ဝင်ငွေလည်ပတ်စီးဆင်းမှု

ဝင်ငွေလည်ပတ်စီးဆင်းမှု
Published 12 December 2017

ဝင်ငွေလည်ပတ်စီးဆင်းမှုဟူသည် အဓိကဖလှယ်မှုများက စီးပွားရေးအေးဂျင့်များအကြား ငွေကြေး၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု အစရှိသည်တို့၏ စီးဆင်းမှုများအဖြစ် ကိုယ်စားပြုသော စီးပွားရေးပုံစံတစ်ရပ်ဖြစ်သည်။ ငွေကြေးနှင့် ကုန်ပစ္စည်းစီးဆင်းမှုများသည် တန်ဖိုးအရ အပိတ်ပတ်လမ်းပုံစံ ဆက်နွှယ်မှုတစ်ရပ်၌ ဖလှယ်ကြသော်လည်း ဆန့်ကျင်ဘက်လားရာအတိုင်း သွားနေကြသည်။ ယင်းလည်ပတ်စီးဆင်းမှုကို လေ့လာသုံးသပ်ခြင်းသည် နိုင်ငံတော်၏ စာရင်းဇယားအခြေခံဖြစ်သောကြောင့် မက်ခရိုစီးပွားရေးနှင့်ဆိုင်သည်။ ဝင်ငွေလည်ပတ်စီးဆင်းမှု သဘောတရားကိုတင်ပြခဲ့သူမှာ ရစ်ချက်ကန်တယ်လွန်ဖြစ်သည်။ ဖရန်ဆွာကင်နေးက ယင်းသဘောတရားကို ဖွံ့ဖြိုးအောင်နှင့် မြင်သာအောင် ပြုလုပ်ခဲ့သည်။ ရစ်ချက်စတုန်းဆိုသူက ယင်းသဘောတရားကို ကုလသမဂ္ဂအပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် နိုင်ငံတကာကအသုံးပြုသော စနစ်တစ်ရပ်ဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့သည်။

ငွေကြေးလည်ပတ်စီးဆင်းမှုသည် ဥပမာအားဖြင့် နိုင်ငံတော်ဝင်ငွေနှင့် ထွက်ကုန်စာရင်း (NIPAs) နှင့် စီးပွားရေးတစ်ရပ်လုံးကို ကောင်းစွာနားလည်နိုင်ရန်အတွက် သဘောတရားတစ်ရပ်ဖြစ်သည်။ ယင်း၏ အခြေခံအကျဆုံးပုံစံတွင် လုပ်ငန်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များသက်သက်ပါဝင်သော ရိုးရှင်းသည့် စီးပွားရေးတစ်ရပ်အဖြစ် စဉ်းစားပြီး လည်ပတ်စီးဆင်းမှုပုံကြမ်းဟုခေါ်သည့် ပုံစံတစ်ရပ်အဖြစ်တင်ပြနိုင်သည်။ ယင်းရိုးရှင်းသည့်စီးပွားရေးတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ထုတ်လုပ်သည့်လုပ်ငန်းများ စွမ်းဆောင်နိုင်အောင် လုပ်အားများထောက်ပံ့ကြသည်။ ယင်းလုပ်ဆောင်ချက်များကို ပုံကြမ်းတွင် အစိမ်းရောင်မျဉ်းဖြင့် ပြသလေ့ရှိသည်။

တစ်နည်းအားဖြင့်ဆိုသော် ယင်းလုပ်ငန်းကိစ္စကို ဖြစ်ပေါ်စေသည့် ငွေကြေးစီးဆင်းမှုကို ရှုမြင်ခြင်းဖြစ်သည်။ လုပ်ငန်းများသည် လူပုဂ္ဂိုလ်တစ်ဦးချင်းကို ဝင်ငွေထောက်ပံ့ပြီး ၎င်းတို့၏လုပ်အားဖြင့် ဖလှယ်ခြင်းဖြစ်သည်။ ယင်းဝင်ငွေများကို လုပ်ငန်းများက ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် သုံးစွဲခြင်းဖြစ်သည်။ ယင်းလုပ်ဆောင်ချက်များကို ပုံကြမ်းတွင် အပြာရောင်မျဉ်းဖြင့် ပြသလေ့ရှိသည်။ ယင်းဝင်ငွေစီးဆင်းမှုပုံကြမ်းသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ခြင်းနှင့် ယင်းထုတ်လုပ်ခြင်းမှနေ၍ ဝင်ငွေထွက်ပေါ်လာခြင်းကဲ့သို့သော စီးပွားရေးအတွင်းဖြစ်ပေါ်သည့် စီးဆင်းမှုများ သို့မဟုတ် လုပ်ဆောင်မှုများ အပြန်အလှန်မှီခိုနေမှုကို သရုပ်ဖော်ပြခြင်းဖြစ်သည်။ ဝင်ငွေလည်ပတ်စီးဆင်းမှုသည် ထုတ်လုပ်ခြင်းမှနေ၍ ဝင်ငွေရရှိခြင်းနှင့် ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုတု့ိ တန်ဖိုးအကြား ညီမျှမှုတစ်ရပ်ကို သရုပ်ဖော်ပြခြင်းလည်းဖြစ်သည်။

အမှန်တကယ်၌ စီးပွားရေးတစ်ရပ်လုံးသည် ယခုကဲ့သို့ သရုပ်ဖော်ပြသည်ထက် များစွာပို၍ရှုပ်ထွေးလှသည်။ စီးပွားရေးတစ်ရပ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် လုပ်ငန်းများအကြား အပြန်အလှန်ဆက်နွှယ်မှုသာမက နိုင်ငံ၊ ပြည်နယ်နှင့် ဒေသခံအစိုးရများအပြင် ကမ္ဘာ့အခြားနေရာများ၌ နေထိုင်သူများပါ ပါဝင်ပတ်သက်နေသည်။ ယခုကဲ့သို့ စီးပွားရေးကို ရိုးရှင်းစွာသရုပ်ဖော်ပြခြင်းမပြုနိုင်သည်မှာ အရင်းအနှီးအဖြစ် ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးအရင်းအနှီး စီးဆင်းမှုများနှင့် ယင်းစီးဆင်းမှုများ ဖြန့်ဝေခြင်းမှသည် ပိုင်ဆိုင်မှုအသေများအဖြစ် စုပုံနေမှုအထိကဲ့သို့သော စီးပွားရေးလုပ်ဆောင်ချက်များဆိုင်ရာ အခြားမျက်နှာစာများကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဝင်ငွေလည်ပတ်စီးဆင်းမှုထဲသို့ ထည့်သွင်းမှုနှုန်းသည် ယင်းဝင်ငွေလည်ပတ်စီးဆင်းမှုထဲမှ နုတ်ယူမှုနှုန်းနှင့်ညီမျှနေမှသာ စီးပွားရေးတစ်ရပ်သည် မျှခြေ၌ တည်ငြိမ်စွာရပ်တည်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ (၁၂) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent