Check and Balance အတွက် အမေးနှင့် အဖြေ

Check and Balance အတွက် အမေးနှင့် အဖြေ
Published 18 March 2018

ဝန်ကြီးဌာနများအနေဖြင့် မေးခွန်းများ ဖြေကြားသည့်အခါ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာ လုပ်ထုံးလုပ်နည်းများအပေါ်သာ အခြေခံဖြေကြားခြင်းမျိုး မဟုတ်ဘဲ မြေပြင်အခြေအနေကို ထိထိရောက်ရောက် လေ့လာစုံစမ်းပြီးမှသာ ဖြေကြားသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးပြောကြားခဲ့သည်။ “ဝန်ကြီးဌာနများအနေနဲ့ မေးခွန်းများ ဖြေကြားတဲ့အခါမှာ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာ လုပ်ထုံးလုပ်နည်းများအပေါ်သာ အခြေခံပြီး ဖြေကြားတာမျိုး မဟုတ်ဘဲ မြေပြင်အခြေအနေကို ထိထိရောက်ရောက် လေ့လာ စုံစမ်းပြီးမှသာ ဖြေကြားသင့်ပါတယ်။ မဲဆန္ဒနယ်အတွင်း လိုအပ်ချက်နဲ့ ပတ်သက်လို့ လုပ်ပေးရန် အစီအစဉ် ရှိ မရှိနဲ့ ပတ်သက်တဲ့ မေးခွန်းကို မေးမြန်းတာမျိုး ဆိုရင်တော့ အများအားဖြင့် အဆင်ပြေတာတွေ့ရပေမဲ့ လုပ်ထုံးလုပ်နည်း လွဲချော်မှု ဌာနအတွင်း လွဲမှားမှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်မျိုးကို မေးမြန်းတဲ့ အခါမျိုးမှာ ပကတိအခြေအနေနဲ့ လိုက်လျော ညီထွေကိုက်ညီမှု အားနည်းတဲ့ ဖြေကြားမှုမျိုးကို အများအားဖြင့် တွေ့ရတာ တွေ့ရပါတယ်” ဟူ၍ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ မတ် ၁၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်သုံးရပ်အကြား အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရသည်ဖြစ်ရာ ဥပဒေပြုရေးမဏ္ဍိုင်တွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းထောက်ပြမှုများမှာ အရေးပါသလို အစိုးရအဖွဲ့ တာဝန်ရှိသူ အဆင့်ဆင့်၏ ပြန်လည်ဖြေကြား ဆောင်ရွက်မှုများသည်လည်း အရေးပါလျက် ရှိနေသည်။

လွှတ်တော်တွင် မေးခွန်းများ မေးမြန်းရာတွင် ဝန်ကြီးဌာနများအနေဖြင့် တိတိကျကျ ဖြေဆိုရန်နှင့် ကိုယ်စားလှယ်များအနေဖြင့်လည်း တိတိကျကျ မေးမြန်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားဖူးသည်။ “ဝန်ကြီးဌာနအနေနဲ့ ကိုယ်စားလှယ်တွေမေးတဲ့ မေးခွန်းကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖြေကြားဖို့ လိုပါတယ်။ အဲလို ဖြေကြားဖို့အတွက်ဆိုရင် မေးခွန်းမှာပါတဲ့ အကြောင်းအရာ Issue ကိုပဲ တိတိကျကျ ထိထိမိမိ ဖြေနိုင်အောင် ကြိုးစားပေးစေချင်ပါတယ်” ဟု ပြောကြားထားသလို “ကိုယ်မေးတဲ့ မေးခွန်းနဲ့ အဖြေနဲ့ လွဲချော်ပြီးတော့ ယေဘုယျဆန်ဆန်ပြောပြီး ဟိုလိုဒီလို ကြားကောင်းအောင် ရှောင်လွှဲပြောပြီဆိုရင် ကျွန်တော်မေးတာက ဒါ၊ ဒီလို ဖြေတယ်။ ဒီလို ကွဲလွဲနေတယ်။ ကျွန်တော် သိချင်တာက ဒါ။ အဲဒီလို တစ်ဆက်စပ်တည်းဆိုတာ ထိထိမိမိလေး အခွင့်အရေးပေးထားတာ။ တစ်ဆက်စပ်တည်း ဆိုပြီးတော့ နောက်အကြောင်းအရာ အသစ်တွေ၊ မေးခွန်းအသစ်တွေ မေးဖို့ မဟုတ်ဘူး။ အဲဒါ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို သုံးပြီးတော့ check and balance ဆိုတာ ဒါပဲ။ တိတိကျကျလေး ဖြစ်စေချင်တယ်” ဟူ၍လည်း ထည့်သွင်း ပြောကြားထားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာအမှတ် ၁/၂၀၁၈ အား ပြည်သူ့လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ ပဉ္စမပုံမှန်အစည်းအဝေးတွင် အဆို ၂၃ ခု တင်သွင်းခဲ့ရာ အတည်ပြုအဆို ၁၁ ခု၊ မှတ်တမ်းတင်အဆို ကိုးခုနှင့် မှတ်တမ်းတင် စောင့်ကြည့်အဆို သုံးခု၊ ကြယ်ပွင့်ပြမေးခွန်း ၃၁၀ တွင် ကတိဖြစ်ခဲ့သည့် မေးခွန်း ၅၃ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း ၉၅၅ ခုတွင် ကတိဖြစ်ခဲ့သည်မှာ ၃၀၅ ခု ရှိကြောင်း ပါဝင်သည်။ ထို့ပြင် ကော်မတီ၏ အကြံပြုချက်တွင် ဝန်ကြီးဌာနများအနေဖြင့် မေးခွန်းများကို ဖြေဆိုရာတွင် လုပ်ငန်းဆောင်ရွက်ပေးမည့် ဘတ်ဂျက်နှစ် (ဘဏ္ဍာနှစ်) ကို တိုက်ရိုက်တိကျစွာ ဖြေကြားပေးရန်၊ ပုံမှန်အစည်းအဝေးများတွင် ဝန်ကြီးဌာနအလိုက် ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြမေးခွန်း၊ ကြယ်ပွင့်မပြမေးခွန်း၊ အတည်ပြုအဆိုများနှင့် ပတ်သက်၍ ကတိဖြစ်ခဲ့သည့်အတိုင်း သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ရန် စသည့်အချက်များ ပါဝင်ခဲ့သည်။

သို့ပါ၍ ပြည်သူ့ကိုယ်စားကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံထားရသူများ၏ မေးမြန်းထောက်ပြမှုများသည် လည်းကောင်း၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အစိုးရပိုင်းမှ တာဝန်ယူ ဆောင်ရွက်နေသူ အဆင့်ဆင့်၏ ပြန်လည်ဖြေကြား ဆောင်ရွက်မှုများသည် လည်းကောင်း check and balance အတွက် များစွာအရေးကြီးလျက်ရှိရာ စာရွက်ပေါ်မှ အခြေအနေများ ဖြစ်မနေသင့်ဘဲ လက်တွေ့မြေပြင် အခြေအနေကို ထင်ဟပ်ကိုယ်စားပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ်လ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent