စီးပွားရေးနှင့် နိုင်ငံရေး ဆက်နွှယ်ချက်

သဘောတရားအရ စီးပွားရေးသည် နိုင်ငံရေး မဆန်နိုင်ပေ။ စံပြစီးပွားရေး ပညာရှင်တစ်ဦး အနေဖြင့် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး စွမ်းဆောင်ရည်ကို တိုးတက်အောင် မည်သို့မည်ပုံ ပြုလုပ်ရမည် ဆိုသည်နှင့် ပတ်သက်၍ မျှတသော ဘက်မလိုက်သော အချက်အလက်များနှင့် အကြံပြုချက်များပေးရန် နိုင်ငံရေး ဘက်လိုက်မှုနှင့် နိုင်ငံရေး အာဃာတများကို ရှောင်ရှားရသည်။ ရွေးကောက်တင်မြှောက်ခံ နိုင်ငံရေးသမားများက ယင်းစီးပွားရေး အချက်အလက်များကို ချိန်ဆကာ ဆုံးဖြတ်ရမည် ဖြစ်သည်။ သို့သော် လက်တွေ့၌ စီးပွားရေးနှင့် နိုင်ငံရေးသည် အကြီးအကျယ် ဆက်နွှယ်လျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေး စွမ်းဆောင်မှုသည် အဓိကကျသော နိုင်ငံရေး စစ်မြေပြင်တစ်ရပ် ဖြစ်သောကြောင့်ပင်။ များစွာသော စီးပွားရေး အကြောင်းအရာများသည် သဘောထားထင်မြင်ချက်များ ကွဲလွဲနိုင်သောကြောင့် မဖြစ်မနေ နိုင်ငံရေးဆန်၍ လာသည်။

များစွာသော စီးပွားရေး အကြောင်းအရာများကို နိုင်ငံရေး ယုံကြည်ချက် အမြင်များမှ တစ်ဆင့် ကြည့်တတ်ကြသည်။ ဥပမာအားဖြင့် လူအချို့သည် အစိုးရ၏ ၀င်ရောက်စွက်ဖက်မှုနှင့် ပတ်သက်၍ အလိုအလျောက် ပို၍ မယုံသင်္ကာ ဖြစ်တတ်ကြသည်။ ထို့ကြောင့် ထိုသူများအနေဖြင့် စီးပွားရေး၌ အစိုးရ၏ ၀င်ရောက်စွက်ဖက်မှုကို လျှော့ချရန် ကြိုးပမ်းသည့် စီးပွားရေး မူဝါဒများကို ပိုမို နှစ်သက်ကြသည်။ ကန့်သတ်ထိန်းချုပ်မှု ကင်းလွတ်ခြင်း၊ ပုဂ္ဂလိကပိုင် ဖြစ်ခြင်းနှင့် အခွန်အတုပ် လျှော့ချခြင်းတို့ကို ပို၍ လိုလားကြသည်။ အခြားတစ်ဘက်မှ ကြည့်လျှင် စီးပွားရေး ပညာရှင်များသည် လူ့အဖွဲ့အစည်းအတွင်း ပို၍ ညီမျှမှုရှိရန် လှုံ့ဆော်ခြင်းကို ပိုမိုနှစ်သက်နိုင်ပြီး အစိုးရ၏ ပါဝင်စွက်ဖက်မှု အနေဖြင့် ယင်းကဲ့သို့ ညီမျှရေးဘက်ကို အားပေးရန် ပိုမိုလိုလားကြသည်။

ချမ်းသာသူများအတွက် ၀င်ငွေခွန်လျှော့ချရန် ဆန္ဒရှိခြင်းနှင့် ပတ်သက်၍ ကွဲပြားခြားနားသော စီးပွားရေး ပညာရှင်များကို အကြံပြုချက်များ ရေးခိုင်းပါက ၎င်းတို့၏ မူဝါဒရေးရာ အဆိုပြုချက်များ၌ ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ အကြိုက်ကို တွေ့ရှိရနိုင်သည်။ အခွန်အတုပ် လျှော့ချခြင်း၏ အကျိုးကျေးဇူးများကို ထောက်ခံရန် သက်သေအထောက်အထားများ ရှာဖွေသလား သို့မဟုတ် အခွန်တိုးမြှင့် ကောက်ခံခြင်း၏ အကျိုးကျေးဇူးများကို ထောက်ခံရန် အထောက်အထားများ ရှာဖွေသလား ဟူသည်ကို ကြည့်၍ ၎င်းတို့၏ နိုင်ငံရေး ယုံကြည်ချက်ကို သိနိုင်သည်။

စီးပွားရေး ပညာရှင်အချို့သည် အလွန်စေ့စပ် သေချာစွာဖြင့် နိုင်ငံရေးအရ ကြားနေဖြစ်အောင်နှင့် နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှု မရှိအောင် ရပ်တည်နိုင်သော်လည်း ယင်းကဲ့သို့သော ပညာရှင်မျိုး ရှားပါးလှမည်ဖြစ်သည်။ ယင်းကဲ့သို့ သမာသမတ်ကျသော စီးပွားရေး ပညာရှင်များသည် ၎င်းတို့၏ ရှိရင်းစွဲ နိုင်ငံရေး အမြင်များကို ဆန့်ကျင်စိန်ခေါ်လျက် အကြံပြုစာတမ်း ရေးသားရနိုင်သည်။ ထိုသူတို့သည် ၎င်းတို့၏ အကြိုက်များကို ဘေးဖယ်ထားလျက် နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်ရည် တိုးတက်ရေးဟူသည့် အပေါ်၌သာ အာရုံပြုထားရမည်ဖြစ်သည်။ သို့သော် နိုင်ငံရေးသမားများ အနေဖြင့် ၎င်းတို့၏ နိုင်ငံရေး အမြင်ကို ကျောထောက်နောက်ခံပြုပေးမည့် စီးပွားရေး ပညာရှင်မျိုးနှင့် စီးပွားရေး သုတေသနမျိုးကို အသုံးပြုနိုင်သည်။ မည်သည့်စီးပွားရေး ပညာရှင်မဆို နိုင်ငံရေးဆိုင်ရာ စမ်းသပ်ချက်အတွက် ၎င်းတို့၏ စီးပွားရေးဆိုင်ရာ အဆိုပြုချက်သည် သဘောတရားရေးရာအရ တရားမျှတမှုရှိကြောင်း သက်သေပြနိုင်သည်သာ ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ စီးပွားရေး မူဝါဒများ ချမှတ်ရာတွင် နိုင်ငံ၏ ပကတိ အခြေအနေရပ်များ အပေါ်၌သာ အခြေခံရမည်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှုများ ကင်းရှင်းရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင်လ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)