အရှေ့တောင်အာရှဒေသတွင်း၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

အရပ်ဘက် လူ့အဖွဲ့အစည်းတစ်ရပ်လုံးနှင့် ယင်းအရပ်ဘက်အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်ပေးရန် ထူထောင်ထားသော စစ်ဘက်အဖွဲ့အစည်းတို့အကြား ဆက်ဆံရေးကိုဖော်ပြရန် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (CMR) ဟု သုံးနှုန်းသည်။ ယင်း ဝေါဟာရကိုပင် ပိုမိုကျဉ်းမြောင်းစွာ သုံးနှုန်းသည့်အခါ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ်၏ အရပ်ဘက်အာဏာပိုင်များနှင့် ယင်းလူ့အဖွဲ့အစည်း၏ စစ်ဘက်အာဏာပိုင်များအကြား ဆက်ဆံရေးကို ဆိုလိုသည်။ CMR ကို လေ့လာရာတွင် အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်ခြင်းက စစ်ဘက်က နိုင်ငံတော်ကို ထိန်းချုပ်ခြင်းထက် ပိုမိုနှစ်သက်ဖွယ်ဖြစ်သည်ဟူသော ယူဆချက်တစ်ရပ်အပေါ် စံထားတတ်ကြသည်။ သို့သော် အဓိကကျသော လက်တွေ့ပြဿနာမှာ အရပ်ဘက်က စစ်ဘက်အပေါ် ထိန်းချုပ်မှုကို ထူထောင်ပုံနှင့် ထိန်းသိမ်းပုံအား ရှင်းပြရန် ဖြစ်သည်။

CMR သည် နိုင်ငံရေးသိပံ္ပနှင့် လူမှုဗေဒတို့အပြင် ဥပဒေ၊ ဒဿနိကဗေဒ၊ နယ်ပယ်အလိုက် လေ့လာချက်များ၊ စိတ်ပညာ၊ ယဉ်ကျေးမှုဆိုင်ရာ လေ့လာချက်များ၊ မနုဿဗေဒ၊ စီးပွားရေးပညာ၊ သမိုင်း၊ သံတမန်သမိုင်း၊ ဂျာနယ်လစ်ဇင်နှင့် စစ်ပညာတို့ကဲ့သို့သော အတိုင်းအတာ ကျယ်ပြောလှသည့် နယ်ပယ်များမှနေ၍ ကောက်ချက်ထုတ်ယူထားခြင်း ဖြစ်သည်။ CMR တွင် အရပ်ဘက်၏ စစ်ဘက်အပေါ် ထိန်းချုပ်မှု၊ စစ်ဘက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်လစ်ဇင်၊ စစ်ပွဲ၊ အရပ်ဘက်-စစ်ဘက် လုပ်ငန်းဆောင်ရွက်မှုများ၊ စစ်ဘက်အင်စတီ ကျူးရှင်းများနှင့် အခြားသက်ဆိုင်ရာ အကြောင်းအရာများ အစရှိသည်တို့ပါဝင်ပြီး အကန့်အသတ်မဲ့စွာ ကျယ်ပြောလှသော အကြောင်းအရာများနှင့်ပတ်သက်၍ လေ့လာချက်များနှင့် ဆွေးနွေးချက်များ ပါဝင်သည်။ နိုင်ငံတကာအတိုင်းအတာအရ CMR တွင် ကမ္ဘာတစ်လွှားမှ ဆွေးနွေးချက်များနှင့် သုတေသနများ ပါဝင်သည်။ သဘောတရားရေးရာ ဆွေးနွေးမှုများတွင် နိုင်ငံအဖြစ် သတ်မှတ်ခြင်းမခံရသည့် နယ်မြေများသာမကပို၍ အစဉ်အလာ သဘောဆောင်သော နိုင်ငံအဖြစ် သတ်မှတ်ထားသည်များလည်း ပါဝင်နိုင်သည်။ CMR ဆိုင်ရာ အခြားသုတေသနများတွင် စစ်ဘက်၏ နိုင်ငံရေးသဘောထား၊ မဲပေးခြင်း အပြုအမူ၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုနှင့် အပြန်အလှန် ဆက်ဆံမှုတို့အပြင် စစ်ဘက်မိသားစုများ အစရှိသည်တို့၏ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်သော အသိအမြင်များ ပါဝင်သည်။

အရှေ့တောင်အာရှ၏ CMR သည် နိုင်ငံအလိုက် ကွဲပြားခြားနားမှုရှိသော်လည်း နိုင်ငံများ၏ အရပ်ဘက်ကဏ္ဍများစွာ၌ စစ်ဘက်၏ လွှမ်းမိုးထိန်းချုပ်မှုက ပင်မအကြောင်းအရာအဖြစ် အမြဲမပြတ်ပါဝင်နေသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ ကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများစွာတွင် စစ်ဘက်သည် နိုင်ငံ၏ စီးပွားရေးကိစ္စများ၌ ၎င်းင်းတို့၏ သြဇာလွှမ်းမိုးလျက်ရှိသည်ကို တွေ့ရှိရသည်။ အင်ဒိုနီးရှားနှင့် ထိုင်းတွင် စစ်ဘက်အရာရှိဟောင်းများက အရေးပါသည့် ကော်ပိုရေးရှင်းများနှင့် လုပ်ငန်းများကို ဦးစီးလုပ်ကိုင်နေသည်။ အကျယ်ပြန့်ဆုံး ရှုမြင်မှု၌ စစ်ဘက်၏ အမိန့်အာဏာများက အရပ်ဘက် အုပ်ချုပ်ရေးနှင့် ဆက်နွှယ်နေပုံ (အထူးသဖြင့် ကွဲပြားခြားနားသော အရှေ့တောင်အာရှနိုင်ငံများတွင် စစ်ဘက်က တစ်ချက်လွှတ်အာဏာကို ပိုင်ဆိုင်ထားနိုင်ခြေရှိပုံ) တို့သည် CMR ကို လေ့လာရမည့် နယ်ပယ်များဖြစ်သည်။ အရှေ့တောင်အာရှတွင် နိုင်ငံအသီးသီး၌ ကွဲပြားခြားနားသော အုပ်ချုပ်မှုပုံစံများနှင့် စစ်ဘက်ထိန်းချုပ်မှုတို့ရှိကြသည်။ ဗီယက်နမ်၊ စင်ကာပူနှင့် မလေးရှားတို့တွင် အရပ်ဘက်ထိန်းချုပ်မှုက အထိုက်အလျောက်ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများအနက် (စစ်ဘက်အစိုးရများလက်ထက်) မြန်မာနိုင်ငံသည် လုံးဝကွဲပြားခြားနားသော နမူနာတစ်ရပ်ဖြစ်ပြီး စစ်ဘက်က လုံးဝနီးပါး ထိန်းချုပ်ထားခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ပို၍အလယ်အလတ်ကျသော သဘောထားရှိခဲ့ပြီး နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေတည်လျက် CMR မှာ အတိုင်းအတာတစ်ခုအထိ ကောင်းမွန်ခဲ့သည်။

အချို့သော ပညာရှင်တို့က စစ်ဘက်နှင့် စီးပွားရေးအကြား ဆက်ဆံရေးကို ဆန့်ကျင်ပြီး ယင်းနှစ်ခု သီးခြားစီ တည်ရှိရန် လိုလားကြသည်။ သူတို့က စစ်ဘက်အနေဖြင့် စီးပွားရေးကို ထိန်းချုပ်မှုသည် အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်း စဉ်တို့ကို လုံးဝအဟန့်အတားဖြစ်စေသည်ဟု ရှုမြင်ကြသည်။ အရှေ့တောင်အာရှ ဒေသတွင်း၌ ဒီမိုကရေစီစနစ်ကို အခြေခိုင်အောင် ပြုလုပ်နေသော်လည်း စဉ်ဆက်မပြတ် သို့မဟုတ် စိတ်ပါလက်ပါ ပြုလုပ်သည်ဟု သတ်မှတ်ရန် လုံလောက်မှုမရှိဟု ဆိုကြသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၌ စစ်ဘက်၏ အာဏာသက်ရောက်ပုံ အတိုင်းအတာသည် ကဏ္ဍများစွာ ချဲ့ထွင်ကြည့်ရလောက်အောင်ဖြစ်စေပြီး စစ်ဘက်ပုဂ္ဂိုလ်များက ၎င်းင်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် တစ်ဦးချင်းအဆင့်မှသည် တစ်စုံတစ်ရာကြီးမားသော ကော်ပိုရေးရှင်းအဆင့်အထိ ထိန်းချုပ်လာပုံကို လေ့လာစေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဒေသတွင်းတစ်ခု၏ အနေအထားနှင့် အလားအလာများကို ရှုမြင်သုံးသပ်ရာတွင် CMR သည် မဖြစ်မနေ လေ့လာရမည့် အကြောင်းအရာ တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇူလိုင် ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)