တပ်မတော်နှင့် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ ဟိုပုံးမြို့နယ် မိုင်းပြင်းတိုက်နယ်တွင် တိုက်ပွဲဖြစ်ပွား

တပ်မတော်နှင့် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ မိုင်းပြင်းတိုက်နယ်တွင် ဇူလိုင် ၁၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ မိုင်းပြင်းတိုက်နယ်နှင့် သုံးမိုင်ခန့်သာ ကွာဝေးပြီး ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းက တောတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှု ရှိကြောင်း RCSS ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဖြစ်ပုံက အဲဒီခွင်တွေက ကျွန်တော်တို့ NCA မထိုးခင်ကတည်းက ကျွန်တော်တို့ ထိန်းချုပ်တဲ့ နယ်မြေပေါ့နော်။ အုပ်ချုပ်ရေး နယ်မြေတွေပေါ့။ အမှန်ဆိုရင် ကျွန်တော်တို့ခွင်ထဲ ၀င်လာမယ်ဆိုရင် ကျွန်တော်တို့ သဘောတူထားတာ ရှိတယ်လေ။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ NCA ထဲမှာလည်း ပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးရုံးတွေကို အရင်ကြိုတင် ညှိနှိုင်း အကြောင်းကြားပြီးမှ ၀င်လာပါ။ အဲဒီလိုရှိတာကို။ အခုဟာက ဘာမှ အကြောင်းမကြားဘူး။ ဗြုန်းစားကြီး ရုတ်တရက်ပေါက်ချလာတော့ အဲဒီမှာတင် ရင်ဆိုင်ထိတွေ့မှုလေးတွေဖြစ်တာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။

ယင်းတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ RCSS အနေဖြင့် ရှမ်းပြည်နယ်တွင် ဖွဲ့စည်းထားသည့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCS) သို့ ဖြေရှင်းပေးရန် အကြောင်းကြားထားကြောင်း သိရသည်။

“ဒီကိစ္စက ကျွန်တော်တို့ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေက ပြတ်နေတဲ့ အနေအထား ရှိတယ်လေ။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ ဆက်ဆံရေးရုံးကနေတစ်ဆင့် အပြန်အလှန် ဆက်သွယ်ကြတယ်။ အခုက နည်းနည်း ခပ်ခွာခွာ ဖြစ်နေတဲ့ အနေအထားမှာ ရှိတယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ ပြန်ပြီးတော့ ညှိနှိုင်းရမယ့် သဘောရှိတယ်။ ကျွန်တော်ထင်တယ်။ သူတို့ကတော့ JMC ရဲ့ Role ကို နည်းနည်းမြှင့်တင်တဲ့ အနေအထား ရှိတာပေါ့နော်။ အခု JMC က JMC-U (ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ)၊ JMC-S (ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ)၊ JMC-L (ဒေသန္တရအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ) ရှိတယ် မဟုတ်လား။ အဲဒီလို အဆင့်သုံးဆင့်ရှိတော့။ ဆက်ဆံရေးရုံးတွေကို သူတို့က အလေးမထား၊ အရေးမပေးလိုတဲ့ အနေအထားမှာ ရှိတယ်။ ဒါကြောင့်ပါ။ JMC ယန္တရားကိုပဲ လည်ပတ်မယ့်သဘောမျိုး။ EAOs (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ) ဆက်ဆံရေးရုံးတွေကို နိမ့်ကျစေလိုတဲ့ သဘောပေါ့ဗျာ။ အဲဒီလိုမြင်တယ်။ အရင်တုန်းက ဘယ်သွားဘယ်လာမယ်ဆိုရင် ဆက်ဆံရေးရုံးကတစ်ဆင့် အဆင်ပြေတယ်။ ဆက်ဆံရေးရုံးက ဌာနချုပ်နဲ့ တိုက်ရိုက်ဆိုတော့ သူက အဆင်ပြေတယ်။ အခု အဲဒီလို မဟုတ်တော့ဘူး။ အသေးအမွှား ပြဿနာ ဖြစ်လာမယ်ဆိုရင် JMC မှာပဲ သွားရှင်းကြပါ။ အဲဒီလို JMC ပဲ လွှဲချနေတော့ ဒီမှာတင် အဆက်အသွယ်တွေက နည်းနည်းခပ်ကင်းကင်း၊ ခပ်ကွာကွာ ဖြစ်သွားမယ့် အနေအထား ရှိတာပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ထို့ပြင် NCA စာချုပ်အရ နှစ်ဖက်တပ်များ လက်နက်ဖြင့် လှုပ်ရှားမှုအား ညှိနှိုင်းဆောင်ရွက်ရန် ပါရှိသော်လည်း အကြောင်းကြားမှု မရှိသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ NCA အရ ဖော်ဆောင်နေသည့် လုပ်ငန်းစဉ် တစ်ခုလုံးအား ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များ ပြန်လည်သုံးသပ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် ကြိုးစားနေရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၁) ကြိမ်မြောက် အစည်းအဝေးတွင် ရှမ်းပြည်နယ်၌ တပ်မတော်နှင့် RCSS/SSA တို့ ထိတွေ့မှု အပါအ၀င် အငြင်းပွားမှု အကြောင်းအရာ နှစ်ခုအား ရှမ်းပြည်နယ် JMC-S မှ စိစစ်အတည်ပြု ရေးဖွဲ့၍ ကွင်းဆင်းစစ်ဆေးရန် လမ်းညွှန်မှု ပေးထားကြောင်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ဆိုသည်။

Writer: 
ကျော်ဇင်ဝင်း