လူ့ဂုဏ်သိက္ခာနှင့် ဥပဒေရေးရာ

လူ့ဂုဏ်သိက္ခာနှင့် ဥပဒေရေးရာ
Published 30 November 2017

“ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်း၊ ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး တည်ဆောက်ရာတွင် အထောက်အကူပြုစေခြင်း၊ ဥပဒေကို ပြည်သူများက နားလည်လိုက်နာကျင့်သုံးနိုင်ရန် ပညာပေးခြင်းနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးခြင်း၊ အမှုကိစ္စများကို ဥပဒေခွင့်ပြုချက် ဘောင်အတွင်း၌ ဥပဒေနှင့်အညီ ကျေအေးပြီးပြတ်စေရန် ဆောင်ရွက်ခြင်း၊ ဥပဒေအရ တားမြစ်ထားချက်မှအပ ပြည်သူရှေ့မှောက်တွင် တရားစီရင်ခြင်း၊ အမှုတွင် ချေပခွင့်နှင့် ဥပဒေအရ အယူခံပိုင်ခွင့်ပေးခြင်း၊  ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ခြင်း” စသဖြင့်  တရားစီရင်ရေးဆိုင်ရာမူများအဖြစ် သတ်မှတ်ထားပါသည်။

“ပြည်သူအချင်းချင်းဖြစ်စေ၊ ပြည်သူနှင့် အစိုးရဌာနများအကြားဖြစ်စေ တရားမမှု ရင်ဆိုင်ရာအတွက် အငြင်းပွားကြလျှင် တရားရုံးအသီးသီးတွင် တရားစွဲမှု လျော့ပါးသွားစေရန်အတွက် စေ့စပ်ညှိနှိုင်းဖျန်ဖြေပေးရေးဆိုင်ရာ ဥပဒေ (Meditation Law) ကို ရေးဆွဲရန် ရှိ၊ မရှိ” ဟူသော မေးခွန်းတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းခဲ့ဖူးသည်။ ယင်းနှင့်ပတ်သက်၍ တရားမမှုခင်းများတွင် တရားရုံးက ဦးဆောင်၍ စေ့စပ်ဖြေရှင်းသည့် နည်းလမ်းအသုံးပြုပြီး ဖြစ်နိုင်ချေကို လေ့လာဆန်းစစ်ကာ မြန်မာနိုင်ငံ မှုခင်းစီမံခန့်ခွဲရေး စနစ်နှင့် ကိုက်ညီမှုရှိသော နည်းလမ်းများအသုံးပြုနိုင်ရန် လေ့လာဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးမြသိန်းက ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ လတ်တလောတွင်လည်း သေဒဏ်ထိုက်သင့်သည့် ပြစ်မှုဖြင့် စွပ်စွဲခံရသော ဆင်းရဲနွမ်းပါးတရားခံများအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဘဏ္ဍာရန်ပုံငွေမှ ရှေ့နေငှားရမ်းခများ ကျခံသုံးစွဲခဲ့ကြောင်းလည်း သိရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စာရင်းအရ  သေဒဏ်ထိုက်သင့်သည့် ပြစ်မှုဖြင့် စွပ်စွဲခံရသည့် ဆင်းရဲနွမ်းပါးသည့် တရားခံများအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ဘဏ္ဍာရန်ပုံငွေမှ ရှေ့နေငှားရမ်းခ ငွေကျပ်ခုနစ်သန်းခန့် ကျခံသုံးစွဲခဲ့ကြောင်း ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ပြောကြားထားခြင်း ဖြစ်သည်။ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၌ နိုဝင်ဘာ ၂၂ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းက သေဒဏ် (သို့မဟုတ်) တစ်သက်တစ်ကျွန်း ဒဏ်ထိုက်သော ပြစ်မှုတို့ကို တရားစွဲဆိုရာတွင် ဆင်းရဲနွမ်းပါး၍ ရှေ့နေမငှားနိုင်သော တရားခံများအတွက် (Dock Brife) ကို တရားရုံးတော်က နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေငှားရမ်းပေးသည့်အခါ ရှေ့နေလိုက်ပါ ဆောင်ရွက်ခနှုန်းထားမှာ လာရောက်သက်သေခံသည့် သက်သေအားပေးသည့် နေ့တွက်စရိတ်ထက် များစွာလျော့နည်းနေပါသဖြင့် တိုးမြှင့်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ဒုတိယရှေ့နေချုပ်က ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရားဥပဒေစိုးမိုးမှု ရှိစေရေးသည် နိုင်ငံတစ်နိုင်ငံအတွက် များစွာအရေးပါနေသည်။ တရားဥပဒေစိုးမိုးမှုမရှိပါက မည်သို့သောစနစ် ကျင့်သုံးသည့်နိုင်ငံဖြစ်စေ အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်သည်။ သို့သော် ဥပဒေအရာ၌ ကျောသားရင်သား ခွဲခြားခြင်းမရှိစေရသလို ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှုရှိစေရေး၊ ဥပဒေအရအရေးယူရာ၌ အပြစ်ရှိသည်ဟု တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မချသရွေ့ စွပ်စွဲခံရသူအား တရားခံတစ်ဦးအဖြစ် မဆက်ဆံသင့်ဘဲ သံသယ၏အကျိုးကို ခံစားခွင့်ရှိသင့်ပါသည်။ ထို့ပြင် ခေတ်ကာလနှင့် လိုက်လျောညီထွေသော ဥပဒေများပြင်ဆင်ခြင်း၊ အရေးယူခြင်းများနှင့်အတူ လူ့ဂုဏ်သိက္ခာနှင့် ဥပဒေရေးရာကဏ္ဍမှာများစွာ အရေးပါလျက်ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent