ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်း

ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်း
Published 22 November 2017

ဆုံးဖြတ်ချက်များ ချမှတ်ရန် ခက်ခဲလှသည်ဟု လူတို့ပြောတတ်ကြသည်။ မည်သို့ပင်ဖြစ်စေ လူတို့အနေဖြင့် “နေ့လယ်စာ ဘာနဲ့စားရမလဲ” ဟူသော အသေးအဖွဲမှသည် “ဘယ်တက္ကသိုလ်တက်ပြီး ဘာသင်ရမလဲ” နှင့် “ဘယ်သူ့ကို လက်ထပ်ရမလဲ” ကဲ့သို့သော ဘဝကို ပြောင်းလဲစေမည့် ဆုံးဖြတ်ချက်များအထိ တစ်ချိန်လုံး ဆုံးဖြတ်ချက်ချနေကြရသည်။ အချို့သော လူများသည် အတောမသတ်နိုင်လောက်အောင် အချက်အလက်များ  ထပ်ကာထပ်ကာ ရှာဖွေခြင်း သို့မဟုတ် အခြားလူများထံမှ အကြံပြုချက်များ တောင်းခံခြင်းဖြင့် ဆုံးဖြတ်ချက်ချရန် ကြန့်ကြာနေတတ်သည်။ ဆုံးဖြတ်ချက်ချရန်အတွက် ဝေခွဲမရဖြစ်ကာ မဲနှိုက်ခြင်း သို့မဟုတ် ခေါင်းပန်းလှန်ခြင်းဖြင့် ဆုံးဖြတ်တတ်ကြသူများလည်း ရှိသည်။ အရိုးရှင်းဆုံး စဉ်းစားလျှင် ဆုံးဖြတ်ချက်ချခြင်းဟူသည် ပြုလုပ်ရန်နှစ်ခု သို့မဟုတ် ယင်းထက်ပိုသော လမ်းကြောင်းများကို ရွေးချယ်ရခြင်းဖြစ်သည်။ ပိုမိုကျယ်ပြန့်သော ပြဿနာဖြေရှင်းခြင်း လုပ်ငန်းစဉ်၌မူ ဆုံးဖြတ်ချက်ချခြင်း၌ ပြဿနာအတွက် ဖြစ်နိုင်ဖွယ် ဖြေရှင်းမှုများကို ရွေးချယ်ခြင်း ပါဝင်သည်။

ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် ထိုးထွင်းသိမြင်ခြင်းဖြစ်စဉ် သို့မဟုတ် ဆင်ခြင်သုံးသပ်မှုဖြစ်စဉ် သို့မဟုတ် ယင်းနှစ်ခုစလုံးအားဖြင့် ပြုလုပ်နိုင်သည်။ ထိုးထွင်းသိမြင်ခြင်းဟူသည် ဖြစ်နိုင်ဖွယ်လမ်းကြောင်းများနှင့် ပတ်သက်၍ မိမိ၏ ကိုယ်တွင်းမှ အာရုံသိမှုမျိုးကို အသုံးပြုခြင်းဖြစ်သည်။ ယင်းကို လူတို့က ဂမ္ဘီရဆန်သော အာရုံဟု ထင်မှတ်တတ်ကြသော်လည်း အမှန်တကယ်၌ ထိုးထွင်းသိမြင်ခြင်းဟူသည် အတိတ်မှ အတွေ့အကြုံနှင့် မိမိ၏ ကိုယ်ရည်ကိုယ်သွေးတို့ ပေါင်းစပ်မှုမှလာသည်။ ဆင်ခြင်သုံးသပ်ခြင်းဟူသည် ဆုံးဖြတ်ချက်ချရန်အတွက် မိမိရှေ့မှောက်တွင်ရှိသော အချက်အလက်များနှင့် စာရင်းဇယားများကို အသုံးပြုခြင်းဖြစ်သည်။ ယင်း၌ စိတ်ခံစားမှုရှုထောင့်ကို လျစ်လျူပြုပြီး ဆုံးဖြတ်ချက်ချမှတ်ရန် လမ်းကြောင်းအပေါ် သက်ရောက်နိုင်သည့် အတိတ်ကဖြစ်ခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံသည်။

တစ်ဦးချင်းအဆင့်ဖြစ်စေ၊ အဖွဲ့အစည်းအဆင့်ဖြစ်စေ ဆုံးဖြတ်ချက်များဟူသည် အကောင်အထည်ဖော်နိုင်စွမ်းရှိရန် လိုအပ်သည်။ မိမိဘာသာ ချမှတ်ထားသော ဆုံးဖြတ်ချက်အတိုင်း လိုက်၍လုပ်ဆောင်ရန် သက်ဆိုင်ရာ အခြားသူများကို ဆွဲဆောင်နိုင်ရန် လိုအပ်သည်။ ထို့ကြောင့် ထိရောက်သော ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်သည် မိမိကိုယ်တိုင်အနေဖြင့် ယင်းကို အကောင်အထည်ဖော်နိုင်စွမ်းရှိရေး သေချာစေရန် လိုအပ်သည်။  ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှုကို တားဆီးနေသည့် ပြဿနာများစွာရှိသည်။ ယင်းတို့ထဲမှ အချို့ကို အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်သည်။

အချက်အလက် မလုံလောက်ခြင်း- လုံလောက်သော အချက်အလက်မရှိပါက အခြေခံမရှိဘဲ ဆုံးဖြတ်ချက် ချလိုက်သကဲ့သို့ ရှိလိမ့်မည်။ ရရှိသည့်အချိန်က မည်မျှပင် နည်းပါးနေစေကာမူ လိုအပ်သော အချက်အလက်များရရှိအောင် စုဆောင်းရမည် ဖြစ်သည်။ ယင်းသို့စုဆောင်းရာတွင် အရေးကြီးဆုံး အချက်အလက်များကို သတ်မှတ်လျက် ဦးစားပေး အစီအစဉ်ဖြင့် စုဆောင်းရန်လိုသည်။

အချက်အလက်များလွန်းခြင်း-ပဋိပက္ခဖြစ်နေသော အချက်အလက်များ များလွန်းနေပါက အစစ်အမှန်ကို မြင်နိုင်ရန် ခက်ခဲလှသည်။ ထိုအခါ မည်သည့်အချက်အလက်က မည်သည့်အတွက်ကြောင့် အမှန်တကယ် အရေးကြီးသနည်းဟု သုံးသပ်တတ်ရန်လိုသည်။

လူများလွန်းခြင်း-ကော်မတီတစ်ရပ်အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရန် ခက်ခဲတတ်သည်။ ပါဝင်သူတိုင်း၌ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်တန်ဖိုးများ ရှိတတ်သည်။ ထိုအခါ ယင်းအမြင်များသည် အဘယ့်ကြောင့် အဘယ်ကဲ့သို့ အရေးကြီးသည်ကို သုံးသပ်ရန် လိုလာသည်။ လူများစွာထဲမှ တစ်ဦးက တာဝန်ယူကာ ဆုံးဖြတ်ချက်ချမှတ်ရန် မဖြစ်မနေ လိုအပ်သည်။ တစ်ခါတစ်ရံ၌ မည်သည့်ဆုံးဖြတ်ချက်မှ မချခြင်းထက် မည်သည့်ဆုံးဖြတ်ချက်မဆို ချလိုက်ခြင်းက ပို၍ကောင်းသည်။

စိတ်ခံစားမှုကို အလေးထားခြင်း-လူတို့သည် အခြေအနေမပျက်သာ နေလိုသည့် ဆန္ဒစွဲများရှိကြသည်။ ဆုံးဖြတ်ချက်များသည် အပြောင်းအလဲများ ပြုလုပ်ရန်ဘက်သို့ ယိမ်းသည့်အခါ လူများစွာတို့အတွက် ခက်ခဲနေတတ်သည်။

မည်သို့ပင်ဆိုစေကာမူ လူဟူ၍ ဖြစ်လာပြီဆိုကတည်းက မကြာခဏ ဆုံးဖြတ်ချက်များ ချမှတ်နေရမည်ဖြစ်ပြီး လူတို့၏ ဘဝဟူသည် ဆုံးဖြတ်ချက်များဖြင့် တည်ဆောက်ထား  ခြင်းသာဖြစ်သောကြောင့် ဆုံးဖြတ်ချက်ချရသည့် လုပ်ငန်းစဉ်ကို မည်သူမျှရှောင်လွှဲ၍ မရနိုင်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာအာဘော်)

Most Read

Most Recent