မြန်မာနိုင်ငံ၏ ရှေ့ရေးနှင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

မြန်မာနိုင်ငံ၏ ရှေ့ရေးနှင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး
Published 4 March 2018

အာဏာရှင်နှင့် တပ်မတော်အား ခွဲခြားမြင်ရန်လိုပြီး တပ်မတော်ကို အာဏာရှင်အဖြစ် မြင်နေသမျှ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ရှေ့ဆက်နိုင်မည် မဟုတ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးမြင့်စိုးက DVB Debate တွင် ပြောကြားသည်။ ရန်ကုန်မြို့ Orchid Hotel တွင် မတ် ၃ ရက်က DVB သတင်းဌာနက “အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ဘယ်လိုအကောင်းဆုံး တည်ဆောက်မလဲ” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် Debate အစီအစဉ်တွင် ဆွေးနွေးရာ၌ ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ စစ်ဘက်နှင့် အရပ်ဘက်ဆက်ဆံရေးအား ပြောဆိုသည့်အခါ အများစုမှာ စစ်ဘက်မှ တစ်ဖက်၊ အရပ်ဘက်မှ တစ်ဖက် ခွဲခြားမြင်ကြကြောင်း၊ လက်ရှိ တည်ဆောက်နေသည့် တပ်မတော်သည် ပြည်ထောင်စုသား တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော် ဖြစ်ကြောင်း၊ စစ်ဘက်နှင့် အရပ်ဘက် ဆက်ဆံရေးထက် တပ်မတော်နှင့် ပြည်သူလူထုကြား ဆက်ဆံရေးဖြစ်ကြောင်း ဦးမြင့်စိုးက ပြောကြားသည်။

“စစ်ဘက်လို့ ပြောလိုက်တာနဲ့ စစ်အာဏာရှင်ဆိုတဲ့ အပိုင်းတွေ ပါလာတယ်။ တကယ်တော့ ပြည်သူလူထုက ခွဲခြားပြီး မြင်ဖို့လိုတာက အာဏာရှင်နဲ့ တပ်မတော်ကို ခွဲခြားမြင်ဖို့ လိုတယ်။ အဲဒါမှလည်း ကျွန်တော်တို့ ခုနက ပြောတဲ့ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးဆိုတာ ရှေ့ဆက်သွားလို့ ရမယ်။ ကျွန်တော်တို့က တပ်မတော်ကို အာဏာရှင်လို့ မြင်နေသမျှ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာ ရှေ့ကို သွားလို့ရမှာ မဟုတ်ဘူး” ဟု ဦးမြင့်စိုးက ပြောကြားသည်။ လက်ရှိ အရပ်ဘက်အစိုးရဟု ပြောဆိုရာတွင် အစိုးရအဖွဲ့အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က ပါဝင်ထားကြောင်း၊ တပ်မတော်သည် အစိုးရ မဟုတ်သော်လည်း အစိုးရ အဖွဲ့အစည်းတွင်း တပ်မတော်သားများ ထည့်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အရပ်ဘက် လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် ယင်းအရပ်ဘက် အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်ပေးရန် ထူထောင်ထားသော စစ်ဘက် အဖွဲ့အစည်းတို့အကြား ဆက်ဆံရေးကို ဖော်ပြရန် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (CMR) ဟု သုံးနှုန်းသည်။ ယင်းဝေါဟာရကိုပင် ပိုမိုကျဉ်းမြောင်းစွာ သုံးနှုန်းသည့်အခါ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ်၏ အရပ်ဘက် အာဏာပိုင်များနှင့် ယင်းလူ့အဖွဲ့အစည်း၏ စစ်ဘက် အာဏာပိုင်များအကြား ဆက်ဆံရေးကို ဆိုလိုသည်။ CMR ကို လေ့လာရာတွင် အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်ခြင်းက စစ်ဘက်က နိုင်ငံတော်ကို ထိန်းချုပ်ခြင်းထက် ပိုမိုနှစ်သက်ဖွယ် ဖြစ်သည်ဟူသော ယူဆချက်တစ်ရပ်အပေါ် စံထားတတ်ကြသည်။ သို့သော် အဓိကကျသော လက်တွေ့ပြဿနာမှာ အရပ်ဘက်က စစ်ဘက်အပေါ် ထိန်းချုပ်မှုကို ထူထောင်ပုံနှင့် ထိန်းသိမ်းပုံအား ရှင်းပြရန် ဖြစ်သည်။

CMR သည် နိုင်ငံရေးသိပ္ပံနှင့် လူမှုဗေဒတို့အပြင် ဥပဒေ၊ ဒဿနိကဗေဒ၊ နယ်ပယ်အလိုက် လေ့လာချက်များ၊ စိတ်ပညာ၊ ယဉ်ကျေးမှုဆိုင်ရာ လေ့လာချက်များ၊ မနုဿဗေဒ၊ စီးပွားရေးပညာ၊ သမိုင်း၊ သံတမန်သမိုင်း၊ ဂျာနယ်လစ်ဇင်နှင့် စစ်ပညာတို့ ကဲ့သို့သော အတိုင်းအတာ ကျယ်ပြောလှသည့် နယ်ပယ်များမှနေ၍ ကောက်ချက် ထုတ်ယူထားခြင်း ဖြစ်သည်။ CMR တွင် အရပ်ဘက်၏ စစ်ဘက်အပေါ် ထိန်းချုပ်မှု၊ စစ်ဘက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်လစ်ဇင်၊ စစ်ပွဲ၊ အရပ်ဘက်-စစ်ဘက် လုပ်ငန်းဆောင်ရွက်မှုများ၊ စစ်ဘက် အင်စတီကျူးရှင်းများနှင့် အခြားသက်ဆိုင်ရာ အကြောင်းအရာများ အစရှိသည်တို့ ပါဝင်ပြီး အကန့်အသတ်မဲ့စွာ ကျယ်ပြောလှသော အကြောင်းအရာများနှင့် ပတ်သက်၍ လေ့လာချက်များနှင့် ဆွေးနွေးချက်များ ပါဝင်သည်။ နိုင်ငံတကာ အတိုင်းအတာအရ CMR တွင် ကမ္ဘာတစ်လွှားမှ ဆွေးနွေးချက်များနှင့် သုတေသနများ ပါဝင်သည်။ သဘောတရားရေးရာ ဆွေးနွေးမှုများတွင် နိုင်ငံအဖြစ် သတ်မှတ်ခြင်း မခံရသည့် နယ်မြေများသာမက ပို၍ အစဉ်အလာ သဘောဆောင်သော နိုင်ငံအဖြစ် သတ်မှတ်ထားသည်များလည်း ပါဝင်နိုင်သည်။ CMR ဆိုင်ရာ အခြားသုတေသနများတွင် စစ်ဘက်၏ နိုင်ငံရေး သဘောထား၊ မဲပေးခြင်း အပြုအမူ၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုနှင့် အပြန်အလှန် ဆက်ဆံမှုတို့အပြင် စစ်ဘက်မိသားစုများ အစရှိသည်တို့၏ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်သော အသိအမြင်များ ပါဝင်သည်။

မည်သို့ပင် ဆိုစေကာမူ မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားရမည့် လမ်းကြောင်းတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် မဖြစ်မနေ စောင့်ကြည့် လေ့လာရမည့် အကြောင်းအရာ တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ်လ ၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent