အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်းက ဒီမိုကရေစီ၏အသက်

အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်းက ဒီမိုကရေစီ၏အသက်
Published 28 December 2017

ဒီမိုကရေစီစနစ်သည် ပြည်သူတို့ကို ဦးထိပ်ထားသည်ဆိုသည့် စနစ်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို အများလက်ခံသဘောကျပြီး ကမ္ဘာ့နိုင်ငံအများစုတွင် လက်ခံကျင့်သုံးနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီတွင် စံသတ်မှတ်ချက်များ ရှိသည်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် ဒီမိုကရေစီကို ခိုင်မာစေသော စံသတ်မှတ်ချက်များကို မလွဲမသွေ လိုက်နာကြရသည်။ ယင်းသို့ဖြင့် ၎င်းတို့၏ အုပ်ချုပ်ပုံသည် ပြည်သူကို ဦးထိပ်ထားသည့် အများလက်ခံသော အုပ်ချုပ်ပုံကောင်းတစ်ရပ်ကို တည်ငြိမ်စွာတည်ဆောက် နိုင်ကြခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် အပြန်အလှန်ထိန်းကျောင်းခြင်း (Check and Balance) သည် များစွာအရေးပါသည်။ နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားတွင် အရေးကြီးသော ဒေါက်တိုင်သုံးခုဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်အသီးသီးသည် တစ်ခုကိုတစ်ခု အမှီပြုနေကြသည်။ ယင်းမဏ္ဍိုင်များအနေဖြင့် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ရာတွင် တစ်ခုပေါ်တစ်ခု အမှီသဟဲပြုကြရသည့်အပြင် အပြန်အလှန် တည့်မတ်ထိန်းကျောင်းရန်လည်း လိုအပ်သည်။ သို့မှသာ အုပ်ချုပ်ရေးအာဏာရထားသော အစိုးရအဖွဲ့၊ ဥပဒေပြုရေး အာဏာရထားသော လွှတ်တော်နှင့် တရားစီရင်ရေးမဏ္ဍိုင်မှ တရားရေးဆိုင်ရာဝန်ထမ်းများ ဟန်ချက်ညီစွာဖြင့် နိုင်ငံကောင်းကျိုးအတွက် အမှားကင်းကင်း၊ အကျင့်ပျက်ခြစားမှုနည်းစွာဖြင့် ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။

ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း ဧက ၁၄၀၀ ကျော်ပေါ်၌ တည်ဆောက်မည့် Eco Green City အိမ်ရာစီမံကိန်းကို ပန္နက်တင်မင်္ဂလာနှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါစီမံကိန်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၃ မိုင် ၁ ဖာလုံအနီးရှိ ကျူးကျော်အိမ်ခြေ ၄၀၀၀ ကို ဇွန်လအတွင်းက ဖျက်ခဲ့ပြီး ဆောင်ရွက်သည့် စီမံကိန်းလည်း ဖြစ်သည်။

ယင်းစီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ တိုင်းဒေသကြီးလွှတ်တော်၌ ရှင်းလင်းပြသခဲ့ခြင်း မရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။ “ရန်ကုန်မြို့သစ်စီမံကိန်းကိုလည်း ရှင်းလင်းခွင့် မရခဲ့ဘူး။ အခု Eco Green City စီမံကိန်းကိုလည်း မသိရဘူး။ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူး။ လွှတ်တော်ထဲလည်း မဖြတ်ဘူး။ ဒီအတိုင်း အကောင်အထည်ဖော်လိုက်တယ်။ ဒီကိစ္စကို လွှတ်တော်မှာ တင်ပြသွားမယ်” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ဝေဖန်ပြောကြားခဲ့သည်။ ထို့ပြင် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကလည်း အဆိုပါစီမံကိန်းအား ဒုတိယအကြိမ်  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့ပြမဟာဗျူဟာ စီမံကိန်းနောက်ဆက်တွဲအဖြစ် တင်ပြခဲ့ကြောင်း ကိုယ်စားလှယ်များက သီးခြားစီမံကိန်းအဖြစ် တင်ပြရန် အကြောင်းပြန်ခဲ့ကြောင်း၊ စီမံကိန်းအသေးစိတ် အချက်အလက်များကို လွှတ်တော်သို့ တင်ပြခဲ့ခြင်းမရှိခဲ့ဘဲ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အခုစီမံကိန်းက အကြီးကြီးလေ။ လွှတ်တော်ကို ဖြတ်ပြီးမှပဲ သွားရမှာ။ ဒါမှ ဒီမိုကရေစီကျမှာ။ ပြည်သူ့ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကို လေးလေးစားစား တင်ပြရမယ်။ အဲဒီအထဲမှာ ဆွေးနွေးအကြံပြုလို့ရမှာ။ မလုပ်နဲ့ဆိုပြီး ကန့်ကွက်မှာ မဟုတ်ဘူး။ လွှတ်တော်တင်ရင် ဝိုင်းဝန်းဆွေးနွေး အကြံပြုလို့ရတယ်။ အသေးစိတ်ကို လွှတ်တော်ကို တင်ပြတာမရှိဘူး။ ဘယ်လိုဆောက်မယ်။ ဘယ်ကုမ္ပဏီနဲ့ဆောက်မယ်။ ဘာတွေ ဆောက်မယ်ဆိုတာ မချပြခဲ့ဘူး။ လွှတ်တော်ကပဲ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီးသွားရတာ။ ပွင့်လင်းမြင်သာမှု ရှိသင့်တာပေါ့” ဟု ဦးကျော်ကျော်ထွန်းက သုံးသပ်ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ မဲဆန္ဒနယ်အသီးသီးတွင် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ကြသူများ ဖြစ်သည်။ ၎င်းတို့သည် ပြည်သူများက တိုက်ရိုက်ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြစ်သည့်အတွက် ပြည်သူများအရေးကို လွှတ်တော်မှတစ်ဆင့် အဓိကလုပ်ဆောင်ကြရသည်။ မိမိတို့ပြည်သူများအတွက် သင့်လျော်မျှတသည့် အကျိုးရှိမည့် ကိစ္စရပ်များကို အုပ်ချုပ်ရေးမဏ္ဍိုင်က မှန်ကန်စွာလုပ်ဆောင်နိုင်ရန် အကြံပြုချပြပေးရသည်။ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ဥပဒေပြုရေးမဏ္ဍိုင်က ထိန်းကျောင်းတည့်မတ်ပေးရခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

မဏ္ဍိုင်သုံးရပ် အပြန်အလှန်ထိန်းကျောင်းမှု ပျက်ယွင်းပါက ဒီမိုကရေစီယန္တရားလည်း ပျက်ယွင်းမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကိုကျင့်သုံးမည့် နိုင်ငံအနေဖြင့် ဒီမိုကရေစီ၏ စံနှုန်းများ ပျက်ယွင်းမသွားရန် ထိန်းကျောင်းလုပ်ဆောင်ရမည် ဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းမှုဟူသည် အာဏာခွဲဝေပြဋ္ဌာန်းမှုဟုလည်း ဆိုနိုင်သည်။ မဏ္ဍိုင်တစ်ရပ်တည်းအပေါ် အဓိကလုပ်ပိုင်ခွင့်အာဏာ ပေးမထားခြင်းဖြင့် Mismanagement နှင့် Corruption ဖြစ်ခြင်းတို့မှ ရှောင်လွှဲနိုင်ပြီး ဒီမိုကရေစီစနစ်တစ်ရပ်ကို အခြေတည်စေမည် ဖြစ်သည်။

ထို့ကြောင့် ပြည်သူကို ဗဟိုပြုမည့် အစိုးရတစ်ရပ်အနေဖြင့် မဏ္ဍိုင်သုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှုရှိစေရန် တည့်မတ်လုပ်ဆောင်ပေးရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent