၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်အဆိုပြုချက်များအတိုင်း ကျပ်သန်းပေါင်း ၁၃၀,၁၀၄ ဒသမ ၁၃၂ စိစစ်ဖြတ်တောက်ကာ အတည်ပြုခဲ့သည်။ မတ် ၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်အဆိုပြုချက်များအတိုင်း တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ၃၀ ရက်အထိ ပြည်ထောင်စုအဆင့်အဖွဲ့များမှ သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက် ကျပ်သန်းပေါင်း ၁၀,၆၇၇,၆၉၈ ဒသမ ၁၇၄ တောင်းခံထားသည့်အနက် ကျပ်သန်းပေါင်း ၁၃၀,၁၀၄ ဒသမ ၁၃၂ အား ပူးပေါင်းအဖွဲ့များက စိစစ်လျှော့ချထားပြီး ကျန်ငွေ ကျပ်သန်းပေါင်း ၁၀,၅၄၇,၅၉၄ ဒသမ ၀၄၂ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် စိစစ်တွေ့ရှိချက်များအရ သာမန်ရငွေတွင် ကျပ် ၅၀,၆၀၂ ဒသမ ၄၈၀ သန်းတိုးမြှင့်ပြီး သုံးငွေစိစစ်လျှော့ချမှုကြောင့် ရငွေကျပ် ၁၃,၂၁၆ ဒသမ ၃၂၀ သန်းလျော့နည်းခြင်းနှင့် သုံးငွေစိစစ်လျှော့ချမှု ကျပ် ၁၃၀,၁၀၄ ဒသမ ၁၃၂ သန်းတို့ကို အတည်ပြုသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပြုခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ မူဝါဒချမှတ်သူများသည် ဘတ်ဂျက်တစ်ခုကို ရေးဆွဲသည့်အခါ ၎င်းတို့အနေဖြင့် လက်ရှိပစ္စုပ္ပန်သက်သက်သာမဟုတ်ဘဲ နိုင်ငံ၏အနာဂတ်အတွက်ပါ အာရုံပြုရမည်ဖြစ်သည်။ နိုင်ငံတော်ဘတ်ဂျက်ဟူသည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရက နှစ်စဉ်ထုတ်ပြန်သည့် အရေးအကြီးဆုံး စာရွက်စာတမ်းလည်းဖြစ်ပြီး အများပြည်သူ၏ စေ့စေ့စပ်စပ် စိစစ်ဝေဖန်မှုကို ခံရတတ်သည်။ နိုင်ငံတော်ဘတ်ဂျက်သည် ဘဏ္ဍာရေးအစီအစဉ်နှင့် မူဝါဒရေးရာ စာရွက်စာတမ်းလည်းဖြစ်သည်။ အနာဂတ်တွင် နိုင်ငံတော်ကလုပ်ဆောင်ရန် ရည်ရွယ်ထားသော မူဝါဒများ၏ အသေးစိတ်ဖော်ပြချက် တစ်ရပ်လည်းဖြစ်သည်။ ဘတ်ဂျက်ကို အာမခံထားသော အသုံးစရိတ်၊ အခွန်ငွေနှင့် အခြားမူဝါဒရေးရာ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာဘဏ္ဍာနှစ်ကို ကျော်လွန်လျက်ရှိနေမည့် နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးလုံခြုံမှုအတွက် အကျိုးဆက်များရှိနေသည်။ သို့သော် မူဝါဒချမှတ်သူများအနေဖြင့် မူဝါဒရေးရာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်သော လတ်တလော သက်ရောက်မှုများအပေါ်၌သာ အာရုံထားပြီး ရေရှည်အကျိုးဆက်များကို ထည့်တွက်ရန် ပျက်ကွက်တတ်ကြသည်။ ဥပမာအားဖြင့် နိုင်ငံများစွာတို့သည် နှစ်များစွာနှင့်ဆိုင်သည့် အသုံးစရိတ်အစီအစဉ်များကို လည်းကောင်း၊ မိုးထဲရေထဲရောက်ချိန်၌ သုံးနိုင်မည့် အရန်ငွေထားရှိရန်လည်းကောင်း ပျက်ကွက်တတ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ မူဝါဒချမှတ်သူများအနေဖြင့် နိုင်ငံတော်ဘတ်ဂျက်ကို ရေးဆွဲသည့်အခါ ပစ္စုပ္ပန်သက်သက် လက်ငင်းအကျိုးဆက်ကိုသာ ဂရုပြုခြင်းမရှိဘဲ အနာဂတ်ရေရှည်အကျိုးဆက်ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
မတ် (၇) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်