ခွဲခြားဆက်ဆံခြင်း

လူမှုရေးရာကိစ္စများတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ပင်ကိုအရည်အချင်းထက် အဆိုပါပုဂ္ဂိုလ်ပါဝင်သည့် အုပ်စု၊ လူတန်းစား သို့မဟုတ် အမျိုးအစားအပေါ် အခြေခံလျက် ဦးစားပေးခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းအားဖြင့် ပြုမူဆက်ဆံခြင်း၊ စဉ်းစားသုံးသပ်ခြင်း သို့မဟုတ် ခွဲခြားဆုံးဖြတ်ခြင်းကို ခွဲခြားဆက်ဆံခြင်း (Discrimination) ဟုခေါ်သည်။ ယင်းတွင် ၎င်းတို့ အမှန်တကယ် ပါဝင်သော သို့မဟုတ် ပါဝင်သည်ဟု ထင်မြင်ယူဆသော သက်ဆိုင်ရာအုပ်စု သို့မဟုတ် လူအုပ်စုအမျိုးအစားအပေါ် အခြေခံလျက် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူအုပ်စုတစ်စုကို လူများဆက်ဆံလေ့ရှိပုံထက် ပိုမိုဆိုးရွားသောပုံစံဖြင့် ပြုမူဆက်ဆံခြင်း ပါဝင်သည်။

ယင်းတွင် သက်ဆိုင်ရာအုပ်စု၏ အစောပိုင်းတုံ့ပြန်မှုများ သို့မဟုတ် ပြန်လှန်ဆက်နွှယ်ချက်များက အုပ်စုခေါင်းဆောင် သို့မဟုတ် ယင်းအုပ်စုအပေါ် ကျင့်သုံးသည့် တစ်ဦးတစ်ယောက်၏ အမှန်တကယ် ပြုမူမှုကို ဆက်လက်လွှမ်းမိုးသွားခြင်း၊ အခြားအုပ်စုတစ်စု အနေဖြင့် ရရှိသော အခွင့်အလမ်းများ သို့မဟုတ် အထူးအခွင့်အရေးများမှနေ၍ အုပ်စု တစ်စု၌ ပါဝင်သူများကို ထိန်းချုပ်ကန့်သတ်ခြင်းနှင့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လူအုပ်စုများကို ယုတ္တိရှိသော သို့မဟုတ် ယုတ္တိမရှိသော ဆုံးဖြတ်ချက် ချမှတ်ခြင်းများအပေါ် အခြေခံလျက် ဖယ်ထုတ်လိုက်ခြင်းဆီသို့ ဦးတည်သွားခြင်းတို့ ပါဝင်သည်။

ခွဲခြားဆက်ဆံသော ဓလေ့များ၊ မူဝါဒများ၊ သဘောထားများ၊ ကျင့်သုံးမှုများနှင့် ဥပဒေများသည် ကမ္ဘာ့နေရာတိုင်းရှိ နိုင်ငံများစွာနှင့် အင်စတီကျူးရှင်းများစွာတို့၌ ရှိနေဆဲဖြစ်သည်။ ခွဲခြားဆက်ဆံမှုကို အထင်သေးရှုတ်ချသည့် နေရာများ၌ပင်လျှင် ခွဲခြားဆက်ဆံမှုက ရှိနေဆဲဖြစ်သည်။ နေရာအချို့တွင် လက်ရှိသို့မဟုတ် အတိတ်က ခွဲခြားဆက်ဆံခံရသည်ဟု ယူဆရသူများကို အကျိုးအမြတ် ပိုမိုရရှိစေသော ဝေစုများ ပေးခြင်းကဲ့သို့သော အငြင်းပွားဖွယ် အားထုတ်မှုများကိုပင် တစ်ခါတစ်ရံ၌ “တန်ပြန်ခွဲခြားဆက်ဆံခြင်း” (Reverse Discrimination) ဟု ခေါ်သည်။

ကိုယ်ကျင့်တရားဆိုင်ရာ ဒဿနိကဆရာများက အကျိုးယုတ်စေသော ပြုမူဆက်ဆံ မှုများ သို့မဟုတ် သဘောထားများကို ခွဲခြားဆက်ဆံခြင်းဟု အဓိပ္ပာယ်သတ်မှတ်ကြသည်။ ယင်းသည် အပြိုင်တည်ရှိသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ် ဖြစ်သည်။ ယင်းအဓိပ္ပာယ် ဖွင့်ဆိုချက်အရ တစ်စုံတစ်ဦးအနေဖြင့် ၎င်းအပေါ် ခွဲခြားဆက်ဆံမှု ခံရခြင်းအားဖြင့် အမှန်တကယ် ထိခိုက်နစ်နာရန်ပင် မလိုအပ်ဘဲ ခွဲခြားဆက်ဆံခံရမှု မြောက်သည်။ ထင်ရာမြင်ရာ အကြောင်းပြချက်အချို့ဖြင့် ၎င်းတို့အား အခြားသူများထက် ပိုမိုဆိုးရွားစွာ ပြုမူဆက်ဆံလျှင်ပင် ခွဲခြားဆက်ဆံမှု မြောက်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် မိဘမဲ့ကလေးများအား ငွေလှူဒါန်းရန် ဆုံးဖြတ်ထားသော်လည်း လူမည်းကလေးများ ဖြစ်နေသောကြောင့် ငွေပမာဏကို တမင်လျှော့၍ လှူဒါန်းမည်ဆိုပါက ခွဲခြားဆက်ဆံခံရသူများသည် အလှူငွေ အကျိုးအမြတ်ကို ရရှိသော်လည်း ခွဲခြားဆက်ဆံခံရသည်ဟု ဆိုနိုင်သည်။ ခွဲခြားဆက်ဆံခြင်းများသည် ဖိနှိပ်ခြင်းရင်းမြစ်တစ်ရပ်အဖြစ် ဖွံ့ဖြိုးရောက်ရှိသွားနိုင်သည်။ ယင်းသည် တစ်စုံတစ်ဦးအား မတူကွဲပြားခြားနားသူဖြစ်သည်ဟု သိမြင်လျက် လူမဆန်စွာ သို့မဟုတ် ချိုးနှိမ်စွာ ဆက်ဆံခြင်းလုပ်ရပ်နှင့် အတူတူပင် ဖြစ်သည်။

ခွဲခြားဆက်ဆံခြင်းအပေါ် ကုလသမဂ္ဂ၏ ရပ်တည်ချက်၌  “ခွဲခြားဆက်ဆံသည့် အပြုအမူများသည် ပုံသဏ္ဌာန်များစွာရှိသည်။ သို့သော် ယင်းတို့အားလုံး၌ ဖယ်ထုတ်ခြင်း သို့မဟုတ် ပယ်ချခြင်းနှင့်ပတ်သက်သော ပုံစံမျိုးပါဝင်သည်” ဟူသည့် ထုတ်ပြန်ချက်တစ်ရပ် ပါဝင်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကဲ့သို့သော နိုင်ငံတကာအဖွဲ့များသည် ကမ္ဘာတစ်လွှား၌ ခွဲခြားဆက်ဆံမှုများ အဆုံးသတ်သွားစေရန်အတွက် ကြိုးပမ်းအားထုတ် လျက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပြဿနာပေါင်းများစွာ၊ ပဋိပက္ခပေါင်းများစွာနှင့် အကြမ်းဖက်မှုပေါင်းများစွာတို့၌ ခွဲခြားဆက်ဆံခြင်းသည် အဓိကအကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်နေတတ်သောကြောင့် ခွဲခြားဆက်ဆံခြင်းကို အဆုံးသတ်နိုင်မှသာလျှင် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာလောကကြီးကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဧပြီ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)