တာဝန်ရှိခြင်းဟူသည်

တာဝန်ရှိခြင်းဟူသည်
Published 17 March 2018

တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာအပေါ် ကိုယ်ကျင့်တရားဆိုင်ရာအရ ကတိကဝတ် ပြုထားခြင်း သို့မဟုတ် ဝတ္တရားရှိခြင်းကို တာဝန်ဟု ခေါ်ဆိုကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာအရ ကတိကဝတ်ပြုထားမှုဟူသည် ရလဒ်အရ လုပ်ဆောင်ချက်ဖြင့်သာ ပြသရမည်ဖြစ်ပြီး လုပ်ဆောင်ချက် မပါသော ခံစားမှု သို့မဟုတ် အသိအမှတ်ပြုရုံ သက်သက်မဟုတ်ပါ။ တစ်စုံတစ်ဦးအနေဖြင့် တာဝန်တစ်ရပ်အား အသိအမှတ်ပြုပါက ထိုသူသည် သဘောတရားအရ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို မစဉ်းစားဘဲ ယင်းကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပါမည်ဟု ကတိပေးခြင်းဖြစ်သည်။ တာဝန်ရှိသော ဘဝ၌ နေထိုင်ခြင်းသည် နားနားနေနေနေရသည့် ဘဝအား လုံး၀ ပိတ်ပင်လိုက်ခြင်း မဟုတ်ပေ။ သို့သော် တာဝန်တစ်ရပ် ပြီးမြောက်အောင် ပြုလုပ်ရာ၌ အထွေထွေသဘောအရ မိမိ၏ လတ်တလောအကျိုးစီးပွားအချို့ကို စတေးလိုက်ရခြင်း ပါဝင်နိုင်သည်။ တရားမျှတမှု၊ ရိုးသားမှုနှင့် နာမည်ဂုဏ်သတင်းအား ထိန်းသိမ်းမှုတို့သည် တာဝန်ဟူသည့် စကားရပ်နှင့် အကြီးအကျယ် ပတ်သက်နေသည်။

ဘီစီ ၆၃ ခုနှစ်က ရောမတွေးခေါ်ရှင် စီဆာရိုက သူ၏ On Duty ဟူသည့်ကျမ်းတွင် တာဝန်ဟူသည် ကွဲပြားခြားနားသော ရင်းမြစ်လေးရပ်မှ လာနိုင်သည်ဟု ဖော်ပြခဲ့သည်။ ယင်းရင်းမြစ်လေးရပ်မှာ လူဖြစ်ခြင်းရလဒ်အဖြစ်၊ ဘဝ၌ မိမိ၏ သက်ဆိုင်ရာနေရာနှင့် ပတ်သက်သော ရလဒ်အဖြစ် (မိသားစု၊ နိုင်ငံ၊ အလုပ်)၊ မိမိစရိုက်လက္ခဏာ၏ ရလဒ်အဖြစ် နှင့် မိမိကိုယ်တိုင်အတွက် မိမိကိုယ်ပိုင်မျှော်လင့်ထားမှုများ၏ ရလဒ်အဖြစ်တို့ဖြစ်ကြသည်။ အတွေးအခေါ် လမ်းကြောင်းများစွာတို့သည် တာဝန်နှင့်ပတ်သက်သော သဘောတရားအား ငြင်းခုံလာခဲ့ကြသည်။ များစွာတို့က ၎င်းတို့၏ ကိုယ်ပိုင်စကားရပ်အဖြစ် လူသား၏ တာဝန်ကို ခိုင်မာစွာသတ်မှတ်သည့်အခါ ဒဿနိကဗေဒ ပညာရှင်အချို့က တာဝန်သိစိတ်ဟူသည့် သဘောတရားအား လုံးဝပယ်ချခဲ့ကြသည်။ တာဝန်ဟူသည် တစ်စုံတစ်ဦး၏ သိမြင်ခံစားမှုနှင့် ဗဟုသုတနှင့် ပတ်သက်သော အခြေခံအုတ်မြစ်အရ လက်ခံရမည့် သို့မဟုတ် နားလည်ရမည့်အရာဟု ဆိုသည်။ သို့သော် တာဝန်နှင့် ယင်း၏ သရုပ်သကန်များသည် ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခု စံတန်ဖိုးများ ကွဲပြားခြားနားကြသည်။ အခြားတစ်ဖက်၌ တာဝန်ဟူသည်ကို အပ်နှင်းမှု၊ အလုပ် သို့မဟုတ် အပြုအမူနှင့်ပတ်သက်သော ဖော်ပြချက်အဖြစ် ရှုမြင်ကြပြီး တာဝန်ဟူသည် အရာများကို မှန်ကန်အောင် ပြုလုပ်ခြင်းသာမက မှန်ကန်သည့်အရာများကို ပြုလုပ်ခြင်းလည်းဖြစ်သည်ဟု ဆိုကြသည်။

တာဝန်ဟူသည်ကို မိမိ၏နိုင်ငံ၊ မိမိ၏နေရပ် သို့မဟုတ် မိမိ၏လူ့အဖွဲ့အစည်းအပေါ် သစ္စာခံထားသည့် တစ်စုံတစ်ရာဟုလည်း ယူဆကြသည်။ နိုင်ငံသားတစ်ဦး၏ တာဝန်၌ ဥပဒေကိုလိုက်နာရခြင်း၊ အခွန်ပေးဆောင်ရခြင်း၊ ပြည်သူအားလုံးကို ကာကွယ်စောင့်ရှောက်ရေး၌ ပါဝင်ကူညီရခြင်း၊ မဲပေးရန် မှတ်ပုံတင်ရခြင်း၊ ရွေးကောက်ပွဲများ သို့မဟုတ် ဆန္ဒခံယူပွဲများအားလုံး၌ မဲပေးရခြင်း၊ အပ်နှင်းခံရပါက တရားစီရင်ဆုံးဖြတ်ပေးရခြင်း၊ မတော်တဆမှု သို့မဟုတ် လမ်းပေါ်ဖြစ်ပွားသည့် ရာဇဝတ်မှုများကို ခံရသူများအား တွေ့ရှိပါက အကူအညီပေးရခြင်း၊ တရားရုံး၌ သက်သေခံ ထွက်ဆိုပေးရခြင်း၊ ကူးစက်ရောဂါများ သို့မဟုတ် ကပ်ရောဂါများ ဖြစ်ပွားပါက သက်ဆိုင်ရာ အာဏာပိုင်များထံ သတင်းပို့ရခြင်း၊ အများပြည်သူ ဝန်ဆောင်မှုများအတွက် စေတနာ့ဝန်ထမ်းများအဖြစ် ဆောင်ရွက်ပေးရခြင်းနှင့် လိုအပ်ပါက သွေးလှူရခြင်း အစရှိသည်တို့ ပါဝင်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ မည်သည့်ယဉ်ကျေးမှု၌မဆို လူသားတို့၌ လူအဖြစ် ရှောင်လွှဲ၍မရသော သက်ဆိုင်ရာတာဝန်များ ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(မတ်လ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent