တရားမျှတမှုမရှိသော ခြိမ်းခြောက်အနိုင်ကျင့်တောင်းဆိုမှုများနှင့် နိုင်ငံ၏အချုပ်အခြာအာဏာ

တရားမျှတမှုမရှိသော ခြိမ်းခြောက်အနိုင်ကျင့်တောင်းဆိုမှုများနှင့် နိုင်ငံ၏အချုပ်အခြာအာဏာ
Published 4 November 2017

ရခိုင်ပြည်နယ်၌ သြဂုတ်လနှောင်းပိုင်းတွင် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ထွက်ပြေးသွားခဲ့ကြသည့် ဘင်္ဂါလီမွတ်စလင်များအား ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံတကာအကူအညီများရယူကာ အဆမတန်ဖိအားများ ပေးလျက်ရှိသည်။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းရာ၌ ပြေလည်ခြင်း မရှိသေးသည့်အချိန် နိုဝင်ဘာ ၂ ရက်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ဘင်္ဂါလီဒုက္ခသည်များအား ရခိုင်ပြည်နယ်သို့ ပြန်လာခွင့်ပြုရာတွင် ၎င်းတို့အား နိုင်ငံသားဖြစ်ခွင့် အာမခံချက်ပေးရမည်ဟု ပြောကြားခဲ့သည်။  ၎င်းတို့အား နိုင်ငံသားအဖြစ် သတ်မှတ်ရမည်ဆိုသော မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးစေသည့်မှတ်ချက်မျိုးသည် ပရော်ဖက်ရှင်နယ်မဆန်သော (Unprofessional) လုပ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးအနေဖြင့် ၎င်းနှင့်မသက်ဆိုင်ဘဲ မလုပ်သင့် မလုပ်ထိုက်သော အနေအထားမျိုးဖြင့် ဝင်ရောက်စွက်ဖက်ခဲ့ခြင်းသာ ဖြစ်သည်။ ယင်းမတိုင်မီက အမေရိကန်သည် မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယခုအခါ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းရန်အထိပင် တောင်းဆိုလာခဲ့သည်။ ရခိုင်အရေးတွင် အမှန်တကယ်၌ လူမျိုးသုဉ်းသတ်ဖြတ်ခဲ့သည်ဟုဆိုသော အလွန်အကျွံလုပ်ဆောင်ခဲ့သည့် သက်သေအထောက်အထားများ ရရှိခဲ့ခြင်းမရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် တတ်နိုင်သမျှ လိုက်လျောခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံမှ ဌာနေတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များ ရက်စက်စွာသတ်ဖြတ်ခံရခြင်းများကိုမူ နိုင်ငံတကာအနေဖြင့် ထည့်သွင်းပြောကြားခဲ့ကြခြင်းမျိုး မရှိသည့် ဘက်လိုက်မှုမျိုးကိုလည်း တွေ့ရှိရသည်။ ယခုအထိ သတ်ဖြတ်ခံရမှုများ ရှိနေဆဲဖြစ်သည်။ ဥပမာအားဖြင့် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် မောင်တောမြို့နယ်တောင်ပိုင်း သရေကုန်းဘောင်ကျေးရွာမှ ငါးရှာသွားသည့် ရွာသားများအား တုတ်၊ ဓား၊ ပုဆိန် ကိုင်ဆောင်ထားသော ဘင်္ဂါလီများက တိုက်ခိုက်ခဲ့မှုဖြစ်သည်။ ယင်းသည်  တပ်မတော်မှ လုံခြုံရေးကို  ပြန်လည်လျှော့ချခဲ့ပြီးနောက် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်သည်။ ယင်းကဲ့သို့သော မြေပြင်အခြေအနေရပ်နှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးတယူ ပြောကြားခဲ့ခြင်းမရှိဘဲ တစ်ဖက်သတ် လုပ်ဆောင်လာခဲ့ခြင်းများသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို လေးစားမှုမရှိဘဲ နိုင်ငံတည်တံ့ခိုင်မြဲရေးကို အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်ပေါ်အောင် ပုံဖော်နေသကဲ့သို့ ရှိသည်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Safe Zone တောင်းဆိုခြင်းမျိုးသည်လည်း မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးရာ ရောက်နေသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးကတည်းက ရန်ကုန်အစိုးရဟု ခေါ်တွင်ခဲ့ရသည်အထိ ရောင်စုံသူပုန်များ အရေးပေါ်ပေါက်ခဲ့သည့် အခြေအနေများ၌ပင်လျှင် ယခုကဲ့သို့အထိ အချုပ်အခြာအာဏာကို ထိပါးခံခဲ့ရခြင်းမျိုး မရှိခဲ့ပါ။ ၁၉၅၃ ခုနှစ်တွင် တရုတ်ဖြူတို့၏ကျူးကျော်မှု ပေါ်ပေါက်ခဲ့ပြီး ၁၉၇၀ ဝန်းကျင်၌ ကွန်မြူနစ် (တရုတ်နီ) တို့က မြန်မာနိုင်ငံမှ ကွန်မြူနစ်ပါတီကို အကြောင်းပြပြီး စစ်တပ် စေလွှတ်ခဲ့သော်လည်း မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာမှာ ယခုကာလကဲ့သို့ ထိပါးခံခဲ့ရခြင်းမျိုး မရှိခဲ့ပေ။ ၎င်းအပြင် မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း ၅၀ ခန့် စစ်အာဏာရှင် စနစ်တစ်လျှောက်လုံး နိုင်ငံတကာအသိုင်းအဝိုင်း၏ အပယ်ခံဖြစ်ကာ တိုင်းပြည်၏စီးပွားရေး ချွတ်ခြုံကျခြင်း၊ နိုင်ငံရေး ချွတ်ခြုံကျခြင်းများဖြစ်ပေါ်ခဲ့ရသည့် အခြေအနေမျိုး၌ပင်လျှင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား ယခုကဲ့သို့အထိ ထိပါးခံရခြင်းမျိုး မရှိခဲ့ပါ။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ နီးပါးအတွင်း ယခုအကြိမ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်ပတ်သက်၍ အထိပါးခံရဆုံးအခြေအနေကို ကြုံတွေ့နေရခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၊ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)  အဖွဲ့ဝင်နိုင်ငံများ၊ အနောက်နိုင်ငံအချို့နှင့် ကုလသမဂ္ဂတို့သည် ပြည်ထောင်စုပြိုကွဲရေးဆီသို့ ဦးတည်သွားစေနိုင်သည့် ဖိအားပေးမှုများဖြင့်  မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ၊ နိုင်ငံတည်တံ့ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့်အခြေအနေနှင့် ရင်ဆိုင်လာရအောင်  စနစ်တကျ လုပ်ဆောင်နေသကဲ့သို့ ရှိသည်။  ယင်းကဲ့သို့ အခြေအနေမျိုးတွင် မြန်မာ့အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုတည်မြဲရေးအတွက် သတိထားရမည့် အရေးကြီးဆုံးအချိန်ကို ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မြန်မာ့အချုပ်အခြာအာဏာကို ထိပါးနိုင်သည့် တောင်းဆိုမှုများကို မည်သည့်အခါမှ လိုက်လျောခြင်းမပြုရန် အရေးကြီးသည်။ သို့သော် မြန်မာနိုင်ငံသားများသည် ကမ္ဘာကထင်နေသကဲ့သို့ အစွန်းရောက်သူများ၊ လူမျိုးရေးနှင့် ဘာသာရေး ခွဲခြားနေသူများ မဟုတ်ကြောင်း၊ လူ့အခွင့်အရေးကို မလေးစားသည့်သူများ မဟုတ်ကြောင်း သိမြင်လာကြစေရေးမှာလည်း အရေးကြီးသည်။ ဘင်္ဂါလီမွတ်စလင်များနှင့်ပတ်သက်၍ လူသားချင်းစာနာမှုနှင့် အကြမ်းဖက်ကိစ္စဟူ၍ ခွဲခြားမြင်နိုင်ရန် အရေးကြီးသည်။  အခြားတစ်ဖက်တွင်လည်း အမှန်တကယ် ပြဿနာများ၊ အကျပ်အတည်းများ၊ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည့် ရခိုင်တိုင်းရင်းသားများအရေးကို နိုင်ငံတကာအသိုင်းအဝိုင်းရော အစိုးရကပါ ထည့်သွင်းစဉ်းစားခြင်း မရှိသည်ကိုလည်း တွေ့ရှိရသည်။ ရခိုင်တိုင်းရင်းသား လူမျိုးများနှင့်ဆိုင်သောအရေးကိစ္စ၌ ရခိုင်တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒမပါဘဲ မည်သည့်ဆုံးဖြတ်ချက်မျိုးကိုမျှ မချသင့်ပါ။ ယင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အလွန်အရေးပါပြီး ပြည်ပမှ ယခုကဲ့သို့ အလွန်အကျွံ ဖိအားပေးဆောင်ရွက်မှု များပြုလုပ်နေခြင်းသည် မြန်မာနိုင်ငံအား အစိတ်စိတ်အမြွှာအမြွှာပြိုကွဲအောင် Balkanization လုပ်နေခြင်းသာ ဖြစ်သည်။

ယခုကြုံတွေ့နေရသော တရားမျှတမှုမရှိသည့် တောင်းဆိုမှုများ၊ ပိတ်ဆို့ရန် ခြိမ်းခြောက်မှုများ၊ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးသို့ တင်ရန် ခြိမ်းခြောက်မှုများသည် မြန်မာ့လွတ်လပ်ရေးသက်တမ်း နှစ် ၇၀ အတွင်း အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုများဖြစ်သည်။ မြန်မာနိုင်ငံ ရခိုင်အရေးမှအစပြုပြီး နုနယ်သော မြန်မာ့ဒီမိုကရေစီနှင့် အချုပ်အခြာကို ထိပါးသော တရားမျှတခြင်းမရှိသည့် ခြိမ်းခြောက်အနိုင်ကျင့်တောင်းဆိုမှုများအား ဒူးမထောက်ဘဲ ညီညွတ်စွာဖြင့် ကြံ့ကြံ့ခံနိုင်ရေးမှာ အရေးကြီးကြောင်း The Daily Eleven သတင်းစာက သုံးသပ်ရေးသား တိုက်တွန်းအပ်ပါသည်။

 

(နိုဝင်ဘာ ၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent