<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှု

ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုသည် ကမ္ဘာ့စီးပွားရေးအနေဖြင့် လက်ရှိအချိန်၌ ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုကြီးနှစ်ရပ်ဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်ခြင်းသည် စီးပွားရေးအကျပ်အတည်းတစ်ရပ်ဆီသို့ ဦးတည်သွားပြီး နိုင်ငံတစ်နိုင်ငံ၏ အထွေထွေဝယ်ယူနိုင်မှုစွမ်းရည်ကို ကျဆင်းစေသည်။ ထို့ကြောင့် အကျိုးရလဒ်အနေဖြင့် ဆင်းရဲမွဲတေမှုဖြစ်ပေါ်လာပြီး နောက်ဆက်တွဲအနေဖြင့် အကြွေးဝန်ပိမှုများပြားလာသည်။ ဆင်းရဲမွဲတေမှုကို နည်းလမ်းအမျိုးမျိုးဖြင့် သတ်မှတ်ဖော်ပြနိုင်သည်။ ကမ္ဘာ့ဘဏ်၏ အဓိပ္ပာယ်သတ်မှတ်ချက်အရ လူများအနေဖြင့် အနိမ့်ဆုံးလူနေမှုအဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းနိုင်စွမ်းမရှိတော့သည့် စီးပွားရေးအခြေအနေတစ်ရပ်ကို ဆင်းရဲမွဲတေမှုဟု ရည်ညွှန်းသည်။

လုံးဝဆင်းရဲမွဲတေမှုနှင့် နှိုင်းရဆင်းရဲမွဲတေမှု ကဲ့သို့သော ဆင်းရဲမွဲတေမှုအမျိုးအစား ကွဲပြားမှုများရှိနိုင်သည်။ မြို့ပြဆင်းရဲမွဲတေမှု၊ ကျေးလက်ဆင်းရဲမွဲတေမှု၊ အခြေခံဆင်းရဲမွဲတေမှုနှင့် တစ်ဆင့်ခံ ဆင်းရဲမွဲတေမှုအစရှိသည်ဖြင့် အခြားအမျိုးအစားများစွာအဖြစ်လည်း ခွဲခြားသတ်မှတ်နိုင်သည်။ မည်သည့်ဆင်းရဲမွဲတေမှု အမျိုးအစားဖြစ်စေ အခြေခံအကြောင်းတရားမှာ လုံလောက်သော ၀င်ငွေမရှိခြင်းပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအောက် စီးပွားရေးအများစု၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းနှင့် ၀င်ငွေကွာဟချက်ကြီးမားခြင်းတို့သည် လူများအစုလိုက်အပြုံလိုက် ဆင်းရဲမွဲတေမှုကို ဖြစ်စေသည်။

ထိရောက်သည့် လုပ်အားလိုအပ်ချက် အစုအဝေးနည်းပါးခြင်းသည် အလုပ်လက်မဲ့ပေါများခြင်း၏ အခြေခံအကြောင်းတရားတစ်ရပ်ဖြစ်သည်။ ဖွံ့ဖြိုးမှုနည်းပါးသော စီးပွားရေးများတွင် စုစုပေါင်းလုပ်အားအင်အားစု၏ အစိတ်အပိုင်းတစ်ရပ်သည် အမြဲမပြတ် ပိုလျှံလုပ်အားများဖြစ်နေသည်။ ယင်းပြဿနာသည် အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ၌ လွှမ်းမိုးနေတတ်သည်။ လုပ်အားပိုလျှံမှုကြောင့် လုပ်အားအင်အားစု၏ ဘေးထွက်ထုတ်လုပ်မှုစွမ်းအားသည် သုည သို့မဟုတ် အနုတ်လက္ခဏာပင် ပြနေသည်။ ယင်းပိုလျှံနေသော လုပ်အားအင်အားစုသည် စီးပွားရေး သို့မဟုတ် လူမှုရေးအကျပ်အတည်းတစ်ရပ် ကျရောက်စဉ်အတွင်း ပထမဆုံး အလုပ်လက်မဲ့များဖြစ်လာသည်။

အရင်းရှင် စီးပွားရေးစနစ်တစ်ရပ်သည် အဖွဲ့အစည်း ဖွဲ့စည်းပုံအရရွေ့လျားသော အပြောင်းအလဲအချို့ ဖြစ်ပွားသည့်အခါ ဖွဲ့စည်းပုံဆိုင်ရာ အလုပ်လက်မဲ့ဖြစ်မှုဖြစ်ပေါ်သည်။ ယင်းအလုပ်လုပ်မဲ့ဖြစ်မှု အမျိုးအစားသည် ကာလရှည်ကြာသော ဆက်တိုက်ဖြစ်ပေါ်နေသည့် အချိန်အပိုင်းအခြားတစ်ရပ်အတွင်း စုစုပေါင်း လိုအပ်ချက်လျော့နည်းမှု ဆက်လက်ဖြစ်ပေါ်နေပါကလည်း ထွက်ပေါ်လာနိုင်သည်။ အချိုးအစားအလိုက် အလုပ်လက်မဲ့ဖြစ်မှု၌ လုပ်သားတို့သည် ယာယီအလုပ်လက်မဲ့ဖြစ်ကြရသည်။ သင့်တော်သော အထောက်အပံ့များချို့တဲ့မှုကြောင့် လုပ်သားများကိုယ်တိုင်က အလုပ်လုပ်ရန်ရှောင်ရှားခြင်းသည်လည်း ပုန်းလျှိုးနေသော အလုပ်လက်မဲ့ဖြစ်မှုပြဿနာဖြစ်သည်။ ဖွံ့ဖြိုးမှုနည်းပါးသော စီးပွားရေးများ၌ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ဆင်းရဲမွဲတေခြင်းတို့သည် အတွေ့ရအများဆုံးဖြစ်သည်မှာ မှန်ကန်သည်။ သို့သော် ကမ္ဘာ့စီးပွားရေးပျက်ကပ်များကြောင့် ဖွံ့ဖြိုးပြီး စီးပွားရေးများမှာလည်း ယင်းစိန်ခေါ်မှုများနှင့် ရင်ဆိုင်ဖူးကြသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်မှုနှင့် ဆင်းရဲမွဲတေမှုတို့သည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကအဟန့်အတားများအဖြစ် အမြဲတစေတည်ရှိလျက်ရှိပြီး ယင်းတို့က မြန်မာ့စီးပွားရေးကို တစ်ချိန်လုံးချည့်နဲ့အောင် ပြုလုပ်နေခြင်းဖြစ်သည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ (၂) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်