နိုင်ငံရေးစနစ်တစ်ရပ်နှင့် အသွင်း-အထုတ်ကိစ္စ

နိုင်ငံရေးစနစ်တစ်ရပ်နှင့် အသွင်း-အထုတ်ကိစ္စ
Published 24 November 2017

နိုင်ငံရေးစနစ်တစ်ရပ်တွင် အသွင်း-အထုတ် ကူးပြောင်းရေးလုပ်ငန်းစဉ်သည် မရှိမဖြစ် အရေးကြီးသည်။ အသွင်း-အထုတ် ကူးပြောင်းရေးလုပ်ငန်းစဉ်ဟူသည် ကုန်ထုတ်လုပ်ငန်းစဉ်အရ ပြောရလျှင် ဂျုံ၊ သကြား၊ နို့ဆီ အစရှိသည်တို့ ထည့်သွင်းလိုက်ပြီးနောက် ဘီစကွတ်မုန့် ထွက်ရှိလာခြင်းမျိုး ဖြစ်သည်။ နိုင်ငံရေး၌ အသွင်း (Input) ဟူသည် ဝန်းကျင်တစ်ရပ်အတွင်း ပေါ်ထွက်လာသော တောင်းဆိုချက်များ ဖြစ်သည်။ သို့သော် ယင်းထည့်သွင်းမှုအချို့သည် အုပ်ချုပ်သူများနှင့် နိုင်ငံရေးစနစ်တစ်ရပ်၏ အီလစ်များထံမှ လာတတ်သည်။ ယင်းတို့ကို ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ်ထဲသို့ ထည့်သွင်းလိုက်သည့် အခါ အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်များဟူသည့် အထုတ် (Output) များ ထွက်လာပြီး သက်ဆိုင်ရာ နိုင်ငံရေးဝန်းကျင်တစ်ခုထဲသို့ ရောက်လာသည်။ ယင်း Output များထဲမှ အချို့သည်လည်း တုံ့ပြန်မှုများအဖြစ် နိုင်ငံရေးစနစ်ထဲသို့ ပြန်ဝင်လာတတ်သည်။ ဤနည်းဖြင့် စနစ်အပေါ် သက်ရောက်မှု သို့မဟုတ် စနစ်ကို ပြောင်းလဲစေမှု ဖြစ်ပေါ်လာသည်။ အချို့သော Intput များမှာ ထောက်ခံမှုများ ဖြစ်ကြသည်။

ဖြစ်ပေါ်လာသော တောင်းဆိုမှုများကို လေးမျိုးခွဲခြားနိုင်သည်။ ၎င်းတို့မှာ (၁) လူထု ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်သော ကြိုတင်စီမံမှုများ၊ ဈေးကွက်အပေါ် ထိန်းချုပ်မှုများ နှင့် လက်ထပ်ခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ သန့်ရှင်းရေး အစရှိသည်တို့နှင့် ပတ်သက်သော စည်းမျဉ်းများကဲ့သို့သော အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သော တောင်းဆိုမှုများ၊ (၂) ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများဆိုင်ရာ ခွဲဝေသတ်မှတ်မှုနှင့်ဆိုင်သည့် တောင်းဆိုမှုများ (ဥပမာ- လုပ်ခများ၊ အလုပ်ချိန်နှင့်ပတ်သက်သော ဥပဒေများ၊ ပညာရေးအခွင့်အလမ်းများ၊ အပန်းဖြေရေး အထောက်အကူပြုများ၊ လမ်းများနှင့် သယ်ယူပို့ဆောင်ရေးများဆိုင်ရာ တောင်းဆိုမှုများ)၊ (၃) နိုင်ငံရေးစနစ်၌ ပါဝင်မှုဆိုင်ရာ တောင်းဆိုမှုများ (ဥပမာ-မဲပေးပိုင်ခွင့်၊ ရုံးခန်းများဖွင့်ပိုင်ခွင့်နှင့် နိုင်ငံရေးအဖွဲ့များ စုစည်းပိုင်ခွင့်)၊ (၄) မူဝါဒချမှတ်သည့် အီလစ်များထံမှ မူဝါဒဆိုင်ရာအရ ဆက်သွယ်မှုရရှိနိုင်ရန်နှင့် ပတ်သက်သော တောင်းဆိုမှုများကဲ့သို့သော ဆက်သွယ်ရေးနှင့် အချက်အလက်ဆိုင်ရာ တောင်းဆိုမှုများဟူ၍ ဖြစ်သည်။

တောင်းဆိုမှုများသည် တစ်ခုတည်းသာလာတတ်သည် မဟုတ်ဘဲ အမျိုးမျိုးသော ပေါင်းစပ်မှုများဖြင့် အချင်းချင်း စုစည်းသွားနိုင်သည်။ ထို့ပြင် အချို့သော တောင်းဆိုမှုများသည် အခြားအရာများထက် ပိုမို၍ ပြင်းထန်ပြီး အရေးပေါ်ဖြစ်သောကြောင့် နိုင်ငံရေးစနစ်၏ ကူးပြောင်းရေးလုပ်ငန်းစဉ်အဖြစ် အလျင်အမြန် အရေးတယူ ဆောင်ရွက်ရန်လိုသည်။

ထောက်ခံမှုများကိုလည်း အမျိုးအစားလေးမျိုး သတ်မှတ်နိုင်သည်။ ၎င်းတို့မှာ (၁) အခွန်အတုပ်များနှင့် အခြားစည်းကြပ်မှုများ၊ စစ်ဘက်ဆိုင်ရာဝန်ဆောင်မှု သို့မဟုတ် အချို့သော အခွင့်အခါများနှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း လုပ်အားပေးမှုကဲ့သို့သော ဝန်ဆောင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များကဲ့သို့သော ရုပ်ဝတ္ထုဆိုင်ရာ ထောက်ခံမှု (၂) ဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု၊ (၃) မဲပေးခြင်း၊ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံရေးလုပ်ဆောင်ချက်ဆိုင်ရာ အခြားပုံသဏ္ဌာန်များကဲ့သို့သော ပါဝင်မှုပြုသော ထောက်ခံမှု၊ (၄) အစိုးရဆိုင်ရာ ဆက်သွယ်မှုများကို ဂရုစိုက်ခြင်း၊ ကွဲပြားခြားနားမှုများကို ထုတ်ဖော်ခြင်းနှင့် ပြည်သူ့အာဏာပိုင်များ၊ ပြည်သူ့သင်္ကေတများနှင့် ပြည်သူ့အခမ်းအနားများကို လေးစားခြင်း (ဥပမာ- လူထုအခမ်းအနားများ၌ နိုင်ငံတော်အလံကို အလေးပြုခြင်း) တု့ိဖြစ်ကြသည်။

တောင်းဆိုမှုများနှင့် ထောက်ခံမှုများသည် အနီးကပ်ဆက်နွှယ်လျက်ရှိပြီး အပြန်အလှန် မှီခိုလျက်ရှိသည်။ နိုင်ငံရေးစနစ်နှင့် ကဏ္ဍအမျိုးမျိုး၌ ပါဝင်သော ယင်းစနစ်၏ အီလစ်များသည် ဝန်းကျင်တစ်ရပ်နှင့် အခြားလူမှုစနစ်များထံမှလည်းကောင်း၊ နိုင်ငံရေးစနစ် တစ်ရပ်အတွင်း လုပ်ကိုင်နေကြသော တစ်ဦးချင်းပုဂ္ဂိုလ်များထံမှလည်းကောင်း၊ ထောက်ခံမှုများ ရရှိပါက တောင်းဆိုမှုများကို ထိရောက်စွာ ကူးပြောင်းရေးလုပ်ငန်းစဉ် လုပ်ကိုင်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးစနစ်တစ်ရပ်ကို လွှမ်းခြုံထားသော လူမှုရေး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာဝန်းကျင်တစ်ရပ်က တောင်းဆိုမှုများနှင့် ထောက်ခံမှုများကို ထွက်ပေါ်နေစေမည်ဖြစ်ပြီး ၎င်းတို့အပေါ် မူတည်လျက် ကူးပြောင်းရေးလုပ်ငန်းစဉ်မှတစ်ဆင့် အများပြည်သူတို့အတွက် ကောင်းမွန်သည့်မူဝါဒများ ထွက်ပေါ်လာရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာဘာအော်)

Most Read

Most Recent