နိုင်ငံရေးကိုယ်ကျင့်တရား

နိုင်ငံရေးကိုယ်ကျင့်တရား
Published 17 January 2018

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းများအပေါ် လွှမ်းမိုးကြီးစိုးသော အကြောင်းခြင်းရာများစွာရှိသည်။ ယင်းအကြောင်းခြင်းရာတို့တွင် စီးပွားရေးအနေအထား၊ နိုင်ငံရေးသမားများနှင့် ဗျူရိုကရက်တို့၏ ကိုယ်ကျိုးမျှော်မှု၊ မီဒီယာတို့၏သဘောထားနှင့် အခြားအကြောင်းအရာများစွာ ပါဝင်သည်။ သို့သော် အခြေခံအကြောင်းခြင်းရာမှာ ကိုယ်ကျင့်တရားပင်ဖြစ်သည်။ အမှားအမှန်၊ အကောင်းအဆိုးနှင့်ပတ်သက်၍ ပြည်သူတို့၏ ယုံကြည်ချက်၊ မိမိတို့၏ဘဝအတွက် ပြည်သူတို့၏ပြင်းပြသောဆန္ဒ၊ ပြည်သူတို့လက်ခံထားသော သုစရိုက်မှုများနှင့် ပြည်သူတို့ရှုတ်ချသော ဒုစရိုက်မှုများ၊ ပြည်သူတို့လက်ခံထားသော တာဝန်နှင့်ဝတ္တရားများ၊ ပြည်သူတို့ခံစားခွင့်ရှိသည်ဟု ယူဆထားသောအရာများ၊ ပြည်သူတို့၏ တရားမျှတမှုဆိုင်ရာသိမှုအား လွှမ်းမိုးသည့်စံနှုန်းများနှင့် မည်သည့်အရာသည် ထိုက်တန်သည်ဟူသည်နှင့် ပတ်သက်သော ပြည်သူတို့၏သိမှုအား ပုံသွင်းသည့် စံနမူနာများ စသည်တို့အားလုံးသည် ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းခြင်းရာများဖြစ်သည်။

နိုင်ငံရေးကိုယ်ကျင့်တရားသည် နိုင်ငံရေးလုပ်ဆောင်ချက်များနှင့် နိုင်ငံရေးအကြောင်းအရာများအပေါ် ကိုယ်ကျင့်တရားဆိုင်ရာအရ အကဲဖြတ်ချက်များကို ကျင့်သုံးသည်။ နိုင်ငံရေးကိုယ်ကျင့်တရားသည် နယ်ပယ်နှစ်ခုအပေါ် လွှွမ်းခြုံထားသည်။ ပထမတစ်ခုမှာ အစိုးရအရာရှိများနှင့် ၎င်းတို့ကျင့်သုံးသော နည်းလမ်းများနှင့်ပတ်သက်သော လုပ်ငန်းစဉ်ဆိုင်ရာ ကျင့်ဝတ်များဖြစ်သည်။ ဒုတိယတစ်ခုမှာ မူဝါဒများနှင့် ဥပဒေများအပေါ်အကဲဖြတ်ခြင်းနှင့်ဆိုင်သော မူဝါဒနှင့်ပတ်သက်သည့် ကျင့်ဝတ်များဖြစ်သည်။ နိုင်ငံရေးကျင့်ဝတ်များသည် ကိုယ်ပိုင်ဘဝတွင် မှားယွင်းသည်ဟုဆိုနိုင်သော အရာများအား နိုင်ငံရေးခေါင်းဆောင်များကို ခွင့်ပြုထားသကဲ့သို့ နိုင်ငံရေးခေါင်းဆောင်များသည် မိမိတို့၏ကိုယ်ပိုင်ဘဝတွင် လိုအပ်သည်ထက် ပိုမိုမြင့်မားသောစံနှုန်းများနှင့် ကိုက်ညီရန်လည်း လိုအပ်သည်။ ဥပမာအားဖြင့် နိုင်ငံရေးခေါင်းဆောင်များသည် သာမန်ပြည်သူများထက် ပုဂ္ဂလိကဆိုင်ရာအခွင့်အရေး ပိုမိုနည်းပါးနိုင်ပြီး ၎င်းတို့၏ရုံးများကိုလည်း ပုဂ္ဂိုလ်ရေးအကျိုးအတွက် အသုံးပြုခွင့်မရှိပေ။

ဒီမိုကရေစီစနစ်များသည် ဗျူရိုကရေစီအရာရှိများ၏ လုပ်ဆောင်ချက်များအပေါ် ကြီးလေးသော စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားလေ့ရှိသော်လည်း ရွေးကောက်တင်မြှောက်ခံရသော အရာရှိများ၏ လုပ်ဆောင်ချက်များအပေါ် သိသိသာသာ ပေါ့ပါးသည့် စည်းမျဉ်းစည်းကမ်းများသာ ထားရှိလေ့ရှိတတ်သည်။ အစဉ်အလာသဘောအရ နိုင်ငံရေးသမားများသည် မိမိကိုယ်မိမိ ပိုမိုထိန်းချုပ်နိုင်သည်ဟု လက်ခံယုံကြည်ထားသောကြောင့်ဖြစ်သည်။ ဒီမိုကရေစီအစိုးရအဖွဲ့များစွာတွင် နိုင်ငံရေးသမားများသည် ပြည်သူတို့၏ယုံကြည်မှုဟူသည့် ဝန်ထုပ်ဝန်ပိုးကို ၎င်းတို့သယ်ဆောင်နိုင်ခြင်းမရှိကြောင်း မိမိတို့ဘာသာ ထုတ်ဖော်ပြသမိတတ်ကြသည်။ အကျိုးတရားအနေဖြင့် နိုင်ငံရေးဆိုင်ရာခြစားမှုများ ဖြစ်ပေါ်မည်ကိုစိုးရိမ်ပြီး ပြည်သူတို့၏ မယုံကြည်မှုရှုထောင့်မှနေ၍ နိုင်ငံရေးဆိုင်ရာ ကျင့်ဝတ်များကို သတ်မှတ်ကြရတော့သည်။

အကယ်၍ နိုင်ငံရေးမှနေ၍ ကျင့်ဝတ်များကို ဖယ်ရှားလိုက်ပါက ပြည်သူများနှင့် နိုင်ငံရေးအကြား အယုံအကြည်ကင်းမဲ့သည့် အနေအထားတစ်ရပ်ကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်စေလိမ့်မည်။ ယင်းအနေအထားသည် ကောင်းသောအုပ်ချုပ်ရေး၏ စံနမူနာများကို ထိခိုက်ပျက်စီးစေပြီး အစိုးရကိုပါ အကြီးအကျယ်ထိခိုက်စေမည်ဖြစ်သည်။ အမှန်တကယ်၌ နိုင်ငံရေးနှင့် နိုင်ငံရေးသမားဟူသည်ကို ပြည်သူတို့၏ ကောင်းကျိုးချမ်းသာအတွက်သာ ဖန်တီးထားခြင်းဖြစ်သည်။ နိုင်ငံရေးတွင် ရိုးသားမှု၊ သမာဓိတည်ကြည်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့အပြင် စာနာစိတ်၊ ကရုဏာတရားနှင့် ကိုယ်ကျိုးမငဲ့ကွက်မှုတို့ လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းသောအုပ်ချုပ်ရေးဖြစ်ရန်အတွက် နိုင်ငံရေးတွင် ကိုယ်ကျင့်တရားက အလွန်အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ (၁၇) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent