ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများအတွက် ကြိုတင်ပြင်ခြင်း

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများအတွက် ကြိုတင်ပြင်ခြင်း
Published 26 November 2017

မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေများနှင့် ပတ်သက်၍ လာမည့်ဆယ်စုနှစ်များအတွင်း သိသိသာသာ ပြောင်းလဲလာနိုင်ကြောင်း ခန့်မှန်းထားပြီး အပူချိန်မြင့်တက်ခြင်း အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးမှုလျော့ပါးရေးလုပ်ငန်း စီမံချက်များလည်း လုပ်ဆောင်လျက်ရှိသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ ဘေးအန္တရာယ်ဆုံးရှုံးမှုလျော့ပါးရေး လုပ်ငန်းစီမံချက် ၂၀၁၇ ခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများအရ အဓိကတွေ့ရှိချက် ငါးချက်ရှိကြောင်း၊ ၂၁ ရာစုအလယ်တွင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအတွင်း၌ အပူချိန် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း၊ နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ တောင်ပေါ်ဒေသများတွင် ပူနွေးလာမှုမှာ အသိသာဆုံးဖြစ်ပြီး နွေရာသီတွင် ပျမ်းမျှအပူချိန် ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း၊ ၁၉၈၁ မှ ၂၀၁၀ ပြည့်နှစ်ကာလများအတွင်း လတစ်လ၏ ပြင်းထန်သောအပူချိန် ခံစားရသည့်ရက်မှာ တစ်ရက်သာရှိသော်လည်း အနာဂတ်တွင် တစ်နိုင်ငံလုံး၏ လစဉ်ပြင်းထန်သော အပူချိန်ခံစားရနိုင်သည့်ရက်မှာ လေးရက်မှ ၁၇ ရက်အထိရှိနိုင်ကြောင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲမှုများသည် ဒေသအလိုက်နှင့် ရာသီဥတုအလိုက် အမျိုးမျိုးဖြစ်နိုင်သည်ဟု ခန့်မှန်းထားပြီး မုတ်သုံရာသီကာလအတွင်း မိုးရွာသွန်းမှုပိုမိုများပြားခြင်း၊ လျော့နည်းသွားခြင်းတို့ကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြမှုများရှိနေသည်။

မြန်မာနိုင်ငံအနေဖြင့် အပူချိန်မြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှုပုံစံပြောင်းလဲခြင်း စသည့် ရာသီဥတုပြောင်းလဲမှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ဆိုးရွားစွာထိခိုက်နေကြောင်း သဘာဝဘေးအန္တရာယ်များကြောင့် လမ်းတံတား စသည့် အခြေခံအဆောက်အအုံများအပါအဝင် အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိနေပြီး လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် များစွာထိခိုက်ဆုံးရှုံးနေရကြောင်း၊ ထို့ကြောင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေးနှင့် နည်းပညာပံ့ပိုးမှုလုပ်ငန်းအတွက် ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံချက် စမ်းသပ်ဒေသအဖြစ် ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည်ဟု သိရသည်။ စီမံချက်၏ အဓိကရလဒ်ကြီးသုံးခုဖြစ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်တို့ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုနှင့်စပ်လျဉ်းပြီး အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ပေးခြင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်စေခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုများအတွက် ရန်ပုံငွေကြေးနှင့် လိုအပ်သည့် အစီအမံများအတွက် ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဟုလည်း သိရသည်။

ပြီးခဲ့သည့်ရက်များက ဧရာဝတီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်သိမ်းဆဲစပါးများ လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ရိတ်သိမ်းဆဲလယ်ယာများအတွင်း မိုးရေဝင်ရောက်ကာ လေလွင့်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ရိတ်သိမ်းပြီး တောင်သူများအနေဖြင့်လည်း စပါးများရေစိုမှုကြောင့် ဈေးကောင်းမရဘဲ လျင်မြန်စွာရောင်းချရခြင်းများလည်းရှိခဲ့သည်။ သို့ပါ၍ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများအတွက် ကြိုတင်ပြင်ခြင်းမှာ များစွာအရေးပါသလို လတ်တလောတွေ့ကြုံနေရမှုများအတွက် ထိရောက်လျင်မြန်သည့် ကူညီဆောင်ရွက်ပေးနိုင်မှုများအတွက် သက်ဆိုင်ရာအဆင့်အလိုက် တာဝန်ယူဖြေရှင်းပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ (၂၆) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent