လွတ်လပ်ခွင့်ဟူသည်

လွတ်လပ်ခွင့်ဟူသည်
Published 5 January 2018

လွတ်လပ်ခွင့်ဟူသည် တားဆီးပိတ်ပင်မှု သို့မဟုတ် ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ၊ အာဏာရှင်အစိုးရတစ်ရပ်မရှိဘဲ တစ်စုံတစ်ဦး လိုလားသည့်အတိုင်း ပြုမူရန်၊ ပြောဆိုရန်နှင့် တွေးတောရန် ပါဝါ သို့မဟုတ် လုပ်ပိုင်ခွင့်ဖြစ်သည်။ အခြေခံ လူ့အခွင့်အရေးများအဖြစ် နိုင်ငံတကာက သဘောတူထားပြီး နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေများထဲ၌ ပါဝင်သည့် ထင်ရှားသော လွတ်လပ်ခွင့်အချို့ရှိသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်- အချက်အလက်များ သို့မဟုတ် ထင်မြင်ချက်များအား ပုံနှိပ်ခြင်းနှင့် ဖြန့်ချိခြင်းကို အစိုးရက နှောင့်ယှက်တားဆီးခြင်းအား တားမြစ်ထားသည်။ သို့သော် ၎င်းအား အသရေဖျက်မှုဥပဒေနှင့် မူပိုင်ခွင့်ဥပဒေတို့က ကန့်သတ်ပေးထားသည်။ သတင်းစုဆောင်းပိုင်ခွင့်သည်ကား ကန့်သတ်မှုထဲ၌ မပါဝင်ပါ။

လွတ်လပ်စွာ စုဝေးပိုင်ခွင့်- တစ်ခါတစ်ရံ၌ လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်းခွင့်ဟုလည်း ဆိုတတ်ကြသည်။ အတူတကွ စုဝေးပိုင်ခွင့်နှင့် ဘုံအကျိုးစီးပွားများကို စုပေါင်းဖော်ပြ၊ မြှင့်တင်၊ လုပ်ဆောင်၊ ကာကွယ်နိုင်သည့် တစ်ဦးချင်းဆိုင်ရာ လွတ်လပ်ခွင့် ဖြစ်သည်။ လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်းပိုင်ခွင့်ကို လူ့အခွင့်အရေးတစ်ရပ်၊ နိုင်ငံရေး လွတ်လပ်ခွင့်တစ်ရပ်နှင့် အရပ်ဘက်ဆိုင်ရာ လွတ်လပ်ခွင့်တစ်ရပ်အဖြစ် အသိအမှတ်ပြုကြသည်။ ယင်းလွတ်လပ်ခွင့်ကို အများပြည်သူ ဘေးကင်းလုံခြုံမှုကို ကာကွယ် စောင့်ရှောက်ရေးအတွက် ဥပဒေများဖြင့် ကန့်သတ်ထားနိုင်သည်။

လွတ်လပ်စွာ ဖော်ထုတ်ပြသပိုင်ခွင့်- ယင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်နှင့် လွတ်လပ်စွာ အသနားခံစာ စုဆောင်းပိုင်ခွင့်တို့ ပါဝင်သည်။ ယင်းလွတ်လပ်ခွင့်ကို အသရေဖျက်ခြင်း၊ သူတစ်ပါးအား ထိခိုက်စေခြင်း၊ ထိုးနှက်တိုက်ခိုက်သော စကားလုံးများ ဖန်တီးခြင်း၊ ပြစ်မှုကျူးလွန်စေရန် လူအများကို လှုံ့ဆော်ခြင်း၊ နိုင်ငံတော် အကြည်ညိုပျက်စေခြင်းနှင့် ညစ်ညမ်းသော ဖော်ပြမှုများ အသုံးပြုခြင်းတို့အဖြစ် ချဲ့ထွင်ခြင်းမပြုနိုင်ပေ။

လွတ်လပ်စွာ ပြောဆိုခွင့်- အစိုးရ၏ နှောင့်ယှက်တားဆီးမှုမပါဘဲ ပြည်သူတို့အနေဖြင့် မိမိတို့၏ ထင်မြင်ချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ဖြစ်သည်။ ယင်း လွတ်လပ်ခွင့်ကို အမုန်းစကားများ ဖြန့်ချိခြင်း၊ ကြော်ငြာခြင်း၊ ကလေးညစ်ညမ်းပုံများ ဖြန့်ချိခြင်းနှင့် အခြားသာဓက အနည်းငယ်တို့အဖြစ် မချဲ့ထွင်နိုင်ပေ။

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့်- လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် လူ့အသိုင်းအဝိုင်း တစ်ရပ်အနေဖြင့် လူသိရှင်ကြားဖြစ်စေ၊ မိမိကိုယ်ပိုင်သီးသန့်ဖြစ်စေ သင်ကြားမှုများ၊ ကျင့်သုံးမှုများ၊ ရှိခိုးပူဇော်မှုများနှင့် ဥပုသ်သီလ စောင့်ထိန်းမှုများ၌ ဘာသာရေးတစ်ရပ် သို့မဟုတ် ယုံကြည်ချက်တစ်ရပ်ကို လွတ်လပ်စွာ ပြုလုပ်ပိုင်ခွင့်ဖြစ်သည်။ ယင်းလွတ်လပ်ခွင့်ကို မည်သည့် ဘာသာရေးဆိုင်ရာ ယုံကြည်ချက်အတွက်မဆို ချဲ့ထွင်ပိုင်ခွင့်ရှိသည်။ သို့သော် ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများအားလုံး (ဥပမာအားဖြင့် ဥပဒေများကို ချိုးဖောက်သော လုပ်ဆောင်မှုများ) ကျင့်သုံးပိုင်ခွင့်မပါပေ။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံသားတို့၏ လွတ်လပ်ခွင့်များအား နိုင်ငံ၏ ဥပဒေများက အကာအကွယ် ပေးထားရမည်ဖြစ်သကဲ့သို့ နိုင်ငံသားများအနေဖြင့်လည်း မိမိတို့၏ လွတ်လပ်ခွင့်များအား ဥပဒေများနှင့်အညီသာ ကျင့်သုံးရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

ဇန်နဝါရီ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent