အရည်အသွေးရှိသော ပညာရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၌ အရည်အသွေးရှိသော ပညာရေးကို တန်းတူညီမျှ ရရှိနိုင်ရန် အဓိကကျသည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ဆင်းရဲမွဲတေမှုကို ထက်ဝက် လျှော့ချနိုင်ခဲ့သည်ဟု ဆိုသော်လည်း ကမ္ဘာ့လူဦးရေ၏ ၂၁ ရာခိုင်နှုန်းသည် အလွန်အကျွံ ဆင်းရဲမွဲတေနေသည့် အနေအထား၌ နေထိုင်နေရဆဲဖြစ်သည်။ ၎င်းတို့အား သင့်တင့်လျောက်ပတ်ကာ စိတ်ကျေနပ်ဖွယ်ရှိသည့် ဘ၀မျိုးရရှိရန် ပိုမိုကောင်းမွန်သည့် အခွင့်အရေးများ ပေးနိုင်ရေးအတွက် ကြိုးပမ်းမှုများကို မြှင့်တင်စေရန် အလွန်အရေးကြီးသည်။ ယင်းကဲ့သို့ ကြိုးပမ်းရာ၌ ပညာရေးက အဓိက အချက်အချာဖြစ်သည်။ ပညာရေးသည် လူတစ်ဦးချင်းအား ၎င်းတို့ဘ၀ တိုးတက်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေခြင်းဖြင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန် အထောက်အကူပြုရုံသာမက ထုတ်လုပ်မှုစွမ်းအား တိုးတက်စေခြင်းဖြင့် နိုင်ငံ၏စီးပွားရေး ကြီးထွားမှုကိုလည်း မြှင့်တင်ပေးသည်။ စီးပွားရေး ကြီးထွားမှုသည် ဆင်းရဲမွဲတေမှုကို အလိုအလျောက် လျှော့ချပေးနိုင်ခြင်း မရှိသော်လည်း စီးပွားရေးကြီးထွားမှု မရှိပါက ဆင်းရဲမွဲတေမှုကို လျှော့ချရန် မဖြစ်နိုင်ပါ။

ပညာသင်ကြားခွင့် ရရှိနိုင်ရေး သက်သက်ဖြင့် မလုံလောက်သေးပါ။ အားလုံးအတွက် တန်းတူညီမျှ ပညာသင်ကြားခွင့် ရရှိရေးသည် အဓိကကျသည်။ ကမ္ဘာပေါ်၌ နှစ်ပေါင်း ၄၀ အတွင်း ကိန်းဂဏန်းများအရ တန်းတူညီမျှ ပညာသင်ကြားခွင့် ပိုမိုရရှိသော နိုင်ငံတစ်နိုင်ငံသည် လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေ ၂၃ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။ ကျွမ်းကျင်သော လုပ်သားအင်အားကို တည်ဆောက်ခြင်းအားဖြင့် ပညာရေးသည် နိုင်ငံတစ်နိုင်ငံအား စီးပွားရေးအရ သတ်မှတ်ထားချက် တစ်ဆင့်မှ နောက်တစ်ဆင့်သို့ မြင့်တက်သွားစေနိုင်သည်။ ၀င်ငွေနိမ့်ပါးသော နိုင်ငံများရှိ ကျောင်းသား အားလုံးသည် ကျောင်းမှ ထွက်ခွာချိန်၌ အခြေခံ စာဖတ်ကျွမ်းကျင်မှုများရရှိရုံဖြင့် ကမ္ဘာ့ဆင်းရဲမွဲတေမှု၏ ၁၂ ရာခိုင်နှုန်းကို လျှော့ချနိုင်လိမ့်မည်ဟု ပညာရေး ရန်ပုံငွေအဖွဲ့ (EFA) ၏ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြသည်။ အဆိုပါအဖွဲ့၏ အစီရင်ခံစာအရ ပညာရေးတွင် အမေရိကန်တစ်ဒေါ်လာ သုံးစွဲပါက စီးပွားရေးကြီးထွားမှု၌ ၁၀ ဒေါ်လာနှင့် ၁၅ ဒေါ်လာအကြား ပြန်လည် ရရှိနိုင်ကြောင်း သိရသည်။

ပညာရေးက ဆင်းရဲမွဲတေမှုကို လျှော့ချပေးရာ၌ ကျွမ်းကျင်မှုများက အဓိကအချက် ဖြစ်သည်။ ပညာရေးသည် အမျိုးသား၊ အမျိုးသမီးတို့အား အလုပ်အကိုင် ရရှိရေး၌ အခွင့်အရေး ပိုစေရုံမျှမက ရထားသည့် အလုပ်ကို ပို၍လုံခြုံခိုင်မြဲစေပြီး လုပ်ငန်းခွင်၌ ပိုမိုအသာစီး ရရှိစေကာ လခလည်း ပို၍ကောင်းစေသည်။ ဤသို့ဖြင့် ပညာရေးသည် အိမ်ထောင်စုများကို ဆင်းရဲတွင်းမှ ဆွဲထုတ်ပေးနိုင်သည့်အပြင် ဆင်းရဲတွင်းထဲသို့ ပြန်ပြုတ်မကျအောင်လည်း ကာကွယ်ပေးနိုင်သည်။ ဥပမာအားဖြင့် ဂျော်ဒန်နိုင်ငံတွင် ကျေးလက်ဒေသတွင် နေထိုင်သည့် မူလတန်းပညာရေးမျှကိုသာ ရရှိထားသော အမျိုးသမီး ၂၅ ရာခိုင်နှုန်းသည် လုပ်ခမရဘဲ အလုပ်လုပ်နေကြရပြီး အလယ်တန်းအဆင့် ပညာရေး ရရှိထားသည့် အမျိုးသမီးများထဲ၌ ယင်းကဲ့သို့ လုပ်ကိုင်နေရသူ ခုနစ်ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရှိရသည်။ ဆင်းရဲမွဲတေမှုကို လျှော့ချရာ၌ ပညာရေးသည် အရေးပါသော အခန်းကဏ္ဍ၌ ရှိသကဲ့သို့ပင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ခြင်းသည်လည်း လူတိုင်းအတွက် ပညာသင်ကြားခွင့် ရရှိရေး တိုးတက်မှုနှင့် ခွဲခြား၍ မရနိုင်အောင် ဆက်စပ်လျက်ရှိသည်။ ကလေးများကို ကျောင်းတက်စေသောကြောင့် တိုက်ရိုက် ကုန်ကျမည့်စရိတ်အပြင် အလုပ်လုပ်ပေးမည့်သူ ဆုံးရှုံးသွားသောကြောင့် သွယ်ဝိုက် ကုန်ကျမည့်စရိတ်တို့က ဆင်းရဲသော မိဘများအား ခြောက်လှန့်လျက် ရှိသည်။ ထို့ကြောင့် ဆင်းရဲသော ကလေးငယ်များသည် ချမ်းသာသော မိသားစုမှကလေးများထက် ကျောင်းမတက်ရနိုင်ခြေ သုံးဆထက်မနည်း ပိုမိုများပြားသည်။
ထို့ကြောင့် ဆင်းရဲမွဲတေမှုအား လျှော့ချနိုင်ရေးတွင် အရည်အသွေးရှိသော ပညာရေးကို ဆင်းရဲချမ်းသာမရွေး တန်းတူရရှိနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ အာဘော်)