တရားမျှတမှုကိုလိုလားသော စိတ်

တရားမျှတမှုကိုလိုလားသော စိတ်
Published 24 January 2018

တရားမျှတမှုကို လိုလားသောစိတ်သည် လူသားတို့၏ အပြုအမူအပေါ် အလွန်လွှမ်းမိုးကြီးစိုးသောအရာဖြစ်သောကြောင့် အာရုံသိမှုတစ်ရပ်ဟုပင် တင်စားခေါ်ဆိုကြသည်။ တရားမျှတမှုကို သိစိတ်အား ကြားခြင်းနှင့်မြင်ခြင်းကဲ့သို့ အာရုံသိမှုအမျိုးအစား၌ ထည့်သွင်းသတ်မှတ်မထားသော်လည်း တရားမျှတမှုကို သိစိတ်မရှိပါက လူသားတို့၏ဘဝများသည် ဘောင်ခတ်ခံထားရသကဲ့သို့ အလွန်ကျဉ်းမြောင်းပေလိမ့်မည်။

တရားမျှတမှုကို သိစိတ်သည် အစောဆုံးအဖြစ် နှစ်နှစ်သားအရွယ်တွင် ရှိနိုင်ကြောင်း သက်သေအထောက်အထားများ တွေ့ရှိပြီးဖြစ်သည်။ တရားမျှတမှုကို သိစိတ်သည် လူသားတို့၏ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းတစ်လျှောက် နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ပြီး လူသားတို့၏ မူရင်းဇာစ်မြစ်သည် အစောဆုံးလူမှုရေးသတ္တဝါများ ဖြစ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ လူပုဂ္ဂိုလ်အချင်းချင်း ဆက်ဆံရေးမှသည် နိုင်ငံအချင်းချင်း ဆက်ဆံရေးအထိ လူသားတို့၏ အပြန်အလှန်ဆက်ဆံမှု အဆင့်အားလုံး၌ တရားမျှတမှုကို သိစိတ်သည် လူမှုရေးဆိုင်ရာ အပြုအမူများ၏ မရှိမဖြစ်အရေးကြီးသော မျက်နှာစာတစ်ရပ်ဖြစ်သည်။ မညီမျှမှုများနှင့် စီးပွားရေးဆိုင်ရာ စိတ်ဖိစီးမှုများ ကြီးထွားလာနေသောခေတ်တွင် တရားမျှတမှုဟူသည် မည်သည့်လူတန်းစားကမဆို တွင်တွင်သုံးစွဲလာသည့် သည်းခြေကြိုက်စကားလုံးတစ်ရပ် ဖြစ်လာသည်။ သို့သော် တရားမျှတမှုဟူသည် အဘယ်နည်းဟူသော အချက်နှင့်ပတ်သက်၍မူ အကြီးအကျယ် ငြင်းခုံကြရတတ်သည်။

လူသားတို့၏ တရားမျှတမှုကိုသိစိတ်အား ဇီဝဗေဒနှင့် ယဉ်ကျေးမှုနှစ်ရပ်စလုံးက သြဇာသက်ရောက်သည်။ ဇီဝဗေဒအရ တရားမျှတမှုကို သိစိတ်သည် လူသားတို့၏ မျိုးရိုးဗီဇအတွင်းမှ ပေါ်ထွက်လာပြီး ယင်းကို ဦးနှောက်၏ ဖွဲ့စည်းပုံများအတွင်း၊ အပြုအမူနှင့် စိတ်ခံစားမှုဆိုင်ရာ အာရုံကြောဓာတုဗေဒအခြေခံများအတွင်း ဖော်ထုတ်ပြသမှုကိုပြုကြသည်။ ယဉ်ကျေးမှုအရ ဖြစ်ပေါ်လာသော တရားမျှတမှုကို သိစိတ်အား လူမှုအင်စတီကျူးရှင်းများနှင့်ပတ်သက်သော ဖွဲ့စည်းပုံများနှင့် စံသတ်မှတ်ချက်များအတွင်း ဖော်ထုတ်ပြသကြသည်။ ဇီဝဗေဒနှင့် ယဉ်ကျေးမှုတို့သည် အနီးကပ်ဆက်နွှယ်လျက်ရှိပြီး လူတို့၏ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းတစ်လျှောက် တစ်ခုနှင့်တစ်ခု အပြန်အလှန် သြဇာသက်ရောက်ကြသည်။ လူသားတို့အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုပို၍ရှိလာအောင် အင်စတီကျူးရှင်းများကို ဖန်တီးပါက လူသားတို့၏ တရားမျှတမှုကို သိစိတ်ဟူသည့် ရှုပ်ထွေးသောအရာတစ်ရပ် ဖြစ်ပေါ်လာအောင် ဇီဝဗေဒနှင့် ယဉ်ကျေးမှုတို့ အပြန်အလှန် သြဇာသက်ရောက်ကြပုံကို နားလည်ရန်လိုအပ်သည်။

မတူခြားနားသော ပညာရပ်နယ်ပယ်များမှ သုတေသနပညာရှင်များသည် လူသားတို့၏တရားမျှတမှုကို သိစိတ်နှင့်ပတ်သက်၍ ကွဲပြားခြားနားသော ရှုထောင့်များမှနေ၍ လေ့လာခဲ့ကြသည်။ ယင်းပညာရပ်နယ်ပယ်များတွင် အပြုအမူဆိုင်ရာ မျိုးဗီဇပညာ၊ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာ၊ အာရုံကြောသိပ္ပံပညာ၊ တိရစ္ဆာန်တို့၏ အပြုအမူကို လေ့လာသောပညာ၊ စမ်းသပ်လေ့လာမှုဆိုင်ရာ သိပ္ပံပညာတို့အပြင် ပညာရပ်နယ်ပယ်များ ရောနှောပေါင်းစပ်ထားမှုတို့ ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ လူသားသည် ပင်ကိုသဘောအရ တရားမျှတမှုကို လိုလားသကဲ့သို့ တရားမျှတမှုကို သိစိတ်လည်းရှိသည်။ ယင်းကဲ့သို့သော တရားမျှတမှုကိုသိစိတ်က လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေး၊ လူ့အဖွဲ့အစည်းများကို တည်ဆောက်ပုံနှင့် အဆင့်အားလုံး၌ လူသားတို့၏ အပြန်အလှန်ဆက်ဆံမှုတို့အား ပုံသွင်းပေးခြင်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ (၂၄) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent