<

တရားဥပဒေနှင့် တရားမျှတမှု

တရားဥပဒေများကို အုပ်ချုပ်ရေး အပြုအမူအဖြစ် လူမှုရေးအင်စတီကျူးရှင်းများက ချမှတ်ထားခြင်းဖြစ်ပြီး စည်းမျည်းများနှင့် လမ်းညွှန်ချက်များဖြစ်ကြသည်။ ယင်းတရားဥပဒေများကို အစိုးရအရာရှိများက ပြုလုပ်ကြသည်။ တရားဥပဒေများကို အားလုံးက လိုက်နာကြရသည်။ တရားဥပဒေ၌ လိုက်နာရမည့် စံသတ်မှတ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် သဘောတရားစည်းမျဉ်းများ ပါဝင်သည်။ တရားမျှတမှုဟူသည် တန်းတူညီမျှမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ကျင့်ဝတ်များနှင့် ကိုယ်ကျင့်တရားများ အစရှိသည်တို့အပေါ် အခြေခံသည့် သဘောတရားဖြစ်သည်။ တရားမျှတမှုဟူသည့် သဘောတရားသည် လူတိုင်းလူတိုင်းအား အညီအမျှနှင့် တူညီစွာ ဆက်ဆံရမည်ဟု သတ်မှတ်ထားသည်။ တရားမျှတမှုဟူသည် တရားဥပဒေ၏ ကြီးမားသော အစိတ်အပိုင်းဖြစ်ပြီး တရားဥပဒေ၏ ရှုထောင့်အားလုံးနီးပါးသည် တရားမျှတမှုဟူသည့် သဘောတရားပေါ်၌ အခြေခံသည်။

တရားဥပဒေနှင့် တရားမျှတမှုဟူသည့် စကားလုံးနှစ်ရပ်သည် အနီးကပ် ဆက်နွှယ်လျက်ရှိသည်။ ယင်းစကားလုံးနှစ်ရပ်ကို လူအများအပြားက အတူတူပင်ဖြစ်သည်ဟု ယုံကြည်လျက်လည်းကောင်း၊ တူညီသော အရာတစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ယုံကြည်လျက်လည်းကောင်း ရောထွေးတတ်ကြသည်။ သို့သော် ထိုကဲ့သို့ကား မဟုတ်ပါ။ တရားဥပဒေဟူသည် အခြေခံသဘောအရ မည်သည့်အရာသည် မှန်ကန်၍ မည်သည့်အရာသည် မှားယွင်းသည်ဟု သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများဖြစ်ပြီး တရားမျှတမှုဟူသည် အချိန်တစ်ခု၌ အမှားအမှန်နှင့်ဆိုင်သော အခြေအနေရပ်များကို စဉ်းစားခြင်းဖြစ်သည်။ တရားဥပဒေဟူသည် စနစ်တစ်ရပ်ဖြစ်ပြီး တရားမျှတမှုဟူသည် စနစ်၏ အခြေခံဖြစ်သော သဘောတရားဖြစ်သည်။

တရားဥပဒေများကို အစိုးရအရာရှိများက ပြုလုပ်သည်ဆိုရာ၌ အချို့သော နိုင်ငံများတွင် ယင်းဥပဒေကို ပြုလုပ်သူများသည် ပြည်သူလူထုက ၎င်းတို့၏ ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်လိုက်သူများဖြစ်ကြသည်။ အခြေခံသဘောအရ တရားဥပဒေများသည် လူတစ်ဦးအနေဖြင့် လုပ်နိုင်သည့်အရာများနှင့် မလုပ်နိုင်သည့်အရာများကို သတ်မှတ်ပေးထားသော အရာများဖြစ်သည်။ တရားဥပဒေကို ရဲအရာရှိများ၊ စုံထောက်များနှင့် တရားသူကြီးများ ကဲ့သို့သော အစိုးရအရာရှိများက အာဏာသက်ဝင်အောင် ထိန်းသိမ်းကြရသည်။ စိတ်ကူးထည်များသည် တရားဥပဒေဖြစ်လာရန်အတွက် စစ်ဆေးခြင်း၊ ထိန်းညှိခြင်းနှင့် ဆန္ဒမဲပေးခြင်း အစရှိသော လုပ်ငန်းစဉ်များကို ဖြတ်သန်းရသည်။ သို့သော် တရားဥပဒေကို ထုတ်ပြန်ကျင့်သုံးခြင်းသည် အစိုးရအပေါ် အခြေခံလျက် အမျိုးမျိုး အဖုံဖုံ ဖြစ်နိုင်သည်။

အာဏာရှင်စနစ်တစ်ရပ်တွင် ခေါင်းဆောင်သည် ဥပဒေများကို သူအလိုရှိသည့်အတိုင်း ထုတ်ပြန်ပြဋ္ဌာန်းနိုင်သည့် အာဏာရှိသည်။ ဒီမိုကရေစီစနစ်တစ်ရပ်တွင် ဥပဒေကြမ်းတစ်ရပ် အနေဖြင့် ဥပဒေတစ်ရပ်အဖြစ် သက်ဝင်လာရန် အစိုးရအဖွဲ့၏ အစိတ်အပိုင်း အသီးသီးက ဆန္ဒမဲပေးခြင်းကို ဖြတ်သန်းရမည်ဖြစ်သည်။ တရားဥပဒေများကို နိုင်ငံသားအသီးသီး၊ အုပ်စုအသီးသီးနှင့် ကုမ္ပဏီအသီးသီးတို့သာမက အစိုးရအရာရှိများ၊ အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများ အပါအ၀င် အားလုံးက လိုက်နာရမည်ဖြစ်သည်။ တရားရေးစနစ်က တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရသည်။ တရားဥပဒေကို ချိုးဖောက်သူများကို တရားရုံး၌ စစ်ဆေးလျက် အပြစ်ပေးရန် တရားရေးစနစ်က တာဝန်ယူရသည်။

မည်သို့ပင်ဖြစ်စေ အခြေခံသဘောအရ တရားဥပဒေဟူသည် တရားမျှတမှုဟူသည့် သဘောတရားအပေါ် အခြေခံထားခြင်းသာဖြစ်၍ မည်သည့်တရားဥပဒေမဆို တရားမျှတမှုရှိရေးသည် အဓိကကျပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ်လ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

August 3, 2017














Copy Protected by Chetan's WP-Copyprotect.