ဒီမိုကရေစီ၏ စံတန်ဖိုးများ သို့မဟုတ် လွတ်လပ်မှုနှင့် တန်းတူညီမျှမှု

ဒီမိုကရေစီ၏ စံတန်ဖိုးများ သို့မဟုတ် လွတ်လပ်မှုနှင့် တန်းတူညီမျှမှု
Published 21 February 2018

လွတ်လပ်မှုနှင့် တန်းတူညီမျှမှုဟူသည့် စကားလုံးနှစ်လုံးသည် ဒီမိုကရေစီနိုင်ငံရေးစနစ်များ၏ အခြေခံစံတန်ဖိုးများကို ကိုယ်စားပြုသည်။ သက်ဦးဆံပိုင်စနစ်နှင့် အာဏာရှင်စနစ်များဖြင့် အုပ်ချုပ်ခြင်း၌ ငြိမ်းချမ်းရေးနှင့် အမိန့်အာဏာကို ထိန်းသိမ်းနိုင်လေ့ရှိသော်လည်း လူသားတို့၏ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုများကို စတေးလိုက်ရသည်။ သို့သော် ဒီမိုကရေစီစံတန်ဖိုးများက လွတ်လပ်မှုကို ထိန်းသိမ်းထားလျက်က အစီအစဉ်ကျသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ရှိနိုင်သည်ဟူသည့် ယုံကြည်ချက်ကို အထောက်အပံ့ပြုထားသည်။ သို့သော် အစီအစဉ်ကျနအောင်ပြုခြင်း (အမိန့်အာဏာထိန်းသိမ်းခြင်း) နှင့် လွတ်လပ်မှုတို့ကို မျှတအောင် ချိန်ညှိရမည်ဖြစ်သည်။

လူတိုင်းလူတိုင်း မိမိကြိုက်နှစ်သက်ရာကို အပြည့်အ၀ လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို စဉ်စားကြည့်ရန်လိုသည်။ ဗရုတ်ဗရက် အနေအထားတစ်ရပ်သို့မရောက်မီ အချိန်မည်မျှကြာမည်နည်း။ လူသားများ ဆက်လက်အသက်ရှင်မည်ဆိုပါက အမိန့်အာဏာထိန်းသိမ်းရန်အတွက် လွတ်လပ်ခွင့်အချို့ဆုံးရှုံးရန် မဖြစ်မနေလိုအပ်လာမည်ဖြစ်သည်။ သို့သော် အမိန့်အာဏာထိန်းသိမ်းမှုကို မည်မျှထိပြုလုပ်နိုင်မည်နည်း။ မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီနိုင်ငံများသည် တစ်ဦးချင်းဆိုင်ရာ လွတ်လပ်မှုများကိုမြတ်နိုးပြီး ဥပဒေများဟူသည် ဖိနှိပ်ရန်မဟုတ်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ယင်းလွတ်လပ်မှုအတွက် အမိန့်အာဏာအချို့ကိုလည်း လျှော့ပေါ့ရမည်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံများတွင် အမိန့်အာဏာထိန်းသိမ်းမှုနှင့် လွတ်လပ်မှုတို့အကြား မျှတအောင် ထိန်းညှိမှုရှိသည်။

ဒီမိုကရေစီလူ့အဖွဲ့အစည်းများတွင် လွတ်လပ်မှုနှင့် တန်းတူညီမျှမှုကို အာမခံနိုင်ရန် အခြားထိန်းညှိမှုအမျိုးအစားတစ်ရပ်လည်း ရှိသေးသည်။ အပြည့်အဝလွတ်လပ်မှုသည် ယုတ္တိဗေဒအရ မညီမျှခြင်းဆီသို့ ဦးတည်သွားနိုင်သည်။ ပို၍အားကြီးသော သို့မဟုတ် ပို၍ပြင်းပြသောလူများက ကုန်ပစ္စည်းများ သို့မဟုတ် ပိုင်ဆိုင်မှုများကို အခြားသူများထက် ပို၍ရယူကြပေလိမ့်မည်။ တစ်စုံတစ်ဦးက အခြားသူများကို လွှမ်းမိုးသွားနိုင်သည်။ ထို့ကြောင့် အခြားသူတို့၏လွတ်လပ်မှုကို အကြီးအကျယ် ထိန်းချုပ်ကန့်သတ်သော တစ်ဦးချင်း၏ ရယူနိုင်စွမ်းပါဝါရှေ့၌ ခိုင်ခိုင်မာမာ စည်းချထားရမည်ဖြစ်သည်။

အစိုးရများအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများအတွက် တန်းတူညီမျှမှုကို တစ်စုံတစ်ရာအတိုင်းအတာအထိ ထိန်းသိမ်းထားရေး၌ ကူညီရမည်ဖြစ်သည်။ သို့သော် တန်းတူညီမျှမှုကို အလွန်အမင်း အထူးပြုလွန်းလျှင်လည်း နိုင်ငံသားတို့၏ လွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်သည်။ ဥပမာအားဖြင့် အစိုးရများအနေဖြင့် ဆင်းရဲသူများထက် ချမ်းသာသူများကို အခွန်ပို၍ကောက်ခြင်းဖြင့် တန်းတူညီမျှမှုကို ထိန်းသိမ်းပေးရမည်ဖြစ်သော်လည်း လူတစ်ဦးချင်းစီအတွက် စီးပွားရေးအောင်မြင်အောင် ကြိုးပမ်းကြသည့် လွတ်လပ်မှုအား ကန့်သတ်ထိန်းချုပ်ရန်မသင့်ပေ။

မည်သို့ပင်ဆိုစေကာမူ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုအကြားရှိ မျှခြေကို ချိန်ညှိရန်ကိစ္စသည် ဒီမိုကရေစီအစိုးရများအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ (၂၁) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent