မိရိုးဖလာလုပ်ငန်းများနှင့် လုပ်သားရှားပါးမှု

မိရိုးဖလာလုပ်ငန်းများနှင့် လုပ်သားရှားပါးမှု
Published 9 November 2017

စိုက်ပျိုးရေးနှင့် လက်မှုပညာဆိုင်ရာအပါအဝင် မိရိုးဖလာလုပ်ငန်းများတွင် လုပ်သားရှားပါးမှုကို ရင်ဆိုင်လာခဲ့ကြရပြီဖြစ်သည်။ မြန်မာ့ရှေးဟောင်းလက်မှုပညာဖြစ်သော ရွှေပြားခတ်၊ ရွှေဆိုင်းလုပ်ငန်းများတွင် လုပ်ကိုင်သူများသည် လုပ်ကိုင်ရလွယ်ကူသက်သာသည့် နည်းပညာနှင့် ဆက်နွှယ်သော လုပ်ငန်းများကိုသာ အားထားလုပ်ကိုင်မှုတို့ကြောင့် ရွှေဆိုင်းလုပ်ငန်းများတွင် လုပ်သားရှားပါးမှုကို ရင်ဆိုင်နေရပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ရွှေဆိုင်းထုတ်လုပ်ရာ အဓိက ဒေသတစ်ခုဖြစ်သော မန္တလေးမြို့ရှိ မျက်ပါးရပ်အတွင်း ရွှေဆိုင်းလုပ်ငန်းလုပ်ကိုင်သူတို့သည် မိရိုးဖလာလုပ်ငန်းအား ရပ်တည်လုပ်ကိုင်ရန် အခက်အခဲများ တွေ့ကြုံနေကြရသည်။ လုပ်ငန်း၏ သဘောသဘာဝအရ  ဝင်ငွေနှင့် အချိန်ယူ လုပ်ဆောင်ရခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုအတွက် အချိန်ကြာမြင့်စွာ သင်ကြားကြရခြင်းတို့ကြောင့် ယင်းလုပ်ငန်းများအပေါ် စိတ်ဝင်စားမှု  နည်းပါးလာသလို လုပ်ငန်းများ၏ တွင်ကျယ်မှုအနေအထား ကျဆင်းလာခြင်းကြောင့်လည်း အခက်အခဲများ တွေ့လာကြရသည်ဖြစ်သည်။ ရွှေဆိုင်းလုပ်ငန်း လုပ်ကိုင်သူတို့ သည် ၁၂ ဂရမ်ရှိသော ရွှေတစ်ထုပ်အား ရွှေဆိုင်းအဖြစ်သို့ အဆင့်ဆင့်လုပ်ဆောင်ကာ ရွှေပြင်ပြီးသည်အထိ လုပ်ခရရှိမှုနည်းပါးခြင်း၊ ရွှေပြင်သည့် လုပ်ငန်းအတွက် လေ့ကျင့်သင်ကြားပေးရာတွင် ကျွမ်းကျင်မှုအတွက် အချိန်တစ်နှစ်ခွဲမှ နှစ်နှစ်နီးပါးအထိ အချိန်ယူ သင်ကြားပေးရခြင်း၊ ကျွမ်းကျင်မှုအပေါ် မူတည်၍ အလေအလွင့် အနည်းအများရှိနိုင်ခြင်းတို့ကြောင့် လည်းကောင်း၊ ရွှေဆိုင်းခတ်လုပ်ငန်းလုပ်ကိုင်ရာတွင် ရွှေဈေးအတတ်အကျ ပေါ်မူတည်ကာ ဈေးအပြောင်းအလဲရှိခြင်း အပါအဝင် အခြားသော အခြေအနေများက  မိရိုးဖလာလုပ်ငန်းအဖြစ် ရပ်တည်ရန် အခက်အခဲများ တွေ့ကြုံနေကြရခြင်းဖြစ်သည်။

ယင်းအပြင် ဧရာဝတီတိုင်းအတွင်းရှိ နေလှန်းဆားချက်လုပ်ငန်းများတွင်လည်း ဆားတောင်သူများအနေဖြင့် လုပ်သားရှားပါးခြင်းနှင့် ဆားထုတ်လုပ်မှု ကျဆင်းမှုများ တွေ့ကြုံနေရသည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းတွင် ယခင်က နှင်းဆီစိုက်ဧက အများအပြားရှိရာမှ လုပ်အားရှားပါးမှု၊ မြေနေရာအနေအထားများကြောင့် နှင်းဆီစိုက်တောင်သူများက နေပြည်တော်၊ တောင်ကြီး မြို့တစ်ဝိုက် ရွှေ့ပြောင်း စိုက်ပျိုးနေကြရသည်။ ပုသိမ်ကြီးမြို့နယ်အတွင်း  ဒဟတ္တော ကျေးရွာအနီးတစ်ဝိုက် နှင်းဆီ စိုက်တောင်သူ ၂၀၀ ကျော်ရှိရာ လုပ်သားရှားပါးမှု၊ မြေနေရာအနေအထားများကြောင့် ယခုနောက်ပိုင်းတွင် နှင်းဆီစိုက်ပျိုးမှု မပြုလုပ်တော့ဘဲ ပျိုးခြံများပြုလုပ်ကြပြီး အချို့ နှင်းဆီစိုက်တောင်သူများမှာ  ရာသီဥတု ကိုက်ညီသည့် နေပြည်တော်၊ တောင်ကြီးတစ်ဝိုက်သို့ နှင်းဆီစိုက်တောင်သူများက ရွှေ့ပြောင်း စိုက်ပျိုးနေကြရခြင်းဖြစ်သည်။

အထက်ပါ သာဓကဖြစ်စဉ်အချို့ကဲ့သို့ မြန်မာနိုင်ငံအဝန်းရှိ ဒေသအသီးသီးတွင်    မိရိုးဖလာ တောင်သူလုပ်ငန်းများတွင် လုပ်သားရှားပါးမှုကို ကြုံတွေ့လာရကာ အများစုမှာ  ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် ထွက်ခွာသွားကြခြင်းဖြစ်သည်။ အများစုမှာ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအဖြစ် ရောက်ရှိသွားကြခြင်းဖြစ်ပြီး နောက်ဆက်တွဲပြဿနာများဖြစ်သည့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ အရေးယူခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းကဲ့သို့သော အခြေအနေများကို ရင်ဆိုင်ကြရသူများ ရှိနေသည်။

သို့ပါ၍ မိရိုးဖလာလုပ်ငန်းများကဲ့သို့ အသေးစားအလတ်စားလုပ်ငန်းများ၏ ရပ်တည်နိုင်မှု၊ နည်းပညာ၊ လူမှုဝန်းကျင်အပြောင်းအလဲနှင့် လိုက်လျောညီထွေရှိသော အခွင့်အလမ်းများ၊ အခြေအနေများ ဖန်တီးပေးနိုင်ခြင်း၊ မှန်ကန်သော စီးပွားရေးဆိုင်ရာမူဝါဒများဖြင့်သာ ယင်းပြဿနာများအား ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(နိုဝင်ဘာ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent