လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် မြန်မာ့ယဉ်ကျေးမှု

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် မြန်မာ့ယဉ်ကျေးမှု
Published 7 February 2018

အမေရိကန်ပြည်ထောင်စုတွင် မကြာသေးမီက ဟိုးလေးတကျော်ဖြစ်ခဲ့သည့် အမှုကြီးတစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ အမေရိကန် ကျွမ်းဘားအားကစားအဖွဲ့မှ ဆရာဝန်ဟောင်း လာရီနက်ဆာအား ၂၆၅ ဦးအထိ များပြားသောအမျိုးသမီးများနှင့် မိန်းကလေးများက ၎င်းတို့အား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲသည့်အမှုဖြစ်သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် မီချီဂန်တရားသူကြီးက သူ့အား ထောင်ဒဏ်နှစ် ၄၀ ထပ်မံချမှတ်ခဲ့သည်။ ယခင်က သူ့အား ထောင်ဒဏ် ၁၂၅ နှစ်ချမှတ်ခဲ့ခြင်းကို ထပ်မံပေါင်းထည့်ခဲ့ခြင်းဖြစ်သည်။ သူသည် အမေရိကန် ကျွမ်းဘားအားကစားအဖွဲ့၌လည်းကောင်း၊ မီချီဂန်ပြည်နယ် တက္ကသိုလ်ဆေးခန်း၌လည်းကောင်း နာမည်ကြီးအားကစားဆိုင်ရာ ဆေးပညာဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် အမျိုးသမီးများနှင့် မိန်းကလေးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများပြုလုပ်ခဲ့မှုအတွက် ယခင်ကလည်း စီရင်ချက်နှစ်ရပ်ချမှတ်ခံခဲ့ရပြီးဖြစ်သောကြောင့် သူသည် ဘဝတစ်သက်တာလုံး အကျဉ်းထောင်အတွင်း၌သာ နေထိုင်ရတော့မည်ဖြစ်သည်။

ယခုသီတင်းပတ်အတွင်းမှာပင် ဟာဗေးဝိန်းစတိန်း၏ Miramax စတူဒီယိုကဖြန့်ချိသည့် Pulp Fiction နှင့် Kill Bill ဇာတ်ကားများတွင် အဓိကဇာတ်ကောင်အဖြစ်ပါဝင်ခဲ့သည့် နာမည်ကြီးမင်းသမီး အူမာသာမန်က ဟောလိဝုဒ်၏ နာမည်ကျော်ထုတ်လုပ်သူ ဝိန်းစတိန်း၏ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းခံခဲ့ရသည့်အကြောင်း New York Times သို့ ဖေဖော်ဝါရီ ၃ ရက်တွင် အသေးစိတ်ဖွင့်ဟပြောကြားခဲ့သည်။ ဂွီးနက်ပက်ထရို၊ ဆယ်မာဟေယက်၊ အက်ရှလေဂျက်နှင့် ကိတ်ဘက်ကင်ဆေးအပါအဝင် ဟောလိဝုဒ်အမျိုးသမီးသရုပ်ဆောင် ဒါဇင်များစွာက ဝိန်းစတိန်းသည် ၎င်းတို့ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် မုဒိမ်းကျင့်မှုများ ကျူးလွန်ခဲ့သည်ဟု ပြီးခဲ့သည့်အောက်တိုဘာတွင် စွပ်စွဲခဲ့ပြီးနောက် ဝိန်းစတိန်း၏ လိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။ ယင်းဖြစ်စဉ်များအပြီးတွင် အနုပညာ၊ နိုင်ငံရေးနှင့် မီဒီယာနယ်ပယ်မှ သြဇာကြီးသည့်အမျိုးသားများက လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည်ဆိုသောစွပ်စွဲချက်များ ထွက်ရှိလာခဲ့သည်။ အမျိုးသမီးကိုးဦးက ဝိန်းစတိန်းအား လိင်ပိုင်းဆိုင်ရာစော်ကားမှုစွဲချက်ဖြင့် တိုင်ကြားထားမှုကို ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဟု ဖေဖော်ဝါရီ ၃ ရက်တွင် မီဒီယာများက ဖော်ပြခဲ့သည်။

လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်ခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းသာမက လက်ခံခြင်းမရှိသော သို့မဟုတ် မသင့်လျော်သောကတိများပေးကာ လိင်မှုဆိုင်ရာအရ အခွင့်အရေးပေးမှုရရှိစေရန် ဆောင်ရွက်ခြင်းကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ဟုခေါ်သည်။ ယခုခေတ် နိုင်ငံအများစု၏ ဥပဒေပြဋ္ဌာန်းချက်များထဲတွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုသည် ဥပဒေနှင့်ငြိစွန်းသည်။ အမေရိကန်ပြည်ထောင်စု၏ အလုပ်အကိုင်အခွင့်အလမ်း ညီမျှရေးဆိုင်ရာကော်မရှင် (EEOC) ၏သတ်မှတ်ချက်၌ “လူတစ်ဦး၏ လိင်အရအလုပ်လျှောက်ထားသူ သို့မဟုတ် ဝန်ထမ်းတစ်ဦးကို နှောင့်ယှက်ခြင်းသည် တရားဥပဒေနှင့်ငြိစွန်းသည်” ဟု ဖော်ပြထားသည်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွင် လက်မခံသော လိင်ပိုင်းဆိုင်ရာချဉ်းကပ်မှုများ၊ လိင်ပိုင်းဆိုင်ရာအခွင့်အရေးများပေးရန် တောင်းဆိုမှုများနှင့် လိင်ပိုင်းဆိုင်ရာအရ နှုတ်အားဖြင့်လည်းကောင်း၊ ကိုယ်ထိလက်ရောက်လည်းကောင်း နှောင့်ယှက်မှုများပါဝင်သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးများသည် နေ့စဉ်နှင့်အမျှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ခံနေရသော်လည်း မြန်မာ့ယဉ်ကျေးမှုသဘောသဘာဝအရ မြန်မာအမျိုးသမီးအများစုသည် ယင်းကိစ္စများကိုတိုင်တန်းရန် မဆိုထားနှင့်၊ ထုတ်ဖော်ပြောကြားရန်အတွက်ပင် အရှက်အကြောက်ကြီးတတ်ကြသည်။ ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုရန် ဆွေမျိုးမိဘအသိုင်းအဝိုင်း အများအပြားကလည်း အားမပေးတတ်ကြပေ။ ထို့ကြောင့် အမျိုးသားအချို့သည် ယင်းအချက်ကို အခွင့်ကောင်းယူလျက် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကို ရဲတင်းစွာကျူးလွန်နေကြသည်။ အချို့သည် မိမိလုပ်ကိုင်နေသည့် လုပ်ငန်းခွင်ကိုပင်အသုံးပြုကာ အမျိုးသမီးများအား နှောင့်ယှက်စော်ကားလျက်ရှိသည်။ ထို့ကြောင့် ၎င်းတို့ကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်အတွက် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ကျူးလွန်ခံရကြောင်း တိုင်တန်းသည့်အမျိုးသမီးများကို အားပေးကူညီရမည့်အပြင် အလားတူကျူးလွန်ခံရသော အမျိုးသမီးများကလည်း ထုတ်ဖော်တိုင်တန်းသည့် အမျိုးသမီးများကို ဝန်းရံအားပေးသောအားဖြင့် မိမိတို့၏ကျူးလွန်ခံရမှုများကို ရဲဝံ့စွာထုတ်ဖော်တိုင်တန်းရန်လည်း လိုအပ်သည်။ ၎င်းအပြင် တစ်စုံတစ်ဦးအနေဖြင့် မိမိ၏လုပ်ငန်းခွင်ကိုအသုံးချကာ အမျိုးသမီးများကို ထောင်ချောက်ဆင်လျက် ယင်းကဲ့သို့သောပြစ်မှုများ အကြိမ်ကြိမ်ကျူးလွန်နေကြောင်း စွပ်စွဲမှုများပေါ်ပေါက်လာပါက ထိရောက်သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်လည်းလိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ (၇) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent