နိုင်ငံရေးစိတ်ပညာ

နိုင်ငံရေးစိတ်ပညာ
Published 20 January 2018

ပင်မသဘောအရ နိုင်ငံရေးစိတ်ပညာသည် သက်ဆိုင်ရာ နိုင်ငံရေးစနစ်တစ်ရပ်အတွင်း လူပုဂ္ဂိုလ်အသီးသီး၏ အပြုအမူများနှင့် သက်ဆိုင်သည်။ ရှုပ်ထွေးသော ဝန်းကျင်များအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ တင်းမာသောပဋိပက္ခများ၊ စစ်ပွဲများနှင့် နိုင်ငံများ သို့မဟုတ် နိုင်ငံများကိုကြီးစိုးသော အာဏာရနိုင်ငံရေးသမားများ၏ အခြားသော အပြုအမူအများစုတို့အား စိတ်ပညာသက်သက်ဖြင့် ရှင်းပြနိုင်မည်မဟုတ်ပါ။ လူပုဂ္ဂိုလ်အသီးသီးတို့သည် ဘာမျှမရှိသည့် လေဟာနယ်အတွင်း တစ်စုံတစ်ရာ ပြုမူနိုင်မည်မဟုတ်ပါ။ ၎င်းတို့၏ အပြုအမူများသည် နိုင်ငံရေးအင်စတီကျူးရှင်းများအရ၊ နိုင်ငံရေးဓလေ့ထုံးတမ်းများအရ၊ ခေါင်းဆောင်မှုသွင်ဟန်များအရနှင့် လူမှုရေး စံသတ်မှတ်ချက်များအရ ကွဲပြား ခြားနားမှုများကို တုံ့ပြန်ခြင်း သို့မဟုတ် ပတ်သက်ခြင်းနှင့် သက်ဆိုင်နေသည်။ စိတ်ပညာသည် နိုင်ငံတကာစနစ်များနှင့် ပတ်သက်သော သက်ဆိုင်ရာရှုထောင့်များ၊ နိုင်ငံတော်အစိုးရ အဖွဲ့များနှင့် ကွဲပြားခြားနားသော လူူ့အဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံခြားရေးမူဝါဒအပြုအမူကို သြဇာလွှမ်းမိုးသည်။ အာဏာရှင်စနစ်များကို သုတေသနပြုရာ၌ နိုင်ငံရေးဆိုင်ရာ စိတ်ပညာကို စဉ်းစားကြည့်နိုင်သည်။ ၁၉၃၀ ပြည့်လွန်နှစ်များနှင့် ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း သန်းနှင့်ချီသောလူများကို ဖိနှိပ်ကာ သတ်ဖြတ်ခဲ့သည့် ဖက်ဆစ်ခေါင်းဆောင်များအား ၎င်းတို့၏နိုင်ငံသားများက အဘယ့်ကြောင့် ထောက်ခံခဲ့ကြသနည်းဟူသည်ကို နားလည်ရန် ခေါင်းဆောင်များ၏အပြုအမူနှင့် နောက်လိုက်များ၏ အပြုအမူကို လေ့လာရန် လိုလာသည်။ ယင်းသည်ပင်လျှင် နိုင်ငံရေးစိတ်ပညာဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် အာဏာရှင် ဖြစ်နိုင်ခြေများရှိနေသော တစ်စုံတစ်ဦးသည် ဖက်ဆစ်အစိုးရလက်ထက် နည်းလမ်းအတိုင်း လစ်ဘရယ် ဒီမိုကရေစီစနစ်တစ်ရပ်အတွင်း ပြုမူလိမ့်မည်ဟု ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

လူပုဂ္ဂိုလ်အသီးသီး၏ စိတ္တဗေဒဆိုင်ရာ စုစုပေါင်း အရောအနှောကြီးနှင့် နိုင်ငံရေးဆိုင်ရာ ဆက်နွှယ်သိုင်းဝိုင်းနေသော အချက်များအားလုံးက အကြမ်းဖက်မှုအပေါ် လူထု၏ တုံ့ပြန်မှုကို ပုံသွင်းသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးမူဝါဒများအပေါ် လူထု၏ထောက်ခံ မှုသည် ခြိမ်းခြောက်ခံရသော အစိုးရတစ်ရပ်၏ တုံ့ပြန်လုပ်ဆောင်ပုံ၊ အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် ကြိုတင်တွေးထင်ထားသည့် အစိုးရ၏ ကျွမ်းကျင်မှုနှင့် ထိရောက်မှုနှင့် နောင်အခါ ဖြစ်ပွားလာနိုင်သည့် အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မိမိအနေဖြင့် သားကောင်ဖြစ်နိုင်ပုံကို လူတစ်ဦးအနေဖြင့် ခံစားရမှုတို့အပေါ်တွင် မူတည်နေသည်။ အစိုးရလုံခြုံရေးမူဝါဒ၏ ပြင်းအား သို့မဟုတ် အကြမ်းဖက်သမားများ၏ ရည်မှန်းချက်များ နှင့် စွမ်းဆောင်ရည်များကဲ့သို့သော ပြင်ပအားများသည် အချိန်နှင့်အမျှ ပြောင်းလဲနေနိုင်ပြီး နိုင်ငံသားတစ်ဦးအနေဖြင့် အကြမ်းဖက်ဖြစ်ရပ်တစ်ခုကို တုံ့ပြန်ရာ၌ စိုးရိမ်သောကရောက်နေသလား သို့မဟုတ် ဒေါသထွက်နေသလားဟူသည်၏ သြဇာသက်ရောက်မှုကိုလည်း ခံရသည်။ အကြမ်းဖက်သမားများက အားကောင်းပြီး အစိုးရအဖွဲ့က အားနည်းပါက ခြိမ်း ခြောက်ခံရသည့် လူ့အဖွဲ့အစည်းတစ်ရပ်အကြား စိုးရိမ်သောကရောက်မှုများသာ ပျံ့နှံ့၍သွားလိမ့်မည်။ သို့မဟုတ် အစိုးရက အားကောင်းပြီး အကြမ်းဖက်သမားများက အားနည်းပါက ဒေါသထွက်မှုများက ပျံ့နှံ့၍သွားလိမ့်မည်။ ထို့ပြင် လူတိုင်းက ခြိမ်းခြောက်မှုကို တစ်ပုံစံတည်းအတိုင်း တုံ့ပြန်မည်မဟုတ်ဘဲ တစ်ဦးချင်းအလိုက် စိတ်ပိုင်းဆိုင်ရာအနေ အထားများက အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဒေါသထွက်မည်လား သို့မဟုတ် စိုးရိမ်မည်လားကို ပြဋ္ဌာန်းရာ၌ အဓိကအနေဖြင့် ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ အများပြည်သူနှင့်ဆိုင်သည့် နိုင်ငံရေးဆိုင်ရာမူဝါဒများချမှတ်ရာ၌ လူထု၏ ပျမ်းမျှစိတ်သဘောထားကို သိရှိနိုင်ရန် နိုင်ငံရေးစိတ်ပညာသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent