ငွေကြေးများနှင့် ပျော်ရွှင်မှု

ငွေကြေးများနှင့် ပျော်ရွှင်မှု
Published 16 February 2018

စစ်တမ်းများအရ ငွေကြေးများသည် ပျော်ရွှင်မှုကို အမှန်တကယ် ဝယ်ယူနိုင်သည်ဟု ဆိုသည်။ သို့သော် အများက ထင်ထားကြသကဲ့သို့ ငွေကြေးအမြောက်အမြား လိုအပ်သည်ကား မဟုတ်ပေ။ Nature Human Behavior ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကျယ်ပြန့်သော သုံးသပ်ချက်တစ်ရပ်သည် နိုင်ငံပေါင်း ၁၆၄ နိုင်ငံမှ လူပေါင်း ၁ ဒသမ ၇ သန်းကျော်ကို ကောက်ယူထားသည့် Gallup World Poll ၏ အချက်အလက်များကို အသုံးပြုခဲ့သည်။ ယင်းတွင် တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀,၀၀၀ နှင့် ၇၅,၀၀၀ အကြား ရရှိသူများ၏ စိတ်ပိုင်းဆိုင်ရာအရ ချမ်းသာမှုနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့သည်။ ယင်းစစ်တမ်းကို ယခင်သုတေသနမှ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၇၅,၀၀၀ ရရှိသူများသည် အပျော်ရွှင်ဆုံးလူများဖြစ်ကြောင်း တွေ့ရှိချက်နှင့် နှိုင်းယှဉ်ခဲ့သည်။ သို့သော် တစ်နေ့ပြီးတစ်နေ့နှင့် ပတ်သက်၍ ကောင်းမွန်သော စိတ်ခံစားချက်များအတွက် ယင်းသည် နှစ်သက်ဖွယ်ဖြစ်သော်လည်း ဒေါ်လာ ၉၅,၀၀၀ သည် ဘဝနေထိုင်မှုဆိုင်ရာ တန်ဖိုးများအတွက် အကောင်းဆုံး အနေအထားဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းတွင် ရေရှည်မျှော်မှန်းချက်များ၊ အဆင့်အတန်း အရည်အချင်းတူသူများအကြား နှိုင်းယှဉ်ချက်များနှင့် အခြားမက်ခရိုအဆင့် တိုင်းတာချက်များကို ထည့်သွင်းတွက်ချက်ထားသည်။

Purdue တက္ကသိုလ်မှ သုတေသနပြုသူများကလည်း ဖြစ်နိုင်သမျှ ဝင်ငွေများလေလေ ပျော်ရွှင်မှုအတွက် အထောက်အကူပြုလေလေဟု တွေ့ရှိခဲ့သည်။ သို့သော် ဒေါ်လာ ၉၅,၀၀၀ အဆင့်ကို ကျော်လွန်သွားပြီးသည့်အခါ စိတ်ချမ်းသာမှုနှင့် ဘဝအပေါ် ကျေနပ်မှုများ ကျဆင်းလာကြောင်း တွေ့ရှိခဲ့သည်။ ယင်းမှာ နေ့စဉ် သက်သောင့်သက်သာရှိမှုနှင့် အလိုရှိသည်များကို ဝယ်ယူနိုင်မှုအတွက် လိုအပ်သောအမှတ်ကို ကျော်လွန်သွားအောင် ချမ်းသာခြင်းက ကျန်းမာရေးကို ထိခိုက်စေသည့် ဂုဏ်တုဂုဏ်ပြိုင် ပြုလုပ်မှုများနှင့် မဖြည့်ဆည်းနိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများနောက်သို့ လိုက်လိုခြင်းများဆီသို့ ဦးတည်သွားစေသောကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။ သို့သော် တွေ့ရှိချက်များက ဝင်ငွေအလွန်မြင့်မားခြင်းသည် လူတစ်ဦးချင်းအလိုက် ကျေနပ်မှုများဆီသို့ ဦးတည်သွားလိမ့်မည် မဟုတ်ကြောင်း မဆိုလိုဟု ဆိုသည်။ သုတေသနပြုသူများ၏ အဆိုအရ တစ်နှစ်လျှင် ဝင်ငွေ ဒေါ်လာ ၂၀၀,၀၀၀ ရှိသည့်အုပ်စုသည် ၇၅,၀၀၀ ရှိသည့်အုပ်စုထက် ပို၍ပျော်ရွှင်နိုင်ဖွယ်မရှိဟု ထောက်ပြကြသည်။

လေ့လာချက်အသစ်တွင် သုတေသနပြုသူများက ၎င်းတို့၏ ခန့်မှန်းမှုများသည် အထူးသဖြင့် တစ်ဦးချင်းအလိုက် ရယူထားခြင်းဖြစ်ပြီး မိသားစုအလိုက် အကောင်းဆုံးဝင်ငွေမှာမူ ပိုမိုမြင့်မားဖွယ်ရှိသည်ဟုဆိုသည်။ ၎င်းအပြင် ၎င်းတို့၏ လေ့လာချက်သည် တစ်ကမ္ဘာလုံးကို ခြုံလျက် ခန့်မှန်းချက်များဖြစ်သောကြောင့် ကမ္ဘာ့နေရာအသီးသီးအလိုက်၊ ကျေးလက်နှင့် မြို့ပြကွာခြားမှုအလိုက်၊ နိုင်ငံအလိုက် အကြီးအကျယ် ကွဲပြားခြားနားနိုင်သည်ဟု ဆိုသည်။ အနောက်ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျ၊ နယူးဇီလန်၊ အရှေ့အာရှနှင့် အရှေ့အလယ်ပိုင်းဒေသကဲ့သို့သော အချို့ဒေသများသည် ဘဝတန်ဖိုးနှင့် စိတ်ချမ်းသာမှု နှစ်ရပ်စလုံးအတွက် ငွေကြေးဆိုင်ရာ သတ်မှတ်ချက် ပိုမိုမြင့်မားပြီး အရှေ့ဥရောပ၊ အရှေ့တောင်အာရှ၊ လက်တင်အမေရိကနှင့် ဆာဟာရအောက်ပိုင်း အာဖရိကဒေသတို့သည် ကမ္ဘာ့သတ်မှတ်ချက်ထက် ပိုမိုနိမ့်ပါးသည်ဟု ဆိုသည်။ ဘဝတန်ဖိုးအတွက် အကောင်းဆုံးဝင်ငွေသည် လက်တင်အမေရိကတွင် ဒေါ်လာ ၃၅,၀၀၀ မှသည် သြစတြေးလျနှင့် နယူးဇီလန်၌ ၁၂၅,၀၀၀ ဖြစ်သည်အထိ ကွာခြားနိုင်သည်ဟု ဆိုသည်။

မြောက်အမေရိကတွင် ဘဝတန်ဖိုးအတွက် အကောင်းဆုံးဝင်ငွေသည် ခန့်မှန်းခြေ ဒေါ်လာ ၁၀၅,၀၀၀ ဖြစ်ပြီး စိတ်ချမ်းသာမှုအတွက် ဝင်ငွေသည် ၆၅,၀၀၀ နှင့် ၉၅,၀၀၀ အကြားဟု သတ်မှတ်ထားသည်။ သုတေသနပြုမှုများတွင် အမျိုးသမီးများနှင့် အမျိုးသားများအကြား ကွာခြားချက်ဟူ၍ သီးခြားလေ့လာထားမှုမရှိပေ။ သို့သော် ပညာရေး အဆင့်အတန်းသည် အကောင်းဆုံးဟု ယူဆနိုင်သည့် ဝင်ငွေပမာဏအပေါ် သက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ ပညာရေးမြင့်မားသူများသည် စိတ်ကျေနပ်မှုအတွက် ဝင်ငွေပမာဏ များစွာပို၍ မြင့်မားပြီး ယင်းသည် မျှော်လင့်ချက်ပိုမိုကြီးမားမှုကြောင့်နှင့် ဂုဏ်တုဂုဏ်ပြိုင်ကိစ္စကို ပိုမိုစိတ်ဝင်စားမှုကြောင့် ဖြစ်နိုင်သည်ဟုဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ဘဝ၌ ပျော်ရွှင်မှုရရှိရန် ထိုက်သင့်သော ဝင်ငွေပမာဏ လိုအပ်သော်လည်း ‘ရလေ လိုလေ’ ဟူသော လောဘစိတ်မျိုးထားရှိပါက ငွေကြေးတို့သည် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်တော့မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent