တောင်တရုတ်ပင်လယ်၊ မြောက်ကိုရီးယားနှင့် အာဆီယံဖိုရမ်

တောင်တရုတ်ပင်လယ်၊ မြောက်ကိုရီးယားနှင့် အာဆီယံဖိုရမ်
Published 5 August 2017

အာဆီယံလုံခြုံရေးဖိုရမ်ကို သြဂုတ် ၅ ရက်တွင် စတင်ခဲ့ပြီး ဗီယက်နမ်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏နယ်ချဲ့မှုကို ပိုမိုအားကောင်းစွာ ဆန့်ကျင်ရပ်တည်ကြရန် အခြား အရှေ့တောင်အာရှနိုင်ငံများကို တောင်းဆိုလိုက်သည်။ ယင်းအချိန်တွင် မြောက်ကိုရီးယားနိုင်ငံသည်လည်း သူ၏  နျူကလီးယား အစီအစဉ်ကြောင့် ပြင်းထန်သော ဝေဖန်မှုများအောက် ကျရောက်နေသည်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၌ ပါဝင်သော ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ပတ်လည်အစည်းအဝေး မစတင်မီ စီစဉ်ထားသည့် ပူးတွဲထုတ်ပြန်ချက်၌ ပြောင်းလဲပြင်ဆင်စရာများကို ညွှန်ပြသည့် မူကြမ်းတစ်စောင် နှင့် အတူ ဗီယက်နမ်က တရုတ်အား ရဲတင်းစွာ ဆန့်ကျင်ပြခဲ့သည်။

တရုတ်၊ အမေရိကန်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့မှ နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံနိုင်ငံများနှင့် အခြား အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ  နှင့် သြဂုတ် ၆ ရက်မှစ၍ လုံခြုံရေးဆွေးနွေးပွဲတွင် ပူးပေါင်း ပါဝင်မည်ဖြစ်သောကြောင့်  ဖိလစ်ပိုင်နိုင်ငံတွင် သံတမန်ရေးရာ ကိစ္စနှင့်ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးကြရလိမ့်မည်ဟု မျှော်လင့်ထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယခု သီတင်းပတ်အကုန်တွင် မြောက်ကိုရီးယားနိုင်ငံအား ဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်မှုများအတွက် အပြစ်ပေးသည့်အနေဖြင့် ပိုမိုတင်းကျပ်သော ပိတ်ဆို့မှုများပြုလုပ်ရန် အမေရိကန်က မူကြမ်းတင်သွင်းသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မဲခွဲရန်လည်း ရှိနေသည်။

အမေရိကန်က မနီလာမြို့၌ ပြုလုပ်သော အာဆီယံဒေသတွင်း ဖိုရမ်၌ မြောက်ကိုရီးယားအပေါ် တညီတညွတ်တည်း ဖိအားပေးကြရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး အလန်ပီတာကာယီတာနိုက မြောက်ကိုရီးယားအစိုးရအနေဖြင့် ပြင်းထန်သော မက်ဆေ့ချ်ကို ရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။ သို့သော် အာရှတိုက်၏ ပေါက်ကွဲလွယ်သော အခြားထိပ်တန်း အကြောင်းအရာတစ်ခုဖြစ်သည့် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ တရုတ်ကို ဖျောင်းဖျရန် ဖိလစ်ပိုင်၏ အားထုတ်မှုများအား ဗီယက်နမ်က တွန်းလှန်နေခြင်းနှင့်အတူ အများသဘောတူမှုကို ရနိုင်ခြေ အလွန် နည်းပါးနေသည်ဟု သံတမန်များက ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အငြင်းပွားနေသည့် ရေပြင်၌ တရုတ်က ကျွန်းတုများ တည်ဆောက်နေမှုကို ရည်ညွှန်းလျက် အာဆီယံအနေဖြင့် ယင်းတည်ဆောက်မှုများကို အလွန်အမင်း စိုးရိမ်မိကြောင်း ထုတ်ဖော်ပြသရန် ဗီယက်နမ်က တိုက်တွန်းနေသည်။ ပင်လယ်ပြင်နှင့်ပတ်သက်သော ကျင့်ဝတ်စည်းကမ်းများဖြင့် တရုတ်နိုင်ငံအား ဥပဒေအရ ချည်နှောင်ရန် စီစဉ်ထားမှုကိုလည်း ထုတ်ပြန်ချက်၌ အခိုင်အမာ ထည့်သွင်းရန်  အာဆီယံအား ဗီယက်နမ်က လိုလားနေသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ပတ်သက်မှုများစွာရှိ နေသော နိုင်ငံဖြစ်သည်။ တောင်တရုတ်ပင်လယ် အရေး၌ တရုတ်နှင့် အငြင်းပွားနေသော နိုင်ငံများထဲ၌ အာဆီယံနိုင်ငံများစွာ ပါဝင်သည်။ မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူ ကလီးယား စမ်းသပ်မှုများသည်လည်း ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည့် ကြီးမားသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်အရေး နှင့် ပတ်သက်၍လည်းကောင်း၊ မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍လည်းကောင်း အာဆီယံ၏ ဆုံးဖြတ်ချက်နှင့် ရပ်တည်ချက်များသည် မြန်မာနိုင်ငံအပေါ်သို့လည်း ကြီးမားသည့် ရိုက်ခတ်ချက်များ ရှိလာနိုင်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်လ ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent