တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝ

တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝ
Published 3 March 2018

မြန်မာနိုင်ငံ၏လူဦးရေ ရာခိုင်နှုန်း ၇၀ ခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်သည်။ တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) ၏  ရာခိုင်နှုန်း ၃၀ ခန့်ကို လယ်ယာ ကဏ္ဍမှရရှိသော်လည်း တောင်သူလယ်သမားအများစုမှာ လူမှုစီးပွားဘဝနိမ့်ကျနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်က မတ် ၂ ရက်တွင် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၌ ဖော်ပြထားသည်။ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ် ကျရောက်ခြင်းနှင့် သစ်တောပြုန်းတီးခြင်းတို့ကြောင့် မြေဆီလွှာအရည်အသွေး ကျဆင်းပျက်စီးလာမှုကိုလည်း ကြုံတွေ့နေရသည်ဟု သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် တောင်သူလယ်သမားအများစုမှာ ဝင်ငွေနိမ့်ကျလာမှုကြောင့် လယ်ယာမြေများကို လက်လွှတ်ခဲ့ရာမှ လယ်မဲ့ယာမဲ့ ဘဝသို့ရောက်ရှိကာ လူမှုစီးပွားဘ၀ အခြေအနေများ ထိခိုက်ခဲ့ရကြောင်း သမ္မတဦးထင်ကျော်က ဆိုသည်။

လူမှုစီးပွားဘဝဟူသည် အဘယ်နည်း။ လူမှုစီးပွားဘဝဟူသည် လူမှုရေးဆိုင်ရာ အပြုအမူများနှင့် စီးပွားရေးတို့အကြား ဆက်နွှယ်ချက်ဖြစ်ပြီး လူမှုရေးစံသတ်မှတ်ချက်များ၊ ကျင့်ဝတ်များနှင့် အခြားလူမှုရေး အတွေးအခေါ်များက လူတို့၏ အပြုအမူအပေါ် သက်ရောက်ပြီး စီးပွားရေးကို ပုံသွင်းပုံကို စစ်ဆေးမှုမှ သိရှိနိုင်သည်။ လူ့အဖွဲ့အစည်း သို့မဟုတ်  စီးပွားရေးတစ်ခုအတွင်း အပြောင်းအလဲများမှ ဖြစ်နိုင်ဖွယ်ရလဒ်များကို စစ်ဆေးရန် သမိုင်း၊ နိုင်ငံရေးနှင့် အခြားလူမှုရေး သိပ္ပံဘာသာရပ်များကို အသုံးပြုနိုင်သည်။ လူမှုစီးပွားဘဝတွင် ၎င်းတို့၏ တတ်နိုင်စွမ်းအပေါ် အခြေခံလျက် အချို့သော လူတန်းစားများအတွက်  မရရှိနိုင်သည့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ရှိနေသည်ကိုလည်း စစ်ဆေးနိုင်သည်။ ယင်းတွင် တိုးတက်သော ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအခွင့်အလမ်းများနှင့် အာဟာရပြည့်ပြည့်၀၀ရရှိ နိုင်စွမ်းတို့အား စစ်ဆေးသုံးသပ်မှု ပါဝင်သည်။ အမှန်တကယ်၌ တစ်ဦးချင်း၏ လူမှုစီးပွားဘဝက ၎င်းတို့၏ ယုံကြည်မှုနှင့် သဘောထားများကို ပုံသွင်းခြင်းဖြစ်သည်။ ယင်းတွင် ၎င်းတို့အတွက် ရရှိနိုင်သော သို့မဟုတ် မရရှိနိုင်သော အခွင့်အလမ်းများနှင့် ပတ်သက်သော စိတ်ကူးများအပြင် သွားသင့်သော ဘဝလမ်းကြောင်းနှင့် ပတ်သက်သည့် ယုံကြည်မှုများ ပါဝင်သည်။

စားနပ်ရိက္ခာဖူလုံမှု၊ အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှု တိုးတက်လာစေရန်၊ တောင်သူလယ်သမားများ၏ အခွင့်အရေးပြည့်ဝစွာ ရရှိခံစားနိုင်စေရန်နှင့် အကျိုးစီးပွားမြင့်မားလာစေရန် လယ်ယာကဏ္ဍတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများတိုးတက်လာစေရေး အားပေးဆောင်ရွက်ရန် စသည့်တို့အပါအဝင် ရည်မှန်းချက် ၁၁ ခုကိုလည်း ချမှတ်ထားကြောင်း သမ္မတ၏သဝဏ်လွှာ၌ ဖော်ပြထားသည်။ လယ်ယာ ထွက်ကုန်သီးနှံများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသည့် စနစ်ဖြစ်သော နိုင်ငံတကာအဆင့်မီ လက်ကားဈေးကွက် (Wholesale Market) များ ပေါ်ပေါက်လာရေးအတွက်လည်း စနစ်တကျ စီမံဆောင် ရွက်နေပြီဖြစ်ကြောင်း သမ္မတဦးထင်ကျော်ကဆိုသည်။ ပြည်ထောင်စု တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ အပါအဝင် နိုင်ငံသားအားလုံး၏ ရေရှည်အမျိုး သားရေးအကျိုးစီးပွားအတွက် ကြုံတွေ့ရင်ဆိုင်ကြရမည့် စိန်ခေါ်မှုများနှင့် အတားအဆီးများ၊ အခက်အခဲမှန်သမျှတို့ကို ကျော်လွှားရန်အတွက် စုပေါင်းညီညာ ကြိုးပမ်းဆောင်ရွက်ကြရန်လည်း နိုင်ငံတော်သမ္မတဦးထင်ကျော်က တိုက်တွန်းပြောကြားထားသည်။

အမှန်တကယ်၌ နိုင်ငံ၏ GDP ရာခိုင်နှုန်း ၃၀ သည် လယ်သမားများထံမှ ရရှိရုံသာမက မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကိုသာ အားပြုနေရဆဲနိုင်ငံ၌ တောင်သူလယ်သမားများသည်  နိုင်ငံ၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး လူတန်းစားတစ်ရပ်လည်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံး အချက်တစ်ရပ်မှာ တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝကို တိုးတက်အောင် မြှင့်တင်ပေးရန်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(မတ်လ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent