လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်

လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်ကို အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးများစွာမှ ပေါ်ထွက်လာသော လူ့အခွင့်အရေးတစ်ရပ်ဟု ယူဆကြသည်။ အကြွင်းမဲ့ ဆန္ဒပြပိုင်ခွင့်ကို  မည်သည့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက် သို့မဟုတ် မည်သည့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကမျှ အာမခံထားခြင်း မရှိသော်လည်း ယင်းကဲ့သို့သော ဆန္ဒပြပိုင်ခွင့်သည် လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်တို့မှတစ်ဆင့် ထွက်ပေါ်လာသော လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။

နိုင်ငံတကာ သဘောတူညီချက်များစွာတွင် ယင်းအခွင့်အရေးများကို ရှင်းရှင်းလင်းလင်း ကြေညာထားမှု ပါဝင်သည်။ ယင်းကဲ့သို့သော သဘောတူညီချက်များထဲတွင် ၁၉၅၀ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ သဘောတူညီချက် (အပိုဒ် ၉ မှ အပိုဒ် ၁၁) နှင့် ၁၉၆၆  နိုင်ငံတကာ အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး သဘောတူညီချက် (အပိုဒ် ၁၈ မှ အပိုဒ် ၂၂ )တို့ ပါဝင်သည်။ သို့သော် ယင်းသဘောတူညီချက်များနှင့် အခြားသဘော တူညီချက်များတွင် လွတ်လပ်စွာစုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်တို့အား အချို့သော ကန့်သတ်ချက်များ ပြုလုပ်ထားသည်။ ဥပမာအားဖြင့် နိုင်ငံတကာ အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး သဘောတူညီချက်တွင် စစ်ပွဲနှင့်ပတ်သက်၍ ၀ါဒဖြန့်ခြင်းနှင့် အမျိုးသားရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး အမုန်းတရားများနှင့်ပတ်သက်၍ လှုံ့ဆော်အကြံပြုခြင်းကို တားမြစ်ထားပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်တွင် နိုင်ငံတော် လုံခြုံရေးအကျိုးစီးပွား သို့မဟုတ် အများ ပြည်သူ ဘေးကင်း လုံခြုံရေး၊ အများပြည်သူနှင့်ဆိုင်သော အမိန့်အာဏာ ထိန်းသိမ်းရေး၊ အများပြည်သူ ကျန်းမာရေး သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အခြားသူများ၏ လွတ်လပ်ခွင့်များကို ကာကွယ် စောင့်ရှောက်ရေးတို့ အတွက် လိုအပ်ပါက ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ရန်ကို ခွင့်ပြုထားသည်။ (အပိုဒ် ၂၀ နှင့် အပိုဒ် ၂၁)

သို့သော် ဆန္ဒပြမှုများအတွက် အကြမ်းဖက်ခြင်း သို့မဟုတ် နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် အများပြည်သူ ဘေးကင်း လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ရန် မလိုအပ်ပါ။ ဆန္ဒပြမှုအများစု၌ နိုင်ငံတော်၏ ဥပဒေများကို ချိုးဖောက်ခြင်း မပါဝင်သောကြောင့် အရပ်ဘက်ဆိုင်ရာ အာခံမှုမြောက်စရာလည်း အကြောင်းမရှိပါ။ ဆန္ဒပြမှုများအပြင် အကြမ်းမဖက်သော အာခံမှု လှုံ့ဆော်ပွဲများသည်ပင်လျှင် တစ်ခါတစ်ရံ၌ ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတရားများကို အပြုသဘော ဆောင်သည့် ထောက်ခံမှုမျိုး ပါဝင်တတ်သည်။ ဥပမာအနေဖြင့် စစ်အာဏာသိမ်းမှုတစ်ရပ်ကို တုံ့ပြန်ရာ၌ လည်းကောင်း၊ ရွေးကောက်ပွဲ၌ ရှုံးနိမ့်သွားပြီးနောက် ရာထူးစွန့်လွှတ်ရန် ငြင်းဆန်နေသည့် ခေါင်းဆောင်များကို ဆန့်ကျင်ရာ၌ လည်းကောင်း ယင်းသဘောမျိုး သက်ဝင်နေသည်။

လွတ်လပ်စွာစုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်တို့အရ လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်အား အခြေခံ လူ့အခွင့်အရေးတစ်ရပ်ဟု ခေါ်ဆိုနိုင်သည်။ သို့သော် နိုင်ငံတကာ သဘောတူညီချက်များအရ ဘောင်ဝင်သော ဆန္ဒပြမှုမျိုးဖြစ်ရန်လိုသည်။ ဒီမိုကရေစီ သဘောတရားအရ ပြည်သူများအနေဖြင့် မိမိတို့ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် မတရားသဖြင့် ဆုံးရှုံးနေသော အခွင့်အရေးများ ရရှိရန် လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်ရှိသည်။ အကြမ်းဖက်မှု မပါဝင်ရန်၊ နိုင်ငံ၏ လုံခြုံရေး သို့မဟုတ် အများပြည်သူ ဘေးကင်းလုံခြုံမှုဆိုင်ရာ အကျိုးစီးပွားကို မထိခိုက်ရန်တို့အပြင် အခြားသူများ၏ လွတ်လပ်ခွင့်ကို မထိပါးရန်တို့အား ဂရုပြုရန်သာ လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာ သဘောတူညီချက်များအရ ဘောင်ဝင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်သာ လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(မတ်လ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)