မမေ့လျော့သင့်သည့် ပညာရေးကဏ္ဍ အပြောင်းအလဲ

မမေ့လျော့သင့်သည့် ပညာရေးကဏ္ဍ အပြောင်းအလဲ
Published 16 March 2018

၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အနိုင်ရပြီး တက်လာခဲ့သည့်  NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် ဦးစားပေးလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ အစိုးရမဖွဲ့မီကပင် ကြွေးကြော်ခဲ့သည့်အတိုင်း ငြိမ်းချမ်းရေးရရှိရန် ဦးစားပေး နံပါတ် (၁) အဖြစ် ဆောင်ရွက်ခဲ့ကြခြင်းသည် NLD အစိုးရသက်တမ်း တစ်နှစ်ခန့်အကြာတွင်မူ နိုင်ငံ၏စီးပွားရေး အကျဘက်ကိုရောက်လာသည့် အခြေအနေနှင့်အတူ အဘက်ဘက်မှ အကျပ်အတည်းများရှိလာသည့်အတွက် စီးပွားရေးကို အလေးပေးဆောင်ရွက်ရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။ အစိုးရ၏ မူဝါဒတွင်မူ ငြိမ်းချမ်းရေးရမှသာလျှင် ဒေသအသီးသီး၌ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည်ဆိုသည့်အမြင်ကို တွေ့ရသည်။

အမှန်စင်စစ် အရပ်သားအစိုးရလက်ထက်တွင် ကဏ္ဍအသီးသီး၌ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး ရလဒ်ကောင်း အလျင်အမြန်ရရှိရန် ပြည်သူများက မျှော်လင့်နေကြခြင်း ဖြစ်သည်။ နိုင်ငံ၏ အခြေအနေမှာ ကဏ္ဍတိုင်းကို ဦးစားပေး ပြောင်းလဲရန် လိုအပ်နေခြင်း ဖြစ်သည်။ စီးပွားရေး၊ ပညာရေးကဲ့သို့သော ကဏ္ဍများကို ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် ယင်းပြောင်းလဲမှုများမှာ လူထုအတွက် မှန်ကန်သင့်လျော်သည့် အခြေအနေတစ်ခု ရုပ်လုံးပေါ်လာရန် လိုလားနေကြသည်။ ပြည်သူများအနေဖြင့် NLD အစိုးရ လက်ထက်တွင် ပညာရေးကဏ္ဍတွင် သိသိသာသာ ပြုပြင်ပြောင်းလဲနိုင်မည်ဟု ယုံကြည်ထားကြသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ပညာရေးကဏ္ဍ၌ အားရကျေနပ်ဖွယ်ကောင်းသည့် အပြောင်းအလဲများ မဖြစ်သေးသည့်အပေါ် ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသည်။ အမှန်စင်စစ် မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း နိမ့်ကျခဲ့ရသည်မှာ ဆယ်စုနှစ်များ ကြာမြင့်နေပြီ ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ နိုင်ငံတကာ အဆင့်မီခဲ့သော်လည်း ၁၉၈၈ မတိုင်မီကပင် ပညာရေးစနစ်သည် အုပ်ချုပ်သူ အစိုးရအဆက်ဆက် အမှားများကြောင့် နိမ့်ပါးခဲ့ရသည်။

မြန်မာ့ပညာရေးစနစ် နိမ့်ကျရခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းများစွာရှိပြီး ခေတ်အဆက်ဆက် အဓိကတရားခံများလည်း ရှိခဲ့သည်။ အာဏာရှင်အစိုးရလက်ထက် အဆက်ဆက်တွင် ကျောင်းသားနှင့် နိုင်ငံရေးကို ခွဲထုတ်ရန် အဓိက လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံအတွက် ပညာတတ်များ မွေးမြူရမည့်အစား အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးကာ လွဲမှားသည့် ပညာရေးပေါ်လစီများ ချမှတ်ခဲ့သည်။ တက္ကသိုလ်များတွင် ယခင်က အင်္ဂလိပ်ဘာသာဖြင့် သင်ကြားရာမှ မြန်မာဘာသာသို့ ပြောင်းလဲခဲ့မှုကြောင့် မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မှ တဖြည်းဖြည်း နိမ့်ကျခဲ့ရသည်ဟုလည်း သုံးသပ်မှုများ ရှိခဲ့သည်။ ထို့ပြင် အာဏာရှင်များအနေဖြင့် ၎င်းတို့သွားလိုသည့် စနစ်အပေါ် အခြေခံ၍ ပညာရေးကို လိုသလို ပုံသွင်းရန် ကြိုးစားခဲ့သည်။ ဆိုရှယ်လစ်ခေတ်တွင် ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်နေပြီဖြစ်သည်ဟုဆိုကာ အမြတ်ကြီးစားစနစ်ကို ဦးစားပေးသည့် ဘဲဥတစ်ဒါဇင်ကို တစ်ကျပ်ဖြင့်ဝယ်ကာ တစ်လုံးကို ၁၀ ပြားဖြင့် ပြန်ရောင်းသော် မည်မျှမြတ်မည်နည်းဆိုသည့် ဂဏန်းသင်္ချာမျိုးကို မသင်စေဖို့ ညွှန်ကြားသည်အထိ ပညာရေးကို အရောင်ဆိုးခဲ့ကြသည်။ ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးအရ ချွတ်ခြုံကျသည့် အခြေအနေဆိုက်ရောက်ခဲ့ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC စာရင်းဝင် လျှောက်ထားခဲ့ရပြီး နောက်တစ်နှစ်တွင် ၁၉၈၈ အရေးအခင်း ဖြစ်ပွားကာ အာဏာရှင်စနစ် အကူးအပြောင်းနှင့်အတူ မြန်မာ့ပညာရေးသည်လည်း ပိုမို၍ ဆိုးသထက် ဆိုးသွားတော့သည်။

ဆိုးဆိုးရွားရွား ဖြစ်နေသော မြန်မာ့ပညာရေးကဏ္ဍကို အရပ်သားအစိုးရလက်ထက်တွင် မှန်ကန်စွာ ပြောင်းလဲနိုင်ရန် အားလုံးက မျှော်လင့်နေကြသည်။ အရည်အချင်းကို ဦးစားပေးသည့်စနစ်မျိုး ပြုပြင်နိုင်မှသာလျှင် နိုင်ငံအတွက် အားထားရသည့် ပညာတတ်များလည်း မွေးထုတ်နိုင်မည် ဖြစ်သည်။ အဘက်ဘက်မှ နိမ့်ကျနေသည့် နိုင်ငံတစ်ခုကို ပညာတတ်များဖြင့်သာ ပြန်လည်၍ တည်ဆောက်နိုင်မည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံအတွက် မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်သည့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို မမေ့မလျော့ မပေါ့မဆ လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မတ် ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent