ကျေးလက်ဒေသ ဖွံ့ဖြိုးမှု ဟူသည်

ကျေးလက်ဖွံ့ဖြိုးမှုဟူသည် ကျေးလက်ဒေသ၌ နေထိုင်သော ပြည်သူများ၏ ဘ၀အရည်အသွေးနှင့် စီးပွားရေးအရ ဖူလုံမှုကို တိုးတက်အောင် ပြုလုပ်ပေးသော လုပ်ငန်းစဉ်များ ဖြစ်သည်။ ကျေးလက်ဒေသများသည် သီးခြား တည်ရှိပြီး လူနေကျဲပါးသော နေရာများ ဖြစ်တတ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးမှုများကို စိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းများကဲ့သို့ မြေနေရာက အလွန်အရေးကြီးပြီး သဘာဝရင်းမြစ်များကို အသုံးချရသည့် လုပ်ငန်းများပေါ်၌ အဓိက အားပြုလေ့ ရှိသည်။ သို့သော် ကမ္ဘာ့ထုတ်လုပ်ရေး ကွန်ရက်၌ အပြောင်းအလဲများ ဖြစ်ပေါ်ခြင်းနှင့် မြို့ပြချဲ့ထွင်မှုများ အလွန်များပြားလာခြင်းတို့က ကျေးလက်ဒေသများ၏ စရိုက်လက္ခဏာများကို ပြောင်းလဲလာစေသည်။

ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် အပန်းဖြေစခန်းများဖွင့်ခြင်း အစရှိသည့် လုပ်ငန်းများသည် လွှမ်းမိုးကြီးစိုးသော စီးပွားရေးမောင်းနှင်အားများအဖြစ် သဘာဝရင်းမြစ်များ ထုတ်ယူခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့ နေရာ၌ အစားထိုး ၀င်ရောက်လာသည်။ ပိုမို အမြင်ကျယ်စွာဖြင့် ဖွံ့ဖြိုးရေးဆီသို့ ချဉ်းကပ်ရာတွင် ကျေးလက်နေ ပြည်သူများအတွက် လိုအပ်ချက်များက စိုက်ပျိုးရေးနှင့် သဘာဝရင်းမြစ်များကို အခြေခံသော လုပ်ငန်းများအတွက် မက်လုံးများ ဖန်တီးပေးခြင်း သက်သက်ထက် စာလျှင် များစွာပို၍ ကျယ်ပြန့်သော ဖွံ့ဖြိုးရေး ရည်မှန်းချက်များအပေါ် ပို၍ အဓိက ထားလာကြသည်။

ပညာရေး၊ စွန့်ဦးလုပ်ကိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံတို့ အားလုံးသည် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းကို ဒေသအလိုက် ထုတ်လုပ်သော စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာများအပေါ် အခြေခံလျက်လည်း စရိုက်လက္ခဏာ သတ်မှတ်သည်။ တစ်ခုနှင့်တစ်ခု များစွာတူညီမှုရှိသော မြို့ပြဒေသများနှင့် မတူဘဲ ကျေးလက်ဒေသများသည် တစ်ခုနှင့်တစ်ခု အလွန် ကွဲပြားခြားနားကြသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံး၌ အသုံးပြုနေသည့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ ချဉ်းကပ်ပုံများသည် အမျိုးမျိုးအထွေထွေဖြစ်လျက် အကြီးအကျယ် ကွဲပြားခြားနားကြသည်။

ကျေးလက်ဖွံ့ဖြိုးရေးဟူသည့် စကားရပ်သည် ပင်မရေစီးဖြစ်သည့် မြို့ပြစီးပွားရေး စနစ်၏ အပြင်ဘက်၌ရှိသော ဒေသများ၏ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ချက်များ အပေါ်၌ အဓိကထားသည်။ ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ဆောင်ချက်များသည် ကျေးလက်နေ ပြည်သူများ၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများအပေါ် ရည်ရွယ်သည်။ သမိုင်းတွင် ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်များကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေး အေဂျင်စီများ၊ အင်န်ဂျီအိုများ၊ နိုင်ငံတော် အစိုးရများနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။ ဒေသတွင်းနေ ပြည်သူများ အနေဖြင့်လည်း ဖွံ့ဖြိုးရေးအတွက် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဆောင်ရွက်နိုင်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဟူသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်သာဆိုင်သော အကြောင်းအရာ မဟုတ်ပါ။ ဖွံ့ဖြိုးပြီးနိုင်ငံများစွာတို့တွင် ပို၍ပင် ထိရောက်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ ရှိကြသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသည် ကျေးလက်နေပြည်သူများကိုယ်တိုင် ပါဝင်ခြင်းနှင့် အတူ ကျေးလက်နေဘ၀များ တိုးတက်လာစေရန်အတွက် နည်းလမ်းများ ရှာဖွေရန် ရည်ရွယ်သည်။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။ ပြင်ပမှ လူတစ်ဦး အနေဖြင့် သက်ဆိုင်ရာ ကျေးလက်ဒေသ အတွင်းရှိ အခင်းအကျင်း တည်ရှိမှုများ၊ ယဉ်ကျေးမှု ဓလေ့များ၊ ဘာသာစကားများနှင့် လွှမ်းမိုးကြီးစိုးသော အခြားအရာများကို နားလည်နိုင်မည် မဟုတ်ပါ။ ယင်းကဲ့သို့သော အနေအထား၌ စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးရေးတွင် ကျေးလက်နေပြည်သူများကိုယ်တိုင် ပါဝင်ကြရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူခဲ့ရာတွင် ကျေးလက်နေ လူဦးရေသည် နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ ရှိသည်။ ယင်းကိုကြည့်လျှင် ကျေးလက်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် မည်မျှ အရေးပါသည်ကို သိနိုင်သည်။ ထို့ကြောင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ရေရှည်စီမံကိန်းများ ချမှတ်ကာ စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ်လ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)