ခေါင်းဆောင်မှု သဘောတရား

ခေါင်းဆောင်မှု သဘောတရား
Published 18 February 2018

ခေါင်းဆောင်ကောင်းများအဖြစ် မွေးဖွားလာခြင်း မဟုတ်ပါ။ ခေါင်းဆောင်ကောင်းဖြစ်ရန် လုပ်ယူရခြင်းဖြစ်သည်။ စိတ်ဆန္ဒနှင့် စိတ်စွမ်းအား ရှိသူသည် ထိရောက်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည်။ မိမိဘာသာ လေ့လာခြင်း၊ ပညာယူခြင်း၊ သင်တန်းတက်ခြင်းနှင့် အတွေ့အကြုံများ ရယူခြင်း အစရှိသော မဆုံးနိုင်သည့် လုပ်ငန်းစဉ်တစ်လျှောက် ဖြတ်သန်းကာ ခေါင်းဆောင်ကောင်းများ ဖွံ့ဖြိုးလာကြသည်။ မိမိ ဦးဆောင်ရသူများကို အဖွဲ့လိုက် လုပ်ဆောင်မှုနှင့် ပတ်သက်၍ အဆင့်မြင့်လာစေလိုပါက မိမိအနေဖြင့် ရှိရမည့်၊ သိရမည့်၊ လုပ်ရမည့် အချို့သောအရာများ ရှိသည်။ ယင်းတို့သည် သဘာဝအတိုင်း ရောက်ရှိလာကြသည် မဟုတ်၊ အဆက်မပြတ် လုပ်ဆောင်ခြင်းနှင့် လေ့လာခြင်းတို့မှ လာသည်။ ခေါင်းဆောင်ကောင်းများသည် အဆက်မပြတ် လုပ်ဆောင်နေရမည် ဖြစ်သကဲ့သို့ မိမိတို့၏ ခေါင်းဆောင်မှု အရည်အသွေးများ တိုးတက်လာအောင် လေ့လာသင်ယူနေရမည် ဖြစ်သည်။ ခေါင်းဆောင်ကောင်းများဟူသည် အတိတ်က အောင်မြင်မှုများအပေါ်၌သာ တည်မှီနေလေ့ မရှိပါ။ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ စည်းမျဉ်းအချို့ ရှိသည်။

မိမိကိုယ်ကိုယ် သိရှိခြင်းနှင့် မိမိဘာသာ တိုးတက်အောင် ကြိုးပမ်းခြင်း - မိမိကိုယ်ကိုယ် သိရှိစေရန်အတွက် မိမိအနေဖြင့် “ဘာရှိသည်၊ ဘာသိသည်၊ ဘာလုပ်သည်” တို့ကို နားလည်ရမည် ဖြစ်သည်။ မိမိဘာသာ တိုးတက်အောင် ကြိုးပမ်းခြင်းဟူသည် မိမိ၏ ပင်ကိုယ်အရည်အချင်းများကို အဆက်မပြတ် အားကောင်းအောင် ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းကို မိမိဘာသာ လေ့လာသင်ယူခြင်း၊ ပုံစံတကျ အတန်းများကို တက်ခြင်း၊ တုံ့ပြန်မှုကို လေ့လာခြင်းနှင့် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံခြင်းတို့အားဖြင့် ရယူ ထူထောင်နိုင်သည်။

လုပ်ငန်း သဘောသဘာဝအရ ပြည့်စုံကျွမ်းကျင်မှု ရှိခြင်း - ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏ အလုပ်ကို သိရှိရမည် ဖြစ်ပြီး မိမိ လက်အောက်ဝန်ထမ်းများ၏ လုပ်ငန်း တာဝန်များနှင့်လည်း ပြည့်ပြည့်စုံစုံ အကျွမ်းတဝင် ရှိရမည် ဖြစ်သည်။

မိမိ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တာဝန်ယူမှုကို ရှာဖွေခြင်းနှင့် တာဝန်ယူခြင်း - မိမိ၏ အဖွဲ့အစည်းကို ထပ်မံ မြင့်တက်လာအောင် လမ်းညွှန်နိုင်မည့် နည်းလမ်းများကို ရှာဖွေရမည်။ မှားယွင်းသည့်အရာများ ရှိလာသည့်အခါ အခြားသူများကို အပြစ်တင်ခြင်း မပြုပါနှင့်။ အနေအထားကို သုံးသပ်လျက် ပြင်ဆင်သည့် လုပ်ရပ်များကို တာဝန်ယူပြီးနောက် ထပ်စိန်ခေါ်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။

သင့်တော်သော အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း - ကောင်းမွန်သော ပြဿနာဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် အစီအစဉ်ချခြင်းတို့ကို အသုံးပြုပါ။ မိမိကိုယ်တိုင်သည် နမူနာကောင်း ဖြစ်ပါစေ။ မိမိလက်အောက် ဝန်ထမ်းများအတွက် ကောင်းမွန်သည့် ရိုးမော်ဒယ် ဖြစ်ပါစေ။

မိမိ၏ လက်အောက်ဝန်ထမ်းများအကြောင်း သိရှိပြီး ၎င်းတို့၏ လူမှုဖူလုံရေးကို ဂရုပြုခြင်း- လူတို့၏ သဘောသဘာဝကို သိရှိပြီး မိမိ၏ ဝန်ထမ်းများကို သစ္စာရှိစွာ စောင့်ရှောက်ခြင်းသည် အရေးကြီး၏။

မိမိ၏ လက်အောက်ဝန်ထမ်းများကို အသိပေးခြင်း - မိမိ၏ လက်အောက်ဝန်ထမ်းများကို သာမက အထက်၌ ရှိသူများ၊ အခြား အဓိကကျသော ပုဂ္ဂိုလ်များနှင့် မည်သို့မည်ပုံ ဆက်ဆံရမည်ကို သိရှိရမည်။

မိမိလက်အောက် ဝန်ထမ်းများအကြား၌ တာဝန်ယူတတ်သောအသိစိတ် ဖွံ့ဖြိုးလာအောင် ပြုလုပ်ခြင်း - ၎င်းတို့၏ လုပ်ငန်းဆိုင်ရာ တာဝန်ယူမှုများအတိုင်း ဆောင်ရွက်ရာ၌ ကောင်းမွန်သော စရိုက်လက္ခဏာများ ဖွံ့ဖြိုးလာအောင် ကူညီရမည်။

လုပ်ငန်းတာဝန်များကို နားလည်ကြောင်း၊ ကြီးကြပ်နိုင်ကြောင်းနှင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြောင်း သေချာခြင်း - ယင်းတာဝန်အတွက် အဓိကအချက်မှာ ဆက်ဆံရေး ဖြစ်သည်။

အသင်းတစ်သင်းအဖြစ် လေ့ကျင့်ပေးခြင်း - မည်သည့် အဖွဲ့အစည်းတစ်ရပ်မဆို အမှန်တကယ်၌ အသင်းတစ်သင်း မဟုတ်ဘဲ ကိုယ့်အလုပ် ကိုယ်လုပ်နေသော လူအုပ်စုတစ်စုသာ ဖြစ်သောကြောင့် အသင်းတစ်သင်းကဲ့သို့ လေ့ကျင့်ပေးရန် လိုသည်။

မိမိအဖွဲ့အစည်း၏ စွမ်းဆောင်ရည် အပြည့်အဝကို အသုံးပြုခြင်း - အသင်းစိတ် ဖွံ့ဖြိုးလာအောင် ပြုလုပ်ခြင်းဖြင့် မိမိအဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးပြုနိုင်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အဘက်ဘက်က ချွတ်ခြုံကျလျက်ရှိသော နိုင်ငံတစ်နိုင်ငံအား ပြန်လည်ထူထောင်ရေးအတွက် မိမိကိုယ်မိမိ ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် အဆက်မပြတ် ပျိုးထောင်ကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent