နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ

နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ
Published 30 December 2017

ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတို့အပြင် ၎င်းတို့နှင့် ဝယ်ယူအားပေးမှု၊ အစိုးရနှင့် ဥပဒေများ ဆက်စပ်ပုံတို့ကိုပါ လေ့လာခြင်းအား နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာဟု ခေါ်သည်။

စီးပွားရေးသဘောတရားများနှင့် နည်းနာများက အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်နှင့် ကွန်မြူနစ်စနစ်ကဲ့သို့သော ကွဲပြားခြားနားသည့် လူမှုရေးနှင့် စီးပွားရေးစနစ်များကို ဖွံ့ဖြိုးစေပုံနှင့် သြဇာလွှမ်းမိုးပုံတို့အား လေ့လာခြင်းနှင့် အသုံးပြုခြင်းဖြစ်သည်။ ယင်းပညာသည်  အများပြည်သူနှင့်ဆိုင်သော မူဝါဒများကို ဖန်တီးပုံနှင့် အကောင်အထည်ဖော်ပုံတို့ကို လေ့လာသုံးသပ်သည်။ ပြိုင်ဆိုင်ကြဖွယ်ရှိသော အကျိုးစီးပွားများ၏ ကျယ်ပြန့်သော အခင်းအကျင်းတစ်ရပ်ကို ခြုံငုံထားသည့် စည်းမျဉ်းတစ်ရပ်ဟူသည် ရှုပ်ထွေးသော နယ်ပယ်တစ်ရပ်ဖြစ်သောကြောင့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် စီးပွားရေးတစ်ရပ်ကို မည်သို့မည်ပုံ ဖွံ့ဖြိုးစေမည်ဆိုသည်၌ လူပုဂ္ဂိုလ်အမျိုးမျိုးနှင့် အုပ်စုအမျိုးမျိုးတို့တွင် ကွဲပြားခြားနားသော အကျိုးစီးပွားများ ရှိကြသည်။

အကန့်အသတ်ရှိသော ရင်းမြစ်များအတွက် ပြိုင်ဆိုင်နေသော အုပ်စုများနှင့် အာဏာတို့က မည်သည့်ဆောင်ရွက်ချက်လမ်းကြောင်းသည် အကျိုးအရှိဆုံးရလဒ်များ ပေးလိမ့်မည်ဟူသည်ကိုလည်းကောင်း၊ ရရှိသည့် ယင်းရလဒ်များနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေသည် မည်သည့်အရာဖြစ်မည်ဟူသည်ကို လည်းကောင်း ဆုံးဖြတ်ရမည်ဖြစ်သောကြောင့် နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာတွင် ဂိမ်းသီအိုရီကို အသုံးပြုရခြင်းလည်း ပါဝင်သည်။ ယနေ့ခေတ်ပြိုင် အခင်းအကျင်းတွင် နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာသည် စီးပွားရေးနှင့် အခြား ပတ်သက် ဆက်နွှယ်နေသော အမူအကျင့်များအား သတ်မှတ်ရန်နှင့် လေ့လာရန် ကွဲပြား ခြားနားသော်လည်း ဆက်နွှယ်နေသော ချဉ်းကပ်ပုံများအကြောင်း ဆွေးနွေးခြင်းဖြစ်သည်။  နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာကို ကွဲပြားခြားနားသော နည်းလမ်းသုံးရပ်ဖြင့် ချဉ်းကပ်နိုင်သည်။

ပညာရပ်နယ်ပယ်တစ်ခုမက ရောနှောနေသော လေ့လာမှု - နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများ၊ စီးပွားရေးစနစ်နှင့် နိုင်ငံရေးဝန်းကျင်တို့ တစ်ခုနှင့်တစ်ခု သက်ရောက်ပုံနှင့် သြဇာလွှမ်းမိုးပုံတို့ကို သတ်မှတ်ရန် လူမှုဗေဒ၊ စီးပွားရေးပညာနှင့် နိုင်ငံရေးသိပ္ပံတို့ စုပေါင်းထားသည့် ရှုထောင့်မှနေ၍ ကောက်ချက်ဆွဲခြင်းဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာအသစ် - ယင်းသည် လေ့လာသုံးသပ်ရမည်ဖြစ်သော်လည်း နောက်ထပ် ရှင်းပြရန်နှင့် ဆွေးနွေးရန်လိုအပ်သော လုပ်ဆောင်ချက်များနှင့် ယုံကြည်ချက်များအဖြစ်သာ လေ့လာ သုံးသပ်ရမည်ဖြစ်သည့် မူဘောင်များအနေဖြင့် မဟုတ်ဘဲ စီးပွားရေး အိုင်ဒီယိုလိုဂျီများကို ချဉ်းကပ်ခြင်းဖြစ်သည်။

နိုင်ငံတကာ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ - ယင်းကို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပညာဟုလည်းခေါ်ပြီး ပညာရပ်နယ်ပယ်တစ်ခုမက ရောနှောနေသော ချဉ်းကပ်ပုံတစ်ရပ်မှ မြစ်ဖျားခံသည်။ ယင်းသည် စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးအကြား ဆက်နွှယ်ချက်ကို လေ့လာသုံးသပ်ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းသည် နိုင်ငံရေးသိပ္ပံ၊ စီးပွားရေးပညာ၊ လူမှုဗေဒ၊ ယဉ်ကျေးမှုဆိုင်ရာ လေ့လာမှုနှင့် သမိုင်းဘာသာရပ်များကဲ့သို့သော ကွဲပြားခြားနားသည့် ပညာရပ်နယ်ပယ်များစွာမှနေ၍ ဆွဲယူထားခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာတစ်လွှား၌ တစ်နေ့တခြား ပို၍ပို၍ ကျယ်ပြန့်လာကာ ပို၍ပို၍ ရှုပ်ထွေးလာနေသည့် စီးပွားရေးလောကတွင် များစွာ နောက်ကျ ကျန်ရစ်ခြင်းမရှိစေရန် နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာဖြင့် စနစ်တကျ လေ့လာသုံးသပ် သုတေသနပြုမှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဒီဇင်ဘာ ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent