<

ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး

ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ် လိုအပ်သည်။ ပြည်သူများ အနေဖြင့် မိမိတို့၏ ဆန္ဒသဘောထားများကို ဖော်ထုတ်ပြသရာ၌လည်းကောင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ကျင့်သုံးရာ၌လည်းကောင်း ဥပဒေမှတစ်ဆင့်သာ ဖြစ်ရမည်။ အစိုးရအဖွဲ့ဟူသည် ဥပဒေဖြင့် ဖွဲ့စည်းထားခြင်းသာဖြစ်ပြီး လူများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ပေ။ ဒီမိုကရေစီ သဘောထားစည်းမျဉ်းများအောက်၌ ချမ်းသာသူဖြစ်စေ၊ အာဏာရှိသူဖြစ်စေ ဥပဒေ၏အထက်၌ မရှိပေ။ အစိုးရကိုယ်နှိုက်သည်ပင်လျှင် ဥပဒေကို ဆန့်ကျင်လျက် ထင်ရာစိုင်းခွင့်မရှိပေ။ ကောင်းမွန်သော ဒီမိုကရေစီအုပ်ချုပ်ရေးဟူသည် အခြေခံသဘောအရပင် တရားဥပဒေစိုးမိုးရေးနှင့် ယှဉ်တွဲလျက်လာသည်။

လူများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ဥပဒေကိုလိုက်နာသော အလေ့အထရှိရန် တရားဥပဒေစိုးမိုးရေးက တောင်းဆိုသည်။ တရားဥပဒေစိုးမိုးရေးသည် အစိုးရ၏ လုပ်ရပ်များအား ဥပဒေက ပြဋ္ဌာန်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်အကန့်အသတ်များ အတွင်း၌ရှိရန် တောင်းဆိုသည်။ တရားဥပဒေစိုးမိုးမှုမရှိပါက မင်းမဲ့စရိုက်များဖြင့် ပရမ်းပတာ အနေအထားသို့ ကျရောက်သွားမည်ဖြစ်သည်။ လူများအနေဖြင့် တရားဥပဒေကို လိုက်နာခြင်းမရှိပါက၊ အစိုးရအဖွဲ့များအနေဖြင့် လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်လျက် ထင်ရာစိုင်းပါက နိုင်ငံသည် ပရမ်းပတာ အနေအထားသို့ ကျရောက်သွားမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးကို ပို၍ခိုင်မာစွာ အဓိပ္ပာယ်ဖွင့်ဆိုပါက ငြိမ်းချမ်းရေးနှင့် အမိန့်အာဏာထိန်းသိမ်းခြင်း၊ ခြစားမှုကင်းစင်ခြင်း၊ ဘက်မလိုက်သည့် ထိရောက်သော တရားရေးစနစ်ရှိခြင်း၊ လူ့အခွင့်အရေးများကို လိုက်နာကာ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရှင်းလင်းသော လူသိရှင်ကြား ထုတ်ပြန်ထားသော တည်ငြိမ်၍ မှန်ကန်သော ဥပဒေများရှိခြင်းဟု အဓိပ္ပာယ်ရသည်။

တရားဥပဒေက မြှင့်တင်ရန် ကြိုးစားသောအရာသည် တရားမျှတမှုဖြစ်သည်။ လူမှုရေးရာ ဒုစရိုက်မှုများကို ဟန့်တားရန် ဥပဒေအားနည်းသည့်အခါ၊ ဥပဒေများရှိသော်လည်း ထိရောက်မှုနှင့် တာဝန်ယူမှု အားနည်းသည့်အခါ၊ ဥပဒေအတိုင်း သစ္စာရှိရှိ ကျင့်သုံးမှုမရှိ သည့်အခါ တရားမျှတမှုကို ရရှိမည်မဟုတ်ပါ။ တရားရေးစနစ်သည် ဘက်လိုက်မှုများရှိပါက၊ ကျောသားရင်သားခွဲခြားနေပါက၊ ဆင်းရဲပြီး နိမ့်ကျသူများထက် ချမ်းသာပြီး သြဇာရှိသူများကို မျက်နှာသာပေးပါက၊ တရားရေးလုပ်ငန်းစဉ်များသည် ရှည်လျားပြီး ခက်ခဲရှုပ်ထွေးလျက် ရရှိနိုင်ရန်ခဲယဉ်းကာ ကြန့်ကြာနေပါက တရားမျှတမှုကို ရရှိမည်မဟုတ်ပါ။ အုပ်ချုပ်ရေးဆောင်ရွက်သူများအနေဖြင့် မတရားမှုများကို လုံးဝဖယ်ရှားခြင်းမပြုနိုင်သည့်တိုင် အနည်းဆုံးဖြစ်အောင် ပြုလုပ်နိုင်ပါက တရားဥပဒေစိုးမိုးရေးရှိသည်ဟု ခေါ်ဆိုနိုင်သည်။

တရားဥပဒေစိုးမိုးရေး အနေဖြင့် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို တုံ့ပြန်နိုင်သည့် ဥပဒေများရှိရန်လည်း လိုအပ်သည်။ ခေတ်မမီတော့သော၊ မဆီလျော်တော့သော ဥပဒေများကို မွမ်းမံပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းလျက် ခေတ်နှင့်လျော်ညီသော ဥပဒေများဖြင့် အစားထိုးခြင်းတို့ ပြုလုပ်ရန်လည်း လိုအပ်သည်။ ၎င်းအပြင် တရားဥပဒေထိန်းသိမ်းရေးအဖွဲ့များ၏ သမာဓိကို ပြည်သူအများက ယုံကြည်နေရန်လည်း လိုအပ်သည်။ ပြည်သူများအနေဖြင့် တရားဥပဒေထိန်းသိမ်းရေးအဖွဲ့များအပေါ် အယုံအကြည် မရှိပါက တရားဥပဒေကို လိုက်နာမှုလည်း လျော့ကျလာမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ တရားဥပဒေ ထိန်းသိမ်းရေးအဖွဲ့များအနေဖြင့် ခြစားမှု လုံးဝကင်းစင်နေရန် လိုအပ်သည်။ ယင်းအဖွဲ့များအတွင်း၌ ခြစားမှုများ ဖြစ်ပေါ်နေပါက တရားဥပဒေများအပေါ် ပြည်သူများ အနေဖြင့် အယုံအကြည်ရှိတော့မည် မဟုတ်သောကြောင့် တရားဥပဒေစိုးမိုးရေးသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။ ၎င်းအပြင် တရားရေးစနစ်၌ ဥပဒေများကို ကျင့်သုံးဆောင်ရွက်နေသူများအနေဖြင့် ဥပဒေများနှင့်ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်ရမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို မြှင့်တင်နိုင်ရန်အတွက် အစဉ်အမြဲ အားထုတ်နေရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံသည် တရားဥပဒေစိုးမိုးမှုမရှိပါက ဒီမိုကရေစီသည်လည်း မှေးမှိန်ပျောက်ကွယ်သွားမည်ဖြစ်ပြီး ပရမ်းပတာ ထင်ရာစိုင်းနေကြသော အနေအထားတစ်ရပ်သို့ ကျရောက်သွားမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ (၉) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်














Copy Protected by Chetan's WP-Copyprotect.