ပါဝါတို့၏အကြောင်း

ပါဝါတို့၏အကြောင်း
Published 28 February 2018

လူမှုရေးသိပ္ပံနှင့် နိုင်ငံရေးသိပ္ပံတို့တွင် ပါဝါဟူသည် လူတို့၏အပြုအမူကို သြဇာလွှမ်းမိုးနိုင်သော သို့မဟုတ် တိုက်ရိုက်ထိန်းချုပ်နိုင်သော လုပ်ကိုင်နိုင်စွမ်းဖြစ်သည်။ ပါဝါကို လုပ်ပိုင်ခွင့်အာဏာဟု ခေါ်ဆိုတတ်ကြပြီး လူမှုအဆောက်အအုံတစ်ရပ်က တရားဝင်အပ်နှင်းထားမှုအဖြစ် မှတ်ယူခြင်းဖြစ်သည်။ ပါဝါကို မကောင်းမှု သို့မဟုတ် မတရားမှုအဖြစ် ရှုမြင်နိုင်သော်လည်း ပါဝင်ကျင့်သုံးမှုကို လူသားများအပေါ် တွေ့ရလေ့ရှိသော လူမှုရေးဆိုင်ရာ ဖြစ်တည်မှုတစ်ရပ်အဖြစ် လက်ခံထားသည်။

လူမှုရေးစိတ်ပညာရှင်များဖြစ်သော ဂျွန်အာပီဖရန့်နှင့် ဘာထရမ်ရာဗင်တို့၏ ၁၉၅၉ ခုနှစ်က လေ့လာချက်သည် ပါဝါ၏ရင်းမြစ်များနှင့်ပတ်သက်၍ ပုံကြမ်းတစ်ရပ်ကို ဖွံ့ဖြိုးလာစေခဲ့သည်။ ယင်းပုံကြမ်းဖြင့် သက်ဆိုင်ရာ ဆက်ဆံရေးတစ်ရပ်တွင် ပါဝါ၏အလုပ်ဖြစ်ပုံ သို့မဟုတ် အလုပ်မဖြစ်ပုံကို လေ့လာသုံးသပ်ကြသည်။ ဖရန့်နှင့် ရာဗင်တို့၏ အဆိုအရ အောက်ပါနည်းလမ်းအတိုင်း ပါဝါကို သြဇာလွှမ်းမိုးမှုမှနေ၍ ခွဲခြားနိုင်သည်။ A နှင့် B ဆက်ဆံရေးတွင် A က B အပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းသည့်အခါ B တွင် A ကအလိုရှိသော အပြောင်းအလဲဖြစ်ပေါ်ရန်သာ ပို၍ဖြစ်နိုင်ခြေများသည်။ ဤနည်းအတိုင်းစဉ်းစားပါက ပါဝါဟူသည် ဆက်ဆံရေးပေါ်အခြေခံပြီး A နှင့် B တို့၏ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကျင့်သုံးပုံနှင့်ပတ်သက်သော သက်ဆိုင်ရာနားလည်မှုများပေါ်၌ တည်မှီနေသည်။ B က A တွင်ရှိသော အရည်အသွေးတစ်ရပ်ကို အသိအမှတ်ပြုရန်လိုအပ်ပြီး ယင်းကသာ A ရည်ရွယ်ထားသည့်လမ်းအတိုင်း ပြောင်းလဲအောင် B ကို စေ့ဆော်နိုင်မည်ဖြစ်သည်။ အလိုရှိရာရလဒ် ထွက်ပေါ်လာရန်အတွက် A သည် ၎င်းတို့ဆက်ဆံရေးနှင့် သင့်တော်မည့်အခြေခံတစ်ရပ် သို့မဟုတ် အခြေခံများ ပေါင်းစည်းထားမှုတစ်ရပ်ကို ရေးဆွဲချမှတ်ရမည်ဖြစ်သည်။ ယင်းကဲ့သို့ ပါဝါအခြေခံကို ရေးဆွဲရာ၌ မှားယွင်းပါက ရည်ရွယ်သည့် ရလဒ်မရနိုင်ဘဲ A ၏ ကိုယ်ပိုင်ပါဝါသည်ပင်လျှင် လျော့ကျသွားပေလိမ့်မည်။ ဖရန့်နှင့်ရာဗင်တို့က ယင်းကဲ့သို့သော အရည်အသွေးများနှင့်ပတ်သက်၍ အရေးပါသည့် အမျိုးအစားငါးမျိုးရှိကြောင်း ဖော်ပြခဲ့သည်။

တရားဝင်ပါဝါ - အဖွဲ့အစည်းတစ်ခုအတွင်း ရယူထားသော သက်ဆိုင်ရာရာထူး သို့မဟုတ် တာဝန်ကြောင့်ရရှိထားသည့် ပါဝါဖြစ်ပြီး ရာထူးဆိုင်ရာပါဝါဟုလည်းခေါ်သည်။

ရည်ညွှန်းပါဝါ - လူတစ်ဦးက အခြားသူများကို ဆွဲဆောင်နိုင်/သစ္စာရှိမှု တည်ဆောက်နိုင်သည့် ပါဝါ သို့မဟုတ် လုပ်နိုင်စွမ်းဖြစ်သည်။ ယင်းသည် သြဇာတိက္ကမနှင့် ပြည့်စုံခြင်းပါဝါနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ချင်းအကြား ဆက်ဆံရေးကျွမ်းကျင်ခြင်းတို့အပေါ် အခြေခံသည်။

ကျွမ်းကျင်ပါဝါ - လူတစ်ဦး၏ ကျွမ်းကျင်ပိုင်နိုင်မှုမှ ဆင်းသက်လာသော ပါဝါဖြစ်သည်။ အခြားပါဝါများနှင့်မတူဘဲ ကျွမ်းကျင်ပါဝါသည် သက်ဆိုင်ရာနယ်ပယ်အလိုက် ကန့်သတ်ထားမှုရှိသည်။

ချီးမြှင့်မှုပါဝါ - ယင်းသည် ပါဝါကိုင်စွဲထားသူက တန်ဖိုးရှိသည့် ရုပ်ပိုင်းဆိုင်ရာ ဆုလာဘ်များ ပေးအပ်နိုင်စွမ်းအပေါ်၌ မူတည်နေသည်။ ထိုသူအနေဖြင့် အခြားသူများကို အကျိုးအမြတ်၊ အချိန်၊ အလိုရှိသည့်လက်ဆောင်၊ ရာထူး သို့မဟုတ် ငွေကြေး တိုးမြှင့်ပေးနိုင်မှု အစရှိသော ဆုလာဘ်များပေါ်၌ သူ၏ပါဝါကတည်နေသည်။

အကျပ်ကိုင်ပါဝါ - ယင်းပါဝါသည် မကောင်းသောသြဇာကို အသုံးပြုခြင်းဖြစ်သည်။ ယင်းသည် ရာထူးလျှော့ချနိုင်စွမ်း သို့မဟုတ် အခြားဆုလာဘ်များကိုမပေးဘဲ ထိမ်ချန်ထားနိုင်စွမ်းပေါ်၌ မူတည်နေသည်။ တန်ဖိုးရှိသည့် ဆုလာဘ်များ ရယူလိုသောဆန္ဒ သို့မဟုတ် ယင်းတို့ကိုမပေးဘဲ ထားမည်ကိုစိုးရိမ်မှုကြောင့် တစ်စုံတစ်ဦး၏ပါဝါကို လိုက်နာရခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပါဝါဟူသည် လူသားတို့အကြားတွင်ရှိသည့် ဆက်ဆံရေးများအပေါ်၌သာ အခြေခံထားခြင်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ (၂၈) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent