော်လွှားနေကြရသည်။ ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင် ကဲ့သို့သော နိုင်ငံတိုးတက်ရေး အတွက် အဓိကတာဝန်ယူ လုပ်ဆောင်နေကြရသည့် နယ်ပယ်များတွင်ပင်လျှင် ထူးချွန်သည့်၊ လေးစားဖွယ်ကောင်းသည့်၊ လူအများက လက်ခံသည့် ခေါင်းဆောင်များကို ရွေးချယ်ရန် ခက်ခဲမှုများ ရှိနေသည်။ သို့ဖြစ်ရာ HR ပြဿနာအတွက် နိုင်ငံတွင် ဖြစ်ပေါ်နေသော ဦးနှောက်ယိုစီးမှုနှင့် လုပ်အားယိုစီးမှု ကဲ့သို့သော ပြဿနာများကို ရေရှည်စီမံကိန်းချမှတ်၍ ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ်လ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

March 23, 2018














Copy Protected by Chetan's WP-Copyprotect.