ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု

ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံသည် ဆင်းရဲမွဲတေမှု၏ ဖိစီးနှိပ်စက်မှုကို ခံနေရသည်။ ဆင်းရဲမွဲတေမှုဟူသည် ဖြစ်တည်မှုတစ်ရပ်သာမက ဒိုင်မေးရှင်းများစွာနှင့် ခက်ခဲနက်နဲမှုများစွာ ပါဝင်နေသော ဖြစ်စဉ်တစ်ရပ်လည်းဖြစ်သည်။ ချို့တဲ့ခြင်း၊ အားနည်းခြင်းနှင့် အစွမ်းမဲ့ခြင်းတို့ကိုသာ ဆင်းရဲမွဲတေမှု၏ လက္ခဏာရပ်များဟု သတ်မှတ်ရမည်ဖြစ်သည်။ ဆင်းရဲမွဲတေမှုသည် ရေရှည်ဖြစ်နိုင်သကဲ့သို့ ယာယီလည်းဖြစ်နိုင်သည်။ သို့သော် ရုတ်တရက် ဆင်းရဲမွဲတေသွားမှုကလည်း လာမည့်မျိုးဆက်များကိုပါ ဆင်းရဲမွဲတေမှုအတွင်း ပိတ်မိသွားစေနိုင်သည်။ ဆင်းရဲမွဲတေမှုကို နားလည်နိုင်ရန်အတွက် နိုင်ငံ၏ အင်စတီကျူးရှင်းများ၊ ဈေးကွက်များ၊ လူ့အသိုင်းအ၀ိုင်းများနှင့် မိသားစုများအပါအ၀င် စီးပွားရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အ၀န်းအ၀ိုင်းများကို မရှိမဖြစ်စစ်ဆေးရန် လိုအပ်သည်။ ကျား/မ၊ လူမျိုး၊ အသက်အရွယ်၊ နေထိုင်ရာအရပ် (ကျေးလက် သို့မဟုတ် မြို့ပြ) နှင့်ဝင်ငွေရင်းမြစ်တို့တစ်လျှောက် ဆင်းရဲမွဲတေမှု ကွာဟချက်များကို လျှော့ချရမည်ဖြစ်သည်။ မိသားစုများအတွင်း၌ ကလေးများနှင့် အမျိုးသမီးများသည် အမျိုးသားများထက် ဆင်းရဲမွဲတေမှုဒဏ်ကို ပိုမိုခံရတတ်သည်။ လူ့အသိုင်းအ၀ိုင်းများအတွင်း၌ လူနည်းစုဖြစ်သော လူမျိုးများ သို့မဟုတ် လူနည်းစုဖြစ်သော ဘာသာကိုးကွယ်သူများသည် လူများစုအုပ်စုများထက် လည်းကောင်း၊ ကျေးလက်နေသူများသည် မြို့ပြနေသူများထက်လည်းကောင်း ဆင်းရဲမွဲတေမှုဒဏ်ကို ပိုမိုခံစားရတတ်သည်။ ကျေးလက်၌ပင်လျှင် မြေယာမဲ့များသည် မြေအနည်းငယ်မျှ ပိုင်ဆိုင်သူများ သို့မဟုတ် သီးစားလုပ်ကိုင်သူများထက် ပိုမိုဆင်းရဲတတ်သည်။ ဆင်းရဲမွဲတေသူများအကြား ယင်းကဲ့သို့သော ကွာခြားချက်များသည် ယဉ်ကျေးမှုများ၊ ဈေးကွက်များနှင့် အစိုးရမူဝါဒများနှင့် ပတ်သက်သော အလွန်ရှုပ်ထွေးသည့် အပြန်အလှန် ဆက်နွှယ်ချက်များကို ထင်ဟပ်ပြလျက်ရှိသည်။

လုံးဝဆင်းရဲမွဲတေခြင်းအား အနည်းဆုံးအခြေအနေနှစ်ရပ် ပေါင်းစုံစေခြင်းဖြင့် လျှော့ချနိုင်သည်။ ပထမတစ်ခုအနေဖြင့် စီးပွားရေးကြီးထွားမှု ဖြစ်ပေါ်ရမည်ဖြစ်သည်။ ပျမ်းမျှဝင်ငွေသည် စဉ်ဆက်မပြတ် အခြေခံဖြင့် မြင့်တက်လာရမည်ဖြစ်သည်။ ဒုတိယတစ်ခုအနေဖြင့် စီးပွားရေးကြီးထွားမှုသည် ၀င်ငွေဖြန့်ကြက်ပုံကို လိုက်နာလျက် ၀င်ငွေမညီမျှမှုကို လျှော့ချကာ ဘက်မလိုက်သည့် ပုံစံမျိုးဖြစ်ရမည်ဖြစ်သည်။ အထွေထွေသဘောအရ စီးပွားရေးကြီးထွားမှုမရှိဘဲ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်လိမ့်မည်မဟုတ်ပါ။ အမှန်တကယ်၌ လူဦးရေတစ်ရပ်၏ စဉ်ဆက်မပြတ်သော အစိတ်အပိုင်းတစ်ရပ်သည် အမြဲတစေ ဆင်းရဲမွဲတေနေခြင်းက စီးပွားရေးကြီးထွားမှု အလားအလာများကို လျော့ကျစေသည်။ ၀င်ငွေနှင့် ကြွယ်ဝမှု ကနဦးဖြန့်ဝေမှုပုံစံသည်လည်း စီးပွားရေးကြီးထွားရန်နှင့် ဆင်းရဲမွဲတေမှုလျှော့ချရန် အလားအလာများအပေါ် အကြီးအကျယ် သက်ရောက်နိုင်သည်။ အလွန်မညီမျှသော ၀င်ငွေခွဲဝေမှုပုံစံသည် စီးပွားရေးကြီးထွားမှုအတွက် လည်းကောင်း၊ ဆင်းရဲမွဲတေမှု လျှော့ချရန်အတွက် လည်းကောင်း အထောက်အကူပြုနိုင်ရန် မလွယ်ပေ။ လက်ရှိစီးပွားရေး ကြီးထွားမှုဆိုင်ရာ အတွေ့အကြုံများအရ နိုင်ငံများအနေဖြင့် ဆွဲဆောင်မှုရှိသော ဖွဲ့စည်းပုံများနှင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးနှင့် ပညာရေးအား အာမခံနိုင်သည့် ဆီလျော်သော ရင်းနှီးမြှုပ်နှံမှုများက ၀င်ငွေပိုမိုမြင့်မားလာခြင်းဆီသို့ ဦးတည်သွားပြီး ဆင်းရဲသူများအနေဖြင့် လက်ရှိစားသုံးမှု မြင့်တက်လာခြင်းနှင့် အနာဂတ်ဝင်ငွေ မြင့်မားလာခြင်း နှစ်ရပ်စလုံးမှနေ၍ အကျိုးကျေးဇူးများ ဖြစ်ထွန်းနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ စဉ်ဆက်မပြတ် စီးပွားရေးကြီးထွားမှုဖြစ်ပေါ်ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု လျှော့ချရေးတို့အတွက် စီးပွားရေးတည်ငြိမ်မှု၊ ယှဉ်ပြိုင်မှုရှိသော ဈေးကွက်များနှင့် ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၌ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုတို့သည် အရေးကြီးသော လိုအပ်ချက်များဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်