ပြဿနာဖြေရှင်းမှုဆိုင်ရာ ကျွမ်းကျင်မှု

ပြဿနာဖြေရှင်းမှုဆိုင်ရာ ကျွမ်းကျင်မှု
Published 23 January 2018

ပြဿနာဖြေရှင်းရာတွင် ကွဲပြားခြားနားသော စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှု အမျိုးအစားနှစ်ရပ် လိုအပ်သည်။ ယင်းတို့မှာ သုံးသပ်အကဲဖြတ်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းတို့ ဖြစ်သည်။ သုံးသပ်အကဲဖြတ်ခြင်း သို့မဟုတ် ယုတ္တိဗေဒဆိုင်ရာ စဉ်းစားခြင်း၌ အစီအစဉ်ချခြင်း၊ တွဲဖက်နှိုင်းယှဉ်ခြင်း၊ ဆန့်ကျင်နှိုင်းယှဉ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ရွေးထုတ်ခြင်းတို့ကဲ့သို့သော ကျွမ်းကျင်မှုများ ပါဝင်သည်။ ယင်းသည် ပြဿနာဖြေရှင်းခြင်းအတွက် ယုတ္တိဗေဒ ကျသော မူဘောင်တစ်ခုကိုပေးပြီး အတိုင်းအတာကျယ်ပြောသော ဖြစ်နိုင်ခြေများကို ကျဉ်းမြောင်းအောင် လျှော့ချလျက် အကောင်းဆုံးရွေးချယ်စရာ နည်းလမ်းရရှိရန် အထောက်အကူပြုသည်။ သုံးသပ်အကဲဖြတ်မှုဆိုင်ရာ စဉ်းစားခြင်းသည် အပိတ်သဘောဆောင်သော ပြဿနာများကို ဖြေရှင်းရာတွင် လွှမ်းမိုးလေ့ရှိပြီး ဖြစ်နိုင်ဖွယ်အကြောင်း ရင်းများစွာကို ဖော်ထုတ်ကာ တကယ့်အကြောင်းရင်းအမှန်ကို ရှာဖွေရန် သုံးသပ်အကဲဖြတ်နိုင်သည်။

ဖန်တီးနိုင်စွမ်းရှိသော စဉ်းစားခြင်းသည် ခွဲဖြာထွက်၍ စဉ်းစားခြင်းလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ဖြေရှင်းချက်များအတွက် အတိုင်းအတာကျယ်ပြောသော စိတ်ကူးများကို ဖန်တီးနိုင်စွမ်းအပေါ်အားပြုသည်။ အစပထမတွင် လက်တွေ့မကျ သို့မဟုတ် ပြဿနာနှင့် ယုတ္တိရှိစွာ ဆက်စပ်မှုမရှိဟု ထင်ရသည့် သိသာထင်ရှားသော ဖန်တီးမှုစိတ်ကူးများကို ကျော်လွန်ကာ စဉ်းစားနိုင်ရန် လိုအပ်သည်။ အပွင့်သဘောဆောင်သော ပြဿနာများကို ဖြေရှင်းရာတွင် ဖန်တီးနိုင်စွမ်းရှိသော စဉ်းစားပုံနှင့်ပတ်သက်သည့် ကျယ်ပြောသောအခြင်း အရာများကို အသုံးပြုရသည်။ ဖန်တီးနိုင်စွမ်းရှိသော စဉ်းစားပုံဆိုင်ရာ ကျွမ်းကျင်မှုကို အဓိက အခြင်းအရာများစွာအဖြစ်သို့ ခွဲခြားနိုင်သည်။ ယင်း၌ အရေးအကြီးဆုံးအရာများမှာ ကြွယ်ဝမှု (စိတ်ကူးများစွာထုတ်နိုင်ခြင်း)၊ လိုက်လျောညီထွေရှိမှု (အတိုင်းအတာကျယ် ပြောသော စိတ်ကူးများထုတ်နိုင်ခြင်း)၊ ကိုယ်ပိုင်ဖြစ်မှု (မြင်တွေ့နေကျမဟုတ်သော စိတ်ကူးများ ထုတ်နိုင်ခြင်း)နှင့် ချဲ့ထွင်စဉ်းစားနိုင်မှု (စိတ်ကူးများကို ဖွံ့ဖြိုးလာအောင်လုပ်နိုင်ခြင်း) တို့ဖြစ်ကြသည်။ ထိရောက်သော ပြဿနာဖြေရှင်းမှုသည် သုံးသပ်အကဲဖြတ်ခြင်း ဆိုင်ရာနှင့် ဖန်တီးနိုင်စွမ်းဆိုင်ရာ စဉ်းစားပုံများကို ထိန်းချုပ်ရောနှောကာ အသုံးပြုမှု လိုအပ်သည်။

သုတေသနပြုမှုများအရ ဦးနှောက်၏ မတူညီသော အခြမ်းနှစ်ခုသည် လေ့လာသုံးသပ်ခြင်းနှင့် ဖန်တီးခြင်းဟူသည့် ကျွမ်းကျင်မှုနှစ်ခုအား တစ်ဖက်စီ အသီးသီး အထူးပြု ကိုင်တွယ်ကြောင်း သိရသည်။ ဦးနှောက်ဘက်ခြမ်းအသီးသီး၏ ယင်းကဲ့သို့ အထူးပြုကိုင် တွယ်မှုအဆင့်သည် လူတစ်ဦးနှင့်တစ်ဦး အမျိုးမျိုးကွဲပြားသည်။ သို့သော် ဦးနှောက် ညာဘက်ခြမ်း စဉ်းစားပုံနှင့် ဦးနှောက်ဘယ်ဘက်ခြမ်း စဉ်းစားပုံဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ဦးနှောက် ဘယ်ဘက်ခြမ်းသန်သူသည် ပို၍ယုတ္တိဗေဒကျသော ပို၍သုံးသပ်အကဲဖြတ် နိုင်မှုရှိသော သဘောရှိပြီး စကားပြောကောင်းသူများ ဖြစ်ကြသည်။ ဦးနှောက်ညာဘက်ခြမ်းသန်သူသည် ပို၍ ခြုံငုံသုံးသပ်နိုင်စွမ်းရှိပြီး ခံစားမှု၊ စိတ်ကူးစိတ်သန်းကောင်းမှုတို့နှင့် သက်ဆိုင်နေသည်။ ပြဿနာဖြေရှင်းမှု ထူးချွန်သူတစ်ဦးဖြစ်ရန် ဖော်ပြပါ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုမှ တစ်ခုသို့ အပြန်ပြန်အလှန်လှန် ကူးပြောင်းစဉ်းစားတတ်ရန် လိုသည်။ အစဉ်အလာ ပညာရေးစနစ်သည် ဦးနှောက်ဘယ်ဘက်ခြမ်း စဉ်းစားပုံမျိုး ဖွံ့ဖြိုးလာရန်သာ ပို၍အားပေးတတ်သည်။ ကောက်ချက်ဆွဲရန်အတွက် ယုတ္တိဗေဒနည်းကျ သုံးသပ် ပုံကိုသာ သင်ကြားပေးလေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပြဿနာဖြေရှင်းရာတွင် ထူူးချွန်သောသူတစ်ဦးဖြစ်ရန်အတွက် သုံးသပ်အကဲဖြတ်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းတို့အား ပေါင်းစပ်အသုံးချတတ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇန်နဝါရီ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent