အသက်ရှည်ရာ အနာမဲ့ကြောင်း

အသက်ရှည်ရာ အနာမဲ့ကြောင်း
Published 19 January 2018

ဘဝတွင် ရည်ရွယ်ချက်ရှိခြင်းသည် အသက်ကြီးလာချိန်၌ မိမိ၏ လုပ်ဆောင်နိုင်မှုများနှင့် အမှီအခိုကင်းမှုများကို ထိန်းသိမ်းထားနိုင်ရန် အထောက်အကူပြုကြောင်း JAMA Psychiatry ဂျာနယ်တွင် ဖော်ပြသည့် လေ့လာချက်အသစ်တစ်ရပ်က ဆိုသည်။ လေ့လာ ချက်တွင် ပါဝင်သူများအနက် ရည်မှန်းချက်များနှင့် ဘဝကို အဓိပ္ပာယ်ရှိသည်ဟု ခံစားရသူများသည် ရုပ်ပိုင်းဆိုင်ရာစွမ်းရည် ကျဆင်းခြင်း လက္ခဏာနှင့် မစွမ်းမသန်ဖြစ်ရန်အတွက် အန္တရာယ်ရှိသည့် အကြောင်းခြင်းရာနှစ်ရပ်ဖြစ်သော လက်ညှစ်အား ကျဆင်းခြင်းနှင့် လမ်းလျှောက်နှုန်းနှေးသွားခြင်းတို့ ဖြစ်နိုင်ခြေ နည်းပါးသည်ဟု ဆိုသည်။ ရည်ရွယ်ချက်များရှိသည့်နေထိုင်ခြင်းသည် အသက်ရှည်ခြင်း၊ ရောဂါဖြစ်နိုင်ခြေနည်းပါးခြင်း၊ ကောင်းမွန်စွာ အိပ်ပျော်ခြင်းနှင့် ကျန်းမာသော အမူအကျင့်များရှိခြင်းကဲ့သို့သော အခြား ကောင်း ကျိုးချမ်းသာများ ရှိခြင်းနှင့် ဆက်နွှယ်နေကြောင်းလည်း တွေ့ရှိပြီးဖြစ်သည်။ ယခုလေ့လာချက်တွင်မူ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ခြေကို ပထမဆုံးအဖြစ် တိုက်ရိုက် စစ်ဆေးထားခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၆၅ နှစ်နှင့်အထက်ရှိသူ သုံးဦးလျှင် တစ်ဦးနှုန်းသည် လမ်းဘလောက်သုံးခုခန့်လျှောက်ရန်ပင် အလွန်ခက်ခဲနေကြသည်ဟု အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာန (CDC) က ဆိုသည်။

ဟားဗက်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသနပြုသူများသည် အသက် ၅၀ နှင့်အထက်တို့အား ပြုလုပ်သည့် ကာလကြာရှည်သော လေ့လာချက်တစ်ရပ်မှ အချက်အလက်များကို သုံးသပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များတွင် ပါဝင်သူတို့အား ၎င်းတို့၏ ကျန်းမာရေးနှင့် ကောင်းကျိုးချမ်းသာတို့အကြောင်း စစ်တမ်း မေးခွန်းများကို ဖြေဆိုစေခဲ့ပြီး ၎င်းတို့၏ လက်ညှစ်အားနှင့် လမ်းလျှောက်နှုန်းတို့ကို တိုင်းတာရန်အတွက် စစ်ဆေးမှုများကိုလည်း ပြုလုပ်ခဲ့သည်။ လေ့လာချက်အစတွင် လူပေါင်း ၄၅၀၀ သည် လက်ညှစ်အားနှင့်ပတ်သက်၍ လိုအပ်သော သတ်မှတ်ချက်ကို ပြည့်မီခဲ့ကြသော်လည်း နောက်လေးနှစ်အကြာတွင် ၎င်းတို့ထဲမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် သတ်မှတ်ချက်အောက်သို့ ရောက်ရှိသွားခဲ့သည်။ လမ်းလျှောက်ခြင်းနှင့်ပတ်သက်၍ အစပိုင်းတွင် လူပေါင်း ၁၅၀၀ သည် သတ်မှတ်ချက်ကို ပြည့်မီခဲ့သော်လည်း နောက်လေးနှစ်အကြာတွင်  ၄၇ ရာခိုင်နှုန်းသည် သတ်မှတ်ချက်အောက် ရောက်ရှိသွားကြသည်။

သုတေသနပြုသူများက လူများ၏ အချိန်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ၎င်းတို့၏ ဘဝရည်ရွယ်ချက်များနှင့်ပတ်သက်၍ မေးခွန်းများကို ဖြေဆိုထားမှုနှင့် နှိုင်းယှဉ်လေ့လာခဲ့ကြသည်။ မေးခွန်းများ၌ ဥပမာအားဖြင့် မိမိတို့၏ ဘဝကို ရည်ရွယ်ချက်မဲ့စွာ ကုန်ဆုံးစေသလား သို့မဟုတ် အနာဂတ်အတွက် ရည်မှန်းချက်များရှိပါသလားဟူသည့်  မေးခွန်းမျိုး ပါဝင်သည်။ ထိုအခါ အရေးပါသော ဆက်နွှယ်မှုကို တွေ့ရှိခဲ့သည်။ ဘဝ၌ ရည်ရွယ်ချက် ပို၍မြင့်မားသူများ၏ လက်ညှစ်အား ကျဆင်းနိုင်ခြေသည် ရည်ရွယ်ချက် နိမ့်ပါးသူများ၏ ၁၃ ရာခိုင်နှုန်းနှင့် လမ်းလျှောက်နှုန်းကျဆင်းနိုင်ခြေသည် ၎င်းတို့၏ ၁၄ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိခဲ့သည်။ အချို့သောသူများတွင် ရည်ရွယ်ချက်မြင့်မားသူများသည် အချိန်နှင့်အမျှ လမ်းလျှောက်နှုန်းပင် ပို၍မြင့်မား၍လာပြီး ၂ ဒသမ ၅ နှစ် ပို၍ ငယ်ရွယ်သူများနှင့်ပင် ညီမျှသွားကြသည်ဟုဆိုသည်။ ယင်းတွေ့ရှိချက်များက ဘဝ၌ ရည်ရွယ်ချက်ရှိခြင်းသည် အသက်အရွယ်ကြီးသူများ၌ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုကို ထိန်းသိမ်းထားနိုင်ရန် အဓိကကျကြောင်း ပြသနေသည်။

ထို့ကြောင့် အသက်အရွယ်ကြီးသူများအနေဖြင့် အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် ဘဝ၌ မြင့်မားသောရည်ရွယ်ချက်များ ဆက်လက်ထားရှိကြရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent