ရာသီဥတု အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်စေမည့် ကြိုတင်ပြင်ဆင်မှုများ

ရာသီဥတု အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်စေမည့် ကြိုတင်ပြင်ဆင်မှုများ
Published 4 November 2017

စစ်တမ်းများ၊ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များ၊ ထုတ်ပြန်ချက်များအရ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အပြောင်းအလဲများ၏ သက်ရောက်မှုများအပေါ် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ၊ လိုက်လျောညီထွေဖြစ်စေမည့် မူဝါဒများ ချမှတ်ရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရာသီဥတုသည် လာမည့်ဆယ်စုနှစ်များအတွင်း သိသိသာသာ ပြောင်းလဲသွားမည်ဟု ခန့်မှန်းထားပြီး နေရာဒေသတိုင်းတွင် အပူချိန် ၁ ဒသမ ၃ မှ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ဆုံးရှုံးလျော့ပါးရေး လုပ်ငန်းစီမံချက် ၂၀၁၇ တွင် ဖော်ပြခဲ့သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများအရ မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်အရ လာမည့်ဆယ်စုနှစ်များအတွင်း သိသိသာသာ ပြောင်းလဲသွားမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး အဓိကတွေ့ရှိချက် ငါးချက်ရှိကြောင်း ဖော်ပြထားသည်။

၂၁ ရာစုအလယ်တွင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသတိုင်း၌ အပူချိန်သည် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ တောင်ပေါ်ဒေသများတွင် ပူနွေးလာမှုမှာ အသိသာဆုံးဖြစ်ပြီး နွေရာသီတွင် ပျမ်းမျှအပူချိန် ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း၊ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများကို ခန့်မှန်းတွက်ချက်ထားရာ ရာစုအလယ်တွင် ၂၀ စင်တီမီတာမှ ၄၁ စင်တီမီတာအထိ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းတွက်ချက်ထားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် အမြင့်မားဆုံး ဘေးအန္တရာယ်ခြောက်မျိုး ကျရောက်နိုင်ကြောင်း သိရသည်။ ယင်းသို့သော ဘေးအန္တရာယ်များအတွက် သတိပြုရမည့် ဒေသများအဖြစ် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ကမ်းရိုးတန်းဒေသများကို ထည့်သွင်း သတ်မှတ်ထားသည်။ အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းနှင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ပင်လယ်ရေမြင့်တက်ခြင်း စသည်တို့ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသည် အပူချိန်မြင့်မားခြင်းအတွက် ပိုမိုသတိပြုသင့်သည်။ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးဒေသတို့မှာ မိုးခေါင်ခြင်းနှင့် သောက်သုံးရေပြတ်လပ်ခြင်းများအတွက် သတိပြုရမည်ဖြစ်သလို၊ မိုးကြီးခြင်းအတွက် ကမ်းရိုးတန်းဒေသများ၊ ရေကြီးခြင်းကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် ကျရောက်နိုင်သလို ဆိုင်ကလုန်းမုန်တိုင်းနှင့် လေပြင်းတိုင်ခတ်မှုများ အတွက်လည်း သတိပြုရလေ့ရှိသော ဒေသများအဖြစ် ယေဘုယျ ခန့်မှန်းချက်များအဖြစ် တွေ့ရသည်။ မည်သို့ပင်ဆိုစေ သိသိသာသာ ပြောင်းလဲလာသော သဘာ၀၀န်းကျင်နှင့် ရာသီဥတုဆိုင်ရာ အပြောင်းအလဲများအတွက် အချိန်အခါအလိုက် အလေးထား ပြင်ဆင်သင့်သည်မှာ အမှန်ဖြစ်ပါသည်။ ယင်းအပြင် ရာသီဥတု ပြောင်းလဲမှုများနှင့်အတူ စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းကြီးမြင့်ခြင်း၊ တောင်သူများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးမလုံလောက်ခြင်း ကဲ့သို့သော နောက်ဆက်တွဲ သက်ရောက်မှုများကိုပါ ထည့်သွင်း စဉ်းစားသင့်ပါသည်။

သို့ပါ၍ ရာသီဥတုအပေါ် မှီခိုနေရသည့်အတွက် ရာသီဥတု အပြောင်းအလဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများအတွက် မလိုလားအပ်သော ဆိုးကျိုးများမပေါ်ပေါက်စေရန် လိုအပ်သော အစီအမံများ လိုက်လျောညီထွေဖြစ်စေမည့် ကြိုတင်ပြင်ဆင်မှုများအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent