ချန်ထားရစ်ရတော့မည့် ၂၀၁၇

ချန်ထားရစ်ရတော့မည့် ၂၀၁၇
Published 10 December 2017

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဥရောပသမဂ္ဂမှ နုတ်ထွက်မည့်ဘက်က အနိုင်ရရှိသွားခြင်းသည် ဗြိတိန်ကိုတုန်လှုပ်စေခဲ့သည်။ သမ္မတရွေးကောက်ပွဲများ၌ ဖိလစ်ပိုင်တွင် ရိုဒရီဂိုဒူတာတေးနှင့် အမေရိကန်တွင် ဒေါ်နယ်ထရန့်တို့ အနိုင်ရရှိခဲ့ကြသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်ကို ပေါ်ပြူလစ်ဇင် (သာမန်လူထု၏အကျိုးကို ရည်မျှော်သည်ဟုဆိုသောဝါဒ) က ကမ္ဘာကိုလွှမ်းမိုးခဲ့သည်ဟုဆိုခဲ့လျှင် ၂၀၁၇ ခုနှစ်သည် ပြန်လည်တွက်ဆခြင်း နှစ်တစ်နှစ်ဟု ဆိုရပေလိမ့်မည်။ ၂၀၁၇ ခုနှစ်တွင် အခင်းအကျင်းသစ်တစ်ရပ် ဝင်ရောက်လာသည်။ ကမ္ဘာသူကမ္ဘာသားတို့သည် ရေရှည်လွှမ်းမိုးလာခဲ့သော ဇာတ်ကြောင်းများကို ပြန်လည်စဉ်းစားသုံးသပ်ရန် ဖိအားပေးခံရပြီး အရှိတရားအသစ်ကို ထိပ်တိုက်ရင်ဆိုင်ရန် နည်းလမ်းရှာဖွေကြရသည်။

၂၀၁၇ ခုနှစ်ကို လွှမ်းမိုးခဲ့သော ကြီးမားသည့်အကြောင်းအရာသည် ပေါ်ပြူလစ်ဇင် တစ်ခုတည်းသာမဟုတ်ခဲ့ပါ။ မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုအထိ ရောက်နိုင်သော အင်အားကောင်းလှသည့် ဒုံးကျည်အသစ်များကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ IS အဖွဲ့သည် စစ်မြေပြင်တစ်ခုပြီးတစ်ခု၌ ရှုံးနိမ့်ခဲ့သော်လည်း ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများသည် ၎င်းတို့၏ ပြည်တွင်းရေးကိစ္စများ၌ ရုရှားက တိုး၍ တိုး၍ ခြေထိုးလာမှုကို ကိုင်တွယ်နိုင်ရန် ရုန်းကန်ခဲ့ရသည်။ အမေရိကန်အစိုးရအဖွဲ့ကို ဘီလျံနာသူဌေးများ လွှမ်းမိုး၍လာသည်။ လက်ယာအစွန်းရောက်များ နိုင်ငံတော်အာဏာကို ပထမဆုံးအကြိမ်အဖြစ် မြည်းစမ်းခွင့်ရလာသည်။ ယင်းဖြစ်ရပ်များ၏ အင်အားကိုရယူကာ လက်ဝဲအစွန်းရောက်များသည်လည်း နောက်တန်းမှနေ၍ ရှေ့တန်းသို့ ခုန်တက်လာသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံးလူသားတို့၏ ဘေးဒုက္ခကပ်များကို ကမ္ဘာကြီးက အကြီးအကျယ်လျစ်လျူပြုလာသည်။ ကုလသမဂ္ဂ၏အဆိုအရ နေရပ်များမှ အတင်းအကျပ် ရွှေ့ပြောင်းခံရသူများသည် စံချိန်တင်အဆင့်များသို့ရောက်ရှိခဲ့ပြီး လူပေါင်းသန်း ၂၀ ခန့်သည် အစာရေစာငတ်ပြတ်မည့်ဘေးနှင့် ရင်ဆိုင်ရသည်။

၂၀၁၇ ခုနှစ်အတွင်းဖြစ်ရပ်များကို တုံ့ပြန်ခဲ့ကြသူများမှာ နိုင်ငံရေးသမားများနှင့် ဆန္ဒပြသူများသာမဟုတ်ပါ။ ဆော်ဒီအာရေဗျမှ အမျိုးသမီးတက်ကြွလှုပ်ရှားသူများသည် နောက်ဆုံးတွင် အမျိုးသမီးများ ကားမောင်းခွင့်ရရေးတိုက်ပွဲ၌ အနိုင်ရရှိသွားကြသည်။ ဒေသခံအများအပြား၏အသံများကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းထားသော ဗီယက်နမ်စစ်ပွဲကို အရှိအတိုင်း ပြန်လည်ဖော်ပြသည့် ရုပ်ရှင်ကားသစ်ထွက်ရှိလာခဲ့သည်။ ဗီဇတည်းဖြတ်ခြင်းနည်းပညာက မျိုးဗီဇဆိုင်ရာရောဂါများကို တိုက်ဖျက်ရန် မျှော်လင့်ချက်အသစ်များကို ပေးနိုင်ခဲ့သည်။ ပြည်ပြေး တရုတ်အနုပညာရှင်တစ်ဦးသည် ကမ္ဘာ၏ ကြီးထွားလာနေသော ဒုက္ခသည်အကျပ်အတည်းကို ရုပ်ရှင်ရိုက်ပြခဲ့သည်။ အင်အားကောင်းလှသော အမျိုးသမီးများလှုပ်ရှားမှုအသစ်တစ်ရပ်သည် ခေတ်နှင့်ချီလျက်ကြာပြီဖြစ်သော လိင်ဆိုင်ရာမတော်မတရားမှုများ၊ လိင်အမဲလိုက်ခြင်းများနှင့်ပတ်သက်သော ကပ်ဆိုးကြီးအကြောင်း ကမ္ဘာက အာရုံစိုက်လာအောင် အဓိကထားခဲ့သည်။

၂၀၁၇ ခုနှစ်သည် ကမ္ဘာ့ပြန်လည်စဉ်းစားတွေးခေါ်သူများ၏ နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ဥပဒေပြုသူများ၊ နည်းပညာအခြေပြုအစိုးရအဖွဲ့ဝင်များ၊ လူရွှင်တော်များ၊ ရှေ့နေများ၊ စွန့်ဦးလုပ်ကိုင်သူများ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ သမ္မတများ၊ လှုံ့ဆော်သူများ၊ နိုင်ငံရေးအကျဉ်းသားများ၊ သုတေသနပြုသူများ၊ မဟာဗျူဟာရေးရာပညာရှင်များနှင့် ရှေ့ရေးကို မျှော်မှန်းတွက်ချက်သူများ အစရှိသူတို့အားလုံးသည် ထူးခြား၍သစ်လွင်သော ကမ္ဘာကြီးကို ပြန်လည်စဉ်းစားသုံးသပ်ရန်သာမက ပြန်လည်ပုံသွင်းရန်အတွက်ပါ အံ့သြစရာနည်းလမ်းများကို အတူတကွရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းတို့သည် ၂၀၁၇ ခုနှစ်ကို သတ်မှတ်ပြဋ္ဌာန်းသည့် လုပ်ဆောင်သူူများဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ချန်ထားရစ်ရတော့မည့် ၂၀၁၇ ခုနှစ်ကို ပြန်လည်သုံးသပ်ခြင်းဖြင့် လာမည့် ၂၀၁၈ ခုနှစ်အား ဖြတ်သန်းနိုင်ရန်အတွက် သင်ခန်းစာပေါင်းများစွာရရှိနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ (၁၀) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent