အပြည်ပြည်ဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေးနေ့

အပြည်ပြည်ဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေးနေ့
Published 9 December 2017

နိုင်ငံတိုင်းဟာ တရားဥပဒေစိုးမိုးမှုအပေါ် အခြေခံပြီး ပြည်သူတွေက ထောက်ခံတဲ့ ခိုင်မာတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့၊ အားလုံးပါဝင်တဲ့ အင်စတီကျူးရှင်းတွေရှိမှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ၂၀၃၀ အာဂျင်ဒါကို ကျွန်တော်တို့ ရယူနိုင်မှာဖြစ်ပါတယ်။
အန်တိုနီယိုဂူတာရက် (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်)

နှစ်စဉ် ဒီဇင်ဘာ ၉ ရက် (ယနေ့) ကို အပြည်ပြည်ဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။ ၂၀၁၇ ခုနှစ်အတွက် အဆိုပါနေ့၏ ပင်မအကြောင်းအရာမှာ “ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြစားမှုတိုက်ဖျက်ရန် စည်းလုံးညီညွတ်ကြ” ဟူ၍ ဖြစ်သည်။ နှစ်စဉ်လာဘ်ပေးရသည့် ငွေပမာဏသည် အမေရိကန်ဒေါ်လာ တစ်ထရီလျံရှိပြီး ခြစားမှုမှတစ်ဆင့် နှစ်စဉ်ခိုးယူခံရသော တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလျံ ရှိသည်။ ယင်းသည် တစ်ကမ္ဘာလုံး ဂျီဒီပီ၏ ငါးရာခိုင်နှုန်းကျော် ရှိသည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၏ အဆိုအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ခြစားမှုကြောင့် ဆုံးရှုံးရသည့်ငွေသည် တရားဝင် ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ရရှိသည့် ပမာဏ၏ ၁၀ ဆခန့် ရှိသည်။

ခြစားမှုသည် လူ့အဖွဲ့အစည်းအားလုံးတွင် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများကို နိမ့်ကျစေနိုင်သည့် ကြီးမားသော ရာဇဝတ်မှုတစ်ရပ်ဖြစ်သည်။ ခြစားမှုဒဏ်ကို မည်သည့်နိုင်ငံ၊ မည်သည့်ဒေသနှင့် မည်သည့်အသိုင်းအဝိုင်းကမှ ခံနိုင်ရည်မရှိပါ။ ယခုနှစ်တွင် ကုလသမဂ္ဂ၏ UNODC အဖွဲ့နှင့် UNDP အဖွဲ့တို့က ခြစားမှုအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ ဒီမိုကရေစီ၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးမှုတို့အပေါ် သက်ရောက်ပုံကို အဓိကထားလျက် ကမ္ဘာ့လှုပ်ရှားမှုတစ်ရပ်ကို ပူးတွဲလုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပူးတွဲလှုပ်ရှားမှုက စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) ရရှိနိုင်ရေး အကြီးဆုံး အဟန့်အတားတစ်ရပ်အဖြစ် ခြစားမှုအပေါ် အဓိကထားခဲ့သည်။

ခြစားမှုသည် နိုင်ငံအားလုံးအပေါ် သက်ရောက်နိုင်သော ရှုပ်ထွေးသည့် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဖြစ်ရပ်ကြီးတစ်ရပ် ဖြစ်သည်။ ခြစားမှုသည် ဒီမိုကရေစီ အင်စတီကျူးရှင်းများကို ချည့်နဲ့သွားစေပြီး စီးပွားရေးဖွံ့ဖြိုးမှုကို နှေးကွေးသွားစေကာ အစိုးရအဖွဲ့ မတည်မငြိမ်ဖြစ်စေမှု၌လည်း အကြောင်းတစ်ရပ်အဖြစ် ပါဝင်တတ်သည်။ ခြစားမှုသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပုံပျက်သွားစေခြင်း၊ တရားဥပဒေစိုးမိုးရေးကို ဖောက်ပြန်သွားစေခြင်းနှင့် ဗျူရိုကရက်ဆိုင်ရာ အရှုပ်တော်ပုံများ ဖြစ်စေခြင်းတို့ဖြင့် ဒီမိုကရေစီ အင်စတီကျူးရှင်းများ၏ အခြေခံအုတ်မြစ်ကို တိုက်ခိုက်ဖြိုဖျက်ပစ်သည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်ရန် စိတ်ပျက်မှုဖြစ်စေခြင်းနှင့် ပြည်တွင်းရှိ လုပ်ငန်းငယ်များအနေဖြင့် ခြစားမှုကြောင့် ပို၍ကြီးလေးသွားသည့် လိုအပ်သော ကုန်ကျစရိတ်များကို ရှာဖွေရန် မတတ်နိုင်ခြင်းတို့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုကို ခြစားမှုက ကြုံလှီသွားစေနိုင်သည်။

၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ခြစားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂသဘောတူညီချက်ကို အတည်ပြုခဲ့သည်။ ယင်းအထွေထွေ ညီလာခံသည် ခြစားမှုနှင့် ခြစားမှုကို တိုက်ဖျက်ရန်နှင့် ကာကွယ်ရန် ကုလသမဂ္ဂ သဘောတူညီချက်ကို သတိပြုမိကြစေရန် မြှင့်တင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာ ၉ ရက်ကို အပြည်ပြည်ဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ရန်လည်း သဘောတူခဲ့သည်။ ကမ္ဘာတစ်လွှားမှ အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံသားများအားလုံးသည် ခြစားခြင်းရာဇဝတ်မှုကို တိုက်ဖျက်ရန် အင်အားစုထဲသို့ ပူးပေါင်းပါဝင်ကြရန် ဖြစ်သည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂမူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) တို့သည် ခြစားမှုတိုက်ဖျက်ရေး အားထုတ်မှုများအတွက် တပ်ဦးများဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်သူတစ်ရပ်လုံးအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် စည်းလုံးညီညွတ်စွာဖြင့် ခြစားမှုမှန်သမျှကို ဝိုင်းဝန်းတိုက်ဖျက်ကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent