ပဋိပက္ခအပေါ် စနစ်တကျဖြေရှင်းနိုင်ခြင်း၏ အရေးပါမှု

ပဋိပက္ခအပေါ် စနစ်တကျဖြေရှင်းနိုင်ခြင်း၏ အရေးပါမှု
Published 18 January 2018

မြောက်ဦးတွင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်စဉ်အတွင်း ရခိုင်ဒေသခံအများအပြား သေဆုံးဒဏ်ရာရခဲ့မှုကြောင့် ရခိုင်ပြည်နယ်၏ တည်ငြိမ်မှုအခြေအနေ တစ်စတစ်စဆိုးရွားလာမည်ကို ပြည်သူများအကြား စိုးရိမ်ပူပန်မှု မြင့်တက်လာခဲ့သည်။ မြောက်ဦးမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်းအခမ်းအနား ပွဲပျက်ခဲ့မှုနှင့်ပတ်သက်ပြီး လူစုလူဝေးဖြစ်ရာမှ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် ဒေသခံရခိုင်လူမျိုး ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်။ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ ဝမ်းနည်းအထိမ်းအမှတ် အခမ်းအနားကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ်ပြာသိုလကွယ်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ဇန်နဝါရီ ၁၆ ရက်က မြောက်ဦးတွင် အခမ်းအနားပြုလုပ်ရန် ခွင့်ပြုချက်မရသည့်အတွက် ပွဲအစီအစဉ်ရုပ်သိမ်းလိုက်ရမှုကို မကျေနပ်သည့် ထောင်နှင့်ချီသောဒေသခံများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့နောက် ညပိုင်းတွင် ခရိုင်ရဲစခန်းရှေ့သို့ ရောက်ရှိစုဝေးဆန္ဒပြရာမှ ရဲတပ်ဖွဲ့က လူစုခွဲရန် ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် အသေအပျောက်များခဲ့သည်ဟုဆိုရမည့် အဓိကရုဏ်းတစ်ရပ်ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ အဓိကရုဏ်းနှိမ်နင်းမှုအတွင်း သေဆုံးမှုနှုန်းမြင့်မားခဲ့ရခြင်းအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် မေးခွန်းထုတ်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ဒေသအာဏာပိုင်နှင့် အစိုးရတာဝန်ရှိသူများဘက်မှ ပဋိပက္ခဖြစ်စဉ်အပေါ် လူထုထံ အလျင်အမြန်တာဝန်ယူဖြေရှင်းသည့် ထုတ်ပြန်ချက်များ ဆောင်ရွက်မှုအစီအစဉ်များ လုံလောက်သည့် တုံ့ပြန်ကိုင်တွယ်မှုများ အားနည်းခဲ့သည့်အပေါ် ဝေဖန်မှုများရှိလာခဲ့သည်။ မြောက်ဦးဖြစ်စဉ်အပြီး နာရီ ၂၀ ခန့်အကြာမှ အစိုးရ၏ ပြန်ကြားရေးသတင်းဌာနက သတင်းထုတ်ပြန်မှုတစ်ခုကို စတင်ပြုလုပ်ခဲ့သည်။ ယင်းထုတ်ပြန်မှုတွင် စာပေဟောပြောပွဲပြုလုပ်ရန် ကိစ္စနှင့်ပတ်သက်၍ တားမြစ်မှုအပေါ်မကျေနပ်သဖြင့် လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းတို့က မြောက်ဦးမြို့အတွင်း ကြွေးကြော်သံများဖြင့် လှည့်လည်စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ရဲလုပ်ငန်းများနှင့်အညီ အဆင့်ဆင့်တားမြစ်ခဲ့သော်လည်း အခြေအနေပိုမိုဆိုးရွားလာသဖြင့် သေနတ်ဖြင့် သတိပေးခြောက်လှန့်ပစ်ခတ်ခြင်း၊ လူစုကွဲစေရန် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့မှုကြောင့် လူခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြချက်တွင်ပါရှိခဲ့သည်။ ထို့ပြင်ဖြစ်စဉ်အတွင်း လူစုလူဝေးမှ ကျောက်ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရပြီး ထွေအုပ်ရုံးဝင်းအတွင်း မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် ရုံးခန်းပျက်စီးမှုအချို့ရှိခဲ့သည်ဟုလည်း အစိုးရပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိခဲ့ပြန်သည်။

သို့သော်လည်း တုတ်၊ ဓားလက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ခဲ့မှုအပေါ် လူအသေအပျောက်များစေခဲ့သည့် နှိမ်နင်းမှုတစ်ရပ်သည် ဒေသခံများအကြားတွင် သွေးဆူသကဲ့သို့ဖြစ်စေနိုင်သည့် အခြေအနေမှာ စိုးရိမ်စရာ ဖြစ်စေခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာတွင် အဓိကရုဏ်းနှိမ်နင်းမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် အဆင့်အဆင့်အတိုင်း စနစ်တကျလုပ်ဆောင်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ပဋိပက္ခကို ဖြေရှင်းရာတွင် ရှေးဦးစွာညှိနှိုင်းဖျန်ဖြေမှုဖြင့် စတင်ချဉ်းကပ်သင့်ပြီး ဥပဒေ၏နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် အခြေအနေများအထိ ညှိနှိုင်းဆွေးနွေးအသိပေးမှုများ ပြုလုပ်သင့်သည်။ အကယ်၍ ဥပဒေချိုးဖောက်မှုပုံစံမျိုးအထိ ရောက်လာပြီး လူစုလူဝေးကို ထိန်းချုပ်ရန်ခက်ခဲသည့် အခြေအနေဖြစ်လာပါက လူစုခွဲရန် မျက်ရည်ယိုဗုံးအသုံးပြုခြင်း၊ ကော်ကျည်ဆန်၊ ရော်ဘာကျည်ဆန်တို့ဖြင့် ပစ်ခတ်ခြင်းမျိုးနှင့် ယင်းသို့ပစ်ခတ်ရာတွင်လည်း ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိစေရန် အောက်ခြေပိုင်းကိုသာ ပစ်ခတ်ရသည့်ပုံစံမျိုးကို အဆင့်ဆင့်လုပ်ဆောင်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူအသေအပျောက်များစေခဲ့ခြင်းမှာ စိတ်မကောင်းဖွယ် အခြေအနေတစ်ရပ်ပင်ဖြစ်ပြီး ထိခိုက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များအတွက်လည်း ကြီးစွာသောနစ်နာဆုံးရှုံးမှုပင် ဖြစ်ပေလိမ့်မည်။ သို့ဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပဋိပက္ခအတွင်း မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားစေရန် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်သင့်ပြီး အစိုးရအနေဖြင့်လည်း ထိလွယ်ရှလွယ်သောအခြေအနေတွင် ပြည်သူများအပေါ် ဆုံးရှုံးနစ်နာမှုမဖြစ်စေရန် သတိပြုလုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ (၁၈) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent