အုပ်ချုပ်ရေး၏ လုပ်ငန်းဆောင်တာများ

အုပ်ချုပ်ရေး၏ လုပ်ငန်းဆောင်တာများ
Published 16 January 2018

စီမံခန့်ခွဲမှုများအပြင် အခြားအရာများနှင့်ပတ်သက်သော လုပ်ဆောင်ချက်များနှင့် ကိစ္စရပ်များကို ညွှန်ကြားရန်နှင့် ထိန်းချုပ်ရန်၊ သြဇာသက်ရောက်မှုကို အသုံးပြုခြင်းနှင့် ထိန်းချုပ်ခြင်းအားဖြင့် အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်ခြင်း လုပ်ဆောင်ချက်ကို အုပ်ချုပ်aရးဟု ခေါ်သည်။ အဖွဲ့အစည်းတစ်ခု၏ စွမ်းဆောင်ချက်နှင့် ဆက်နွှယ်မှုများအတွက် လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အုပ်စုတစ်စုက တာဝန်ခံခြင်းသည် အုပ်ချုပ်ရေးအဖွဲ့၏ တစ်ဦးတည်း မူပိုင်တာဝန်ယူမှုဖြစ်သည်။ ကောင်းသောအုပ်ချုပ်ရေး၏ ရည်ရွယ်ချက်သည် စီးပွားရေးနှင့် လူမှုရေး ရည်မှန်းချက်များအကြား၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် လူအဖွဲ့အစည်းအလိုက် ရည်မှန်းချက်များအကြား ထိန်းညှိရခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမူဘောင်သည် ရင်းမြစ်များကို ထိရောက်စွာ အသုံးပြုရေးနှင့် ယင်းရင်းမြစ်များအား ကြီးကြပ်အုပ်ချုပ်မှုအတွက် တာဝန်ခံခြင်းတို့အား အားပေးမြှင့်တင်ရန်ဖြစ်သည်။ ယင်းတို့အတွက် ရည်ရွယ်ချက်သည် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းအလိုက်နှင့် လူ့အဖွဲ့အစည်းအလိုက် အကျိုးစီးပွားများကို ဖြစ်နိုင်သမျှ ထိန်းညှိရန်ဖြစ်သည်။ ယင်းတို့အတွက် အုပ်ချုပ်ရေး၏ လုပ်ငန်းဆောင်တာ ငါးရပ်ရှိသည်။

၁။ မဟာဗျူဟာဆိုင်ရာ အစီအစဉ်မှတစ်ဆင့် မျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်အဆို ပြုချက်များမှတစ်ဆင့် ဖော်ပြသော အဖွဲ့အစည်း၏ ရည်ရွယ်ချက်များကို ဆုံးဖြတ်ခြင်း- ရည်ရွယ်ချက်များသည် အဖွဲ့အစည်း၏ ကြံရွယ်ချက်များကို သတ်မှတ်ပြီး ယင်းကြံရွယ်ချက်များကို မည်သို့မည်ပုံ ပြည့်ဝအောင် ဆောင်ရွက်မည်ဆိုသည်ကို ရှင်းပြသည်။

၂။ အဖွဲ့အစည်း၏ ကျင့်ဝတ်များကို ဆုံးဖြတ်ခြင်း၊ အပြုအမူနှင့်ပတ်သက်၍ မည်သည့် ရှုထောင့်များက အမှန်တကယ် အရေးကြီးသည်ကို သတ်မှတ်ခြင်း - ကျင့်ဝတ်များသည် ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စများနှင့် စံသတ်မှတ်ချက်များအပေါ် အခြေခံပြီး အဖွဲ့အစည်းအတွင်း လူတို့၏ကျင့်ဝတ်များကို အုပ်ထိန်းရန် စည်းမျဉ်းများနှင့် စံနှုန်းများကို သတ်မှတ်သည်။ မည်သည့်အဖွဲ့အစည်းမဆို၏ ကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို ထိပ်ပိုင်းပုဂ္ဂိုလ်များ၏ အပြုအမူများကို သတ်မှတ်ကာ အထက်မှ အောက်သို့ တစ်ဆင့်ချင်း ဆင်းလာသည်။

၃။ အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်းများကို ဖန်တီးခြင်း - ယင်းသည် ပို၍သိမ်မွေ့ နက်နဲသော လုပ်ငန်းစဉ်ဖြစ်ပြီး လူပုဂ္ဂိုလ်များအချင်းချင်း အပြန်အလှန်ဆက်ဆံရေးပေါ် မူတည်နေသည်။ အုပ်ချုပ်ရေးအဖွဲ့သည် ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မိမိ လိုလားရာကို ဆုံးဖြတ်ပြီး အလုပ်အမှုဆောင် ရာထူးများအဖြစ် ခန့်အပ်ထားသော လူများမှတစ်ဆင့် အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်းအတိုင်း လုပ်ဆောင်မှုအပေါ် သြဇာသက်ရောက်သည်။

၄။ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားသော ကျင့်ဝတ်ဆိုင်ရာနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ မူဘောင်အတွင်း ရှိနေရမည်ဖြစ်ပြီး ထိန်းညှိခြင်း၊ ပြဋ္ဌာန်းဥပဒေအတိုင်း ကျင့်သုံးခြင်း၊ ဥပဒေအရ တာဝန်ဝတ္တရားများ ပြဋ္ဌာန်းခြင်းတို့အပြင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ ရယူနိုင်ရန် ဦးတည်သည့် စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်တာများ ဖြစ်စေမှုသေချာစေခြင်းအားဖြင့် လေးစားလိုက်နာမှုများကို အာမခံရသည်။

၅။ အဖွဲ့အစည်းအတွက် အုပ်ချုပ်ရေးမူဘောင်များကို ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း - အုပ်ချုပ်ရေးအဖွဲ့သည် အဖွဲ့အစည်း၏ စွမ်းဆောင်ချက်များအတွက် တာဝန်ခံရပြီး အဖွဲ့အစည်း၏ လွှမ်းခြုံသဘော တာဝန်များကို ယူရသည်။ သို့သော် အဖွဲ့အစည်းအများစုတွင် အုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်မှုလုပ်ငန်းအားလုံးကို အုပ်ချုပ်ရေး အဖွဲ့ သက်သက်ဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိပေ။

မည်သို့ပင်ဆိုစေကာမူ အဖွဲ့အစည်းတစ်ရပ်၏ ကိစ္စရပ်များနှင့် လုပ်ဆောင်ချက်များအတွက် အပြည့်အ၀ တာဝန်ခံရသည်မှာ အုပ်ချုပ်ရေးအဖွဲ့သာဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇန်နဝါရီ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent