w နိမ့်ကျနေသော အိုင်စီတီကဏ္ဍ - Eleven Media Group <

နိမ့်ကျနေသော အိုင်စီတီကဏ္ဍ

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံပိုင်းမှာ ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း သိသိသာသာ တိုးတက်ပြောင်းလဲလာသည်ဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်အာဏာသိမ်းခဲ့သည့် ကာလမှ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်းနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလဟုဆိုရမည့် ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အထိ ခုနစ်နှစ်တာအတွင်း နှိုင်းယှဉ်ကြည့်လျှင် နိုင်ငံ၏ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံပိုင်းမှာ တစ်မုဟုတ်ချင်းပြောင်းလဲသွားသည်ကို တွေ့ရသည်။

ယင်းမှာ ယခင်အစိုးရလက်ထက်က သိန်းဂဏန်းရှိနေသည့် မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ သို့ ချက်ချင်းပြောင်းလဲလိုက်မှုနှင့်အတူ မြန်မာနိုင်ငံတွင် တယ်လီဖုန်းသုံးစွဲမှု လျင်မြန်စွာမြင့်တက်သွားခဲ့ပြီး ဒစ်ဂျစ်တယ်ကဏ္ဍသည်လည်း မြန်ဆန်စွာ ပြောင်းလဲသွားခဲ့သည်။ ၂၀၁၃ ခုနှစ်က ဖုန်းဆင်းမ်ကတ်ဈေးနှုန်းများ ပြောင်းလဲလိုက်ပြီး လူတိုင်းဖုန်းပိုင်ဆိုင်ခွင့်ရှိလာသည့် အခြေအနေကို ပြောင်းလဲမှုနှင့်အတူ နိုင်ငံခြားဆက်သွယ်ရေးအော်ပရေတာများကို ရင်းနှီးမြှုပ်နှံခွင့်ပေးလိုက်ပြီးနောက်တွင် မိုဘိုင်းဖုန်းသိပ်သည်းဆသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်ခဲ့သည်။ လတ်တလောတွင် ထုတ်ပြန်ခဲ့သော တယ်လီနော၏ ဒစ်ဂျစ်တယ်မြန်မာအစီရင်ခံစာအရ မြန်မာနိုင်ငံအနေဖြင့် မိုဘိုင်းဖုန်းသိပ်သည်းဆတွင် ၁၀၅ ရခိုင်နှုန်းနှင့် စမတ်ဖုန်းသုံးစွဲမှုတွင် ရာခိုင်နှုန်း ၈၀ သို့ သိပ်သည်းဆအညွှန်းကိန်းများ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။ ယင်းအညွှန်းကိန်းအရ ဖုန်းသုံးစွဲမှုရာခိုင်နှုန်းမြင့်ခြင်းမှာ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများဖြစ်သော်လည်း ဒစ်ဂျစ်တယ်နှင့်ဆိုင်သည့် အခြားအညွှန်းကိန်းများတွင် ဒေသတွင်းနိုင်ငံများနှင့်ယှဉ်ပါက လွန်စွာနိမ့်ပါးလျက်ရှိနေပြန်သည်။

လတ်တလောစစ်တမ်းအရ နိုင်ငံအတွင်း ဖုန်းအော်ပရေတာသုံးခုဖြစ်သော MPT က ဆင်းမ်ကတ် ၂၅ သန်း၊ တယ်လီနောက ဆင်းမ်ကတ်သန်း ၂၀ နှင့် အူရီဒူးက ၁၀ သန်းဟု အကြမ်းဖျင်းတွက်ချက်လျှင် လူဦးရေသန်း ၅၀ ကျော်တွင် ဆင်းမ်ကတ်အရေအတွက်မှာ ၅၅ သန်းရှိနေပြီဆိုသည့် အခြေအနေကို တွေ့ရသည်။ ထိုသို့ ဖုန်းသိပ်သည်းမှု ရာခိုင်နှုန်းမြင့်မားနေသော်လည်း စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံမှာ အဆင့် ၁၇၁၊ ကုလသမဂ္ဂ၏ eGovernment ညွှန်းကိန်းတွင် အဆင့် ၁၆၉၊ ကမ္ဘာလုံးဆိုင်ရာ အိုင်စီတီဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းတွင် ၁၃၅၊ ကွန်ရက်ချိတ်ဆက်ရရှိမှုညွှန်းကိန်းတွင် အဆင့် ၁၃၃ သာရှိသည့် အခြေအနေမှာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအနက် အဆင့်အားဖြင့် နိမ့်ပါးနေသည်ကို တွေ့ရသည်။ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုညွှန်းကိန်းတွင် ထိုင်းမှာ အဆင့် ၂၆၊ အင်ဒိုနီးရှားမှာအဆင့် ၇၂၊ စင်ကာပူမှာအဆင့် နှစ်၊ မလေးရှားမှာအဆင့် ၂၄ နှင့် ဗီယက်နမ်မှာအဆင့် ၆၈ ဖြစ်ကာ ကုလသမဂ္ဂ၏ eGovernment ညွှန်းကိန်းတွင် ထိုင်းမှာအဆင့် ၇၇၊ အင်ဒိုနီးရှားမှာအဆင့် ၁၁၆၊ စင်ကာပူမှာအဆင့်လေး၊ မလေးရှားမှာအဆင့် ၆၀ နှင့် ဗီယက်နမ်မှာအဆင့် ၈၉ ဖြစ်ကြောင်း သိရသည်။ ထို့နည်းတူ ကမ္ဘာလုံးဆိုင်ရာ ICT ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းတွင်လည်း ထိုင်းမှာအဆင့် ၇၈၊ အင်ဒိုနီးရှားမှာအဆင့် ၁၁၁၊ စင်ကာပူမှာအဆင့်တစ်၊ မလေးရှားမှာအဆင့် ၃၁ နှင့် ဗီယက်နမ်မှာအဆင့် ၇၉ တို့ အသီးသီးရှိနေသည်ကို ဒစ်ဂျစ်တယ်မြန်မာအစီရင်ခံစာတွင် နှိုင်းယှဉ်ဖော်ပြထားချက်အရ သိရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ခုနစ်နှစ်တာအတွင်း မိုဘိုင်းဖုန်းသုံးစွဲမှု များစွာတိုးတက်လာသော်လည်း ICT ကဏ္ဍတွင် တိုးတက်ပြောင်းလဲမှုမရှိဘဲ နိမ့်ကျနေဆဲဖြစ်သည်ကို တွေ့ရသည်။ သတင်းအချက်အလက်နည်းပညာကဏ္ဍ (ICT) ကို စစ်အစိုးရလက်ထက်ကပင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း အရေးယူပိတ်ဆို့ခံရမှုများကြောင့် မှန်ကန်သည့်အပြောင်းအလဲဖြစ်မလာဟု သုံးသပ်မှုများရှိခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်တွင် အစိုးရအပြောင်းအလဲနှင့်အတူ နိုင်ငံ၏ ICT ကဏ္ဍမှာလည်း လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲလာခြင်းမရှိသည်ကို တွေ့ရပြန်သည်။ လိုအပ်သည့် ဒစ်ဂျစ်တယ်အခြေခံအုတ်မြစ်အတွက် မူဘောင်များ၊ အခြေခံအဆောက်အအုံများ၊ ဒစ်ဂျစ်တယ်ဆိုင်ရာ ဂေဟစနစ်နှင့် ကျွမ်းကျင်မှုတို့မှာ လိုအပ်ချက်ရှိနေသည့်အပြင် ICT ကဏ္ဍတိုးတက်ရေးအတွက် စိန်ခေါ်မှုလည်းရှိနေသည်။

မကြာမီကပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပါဝင်သည့် eGovernment ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် ဒစ်ဂျစ်တယ်ဆိုင်ရာအပြောင်းအလဲနှင့် ပြည်သူများအပေါ် နိစ္စဓူ၀၀န်ဆောင်မှုပေးနေသော အစိုးရယန္တရားတွင် eGovernment အဖြစ် ပီပီပြင်ပြင်လည်ပတ်နိုင်စေရန်နှင့် နိမ့်ကျနေသော ICT ကဏ္ဍကို အလျင်အမြန်တိုးတက်ရန် လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ (၈) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

February 7, 2018














Copy Protected by Chetan's WP-Copyprotect.