ပညာတတ်သော လူတစ်ဦး

ပညာတတ်သော လူတစ်ဦး
Published 3 November 2017

ပညာတတ်သော လူတစ်ဦး ဟူသည် အဘယ်နည်း။ အထူးသဖြင့် တက္ကသိုလ် ကောလိပ် ပရိဝုဏ်အတွင်း အရေးအကြီးဆုံး မေးခွန်းတစ်ခုလည်း ဖြစ်သည်။ တက္ကသိုလ် ကောလိပ်များက လူများကို ပညာတတ်များအဖြစ် ပြောင်းလဲပေးကြသည်။ ဆေးပညာ၊ အင်ဂျင်နီယာပညာနှင့် ဥပဒေပညာ အစရှိသဖြင့် ပညာရပ် အမျိုးမျိုးကို တက္ကသိုလ် ကောလိပ် ပရိဝုဏ်အတွင်း သင်ယူရသူတို့သည် ယင်းကဲ့သို့ သင်ယူခွင့် မရသည့် သာမန်လူများထက် ပညာတတ်ရန် အခွင့်အလမ်း သာလွန်ပေသည်။ ယင်းအတွေ့အကြုံတို့သည် လူတစ်ဦးအား စိတ်ကူးများ၊ အတွေးအမြင်များ၊ စေ့ဆော်မှုများ ပြည့်နေသည့် နတ်ရေကန်တစ်ခု အတွင်းသို့ စိမ်ပေးလိုက်ခြင်း မည်ပေသည်။ သမုဒ္ဒရာ အတွင်းသို့ ခုန်ချလိုက်ပြီး ကမ်းခြေ အသီးသီးသို့ မျှော်မှန်းကာ လားရာအမျိုးမျိုးသို့ ကူးခတ်သွားခြင်း မည်ပေသည်။ လေ့ကျင့်ခန်းများသည် ဖြစ်တည်မှုနှင့် ပတ်သက်သော ရည်မှန်းချက်ထက် မလျော့သော အရာများနှင့် ပတ်သက်၍ တစ်သက်တာလုံး ရောင်ပြန်ဟပ်နေမည့် အရာများကို လှုံ့ဆော်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ “ကျွန်တော်က ဘယ်သူလဲ”၊ “ကျွန်တော် ဖြစ်လာချင်တာက ဘာလဲ”၊ “အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ” ဟူသော မေးခွန်းများကို ကျောင်းသားများက မေးကြမည်ဖြစ်သည်။

တက္ကသိုလ်ကောလိပ်တို့ဟူသည် ယင်းမေးခွန်းများကို အထပ်ထပ် မေးနေခြင်းသာ ဖြစ်သည်။ ပညာတတ်သော ဘဝတစ်ခုသည်လည်း ယင်းမေးခွန်းများကို လုပ်ငန်းခွင်အတွင်း၊ မိသားစု အတွင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကဏ္ဍအတွင်း ဆက်လက်မေးနေစေရန်သာ ဖြစ်သည်။ ပညာတတ် တစ်ဦးဟူသည် မိမိနှင့် ပတ်သက်၍ အလေးအနက် တွေးတတ်သော၊ မိမိကိုယ်မိမိ ကောင်းစွာ သတိပြုတတ်သော လူတစ်ဦးဖြစ်သည်။ ပညာတတ်သော လူတစ်ဦးသည် အရာများစွာတို့ကို သိသကဲ့သို့ မိမိ မသိသေးသော အရာများစွာ ရှိကြောင်းကိုလည်း သဘောပေါက်သူဖြစ်သည်။ ပညာတတ်အောင် ပြုလုပ်ခြင်းသည် ကမ္ဘာလောက၏ များစွာသော အစိတ်အပိုင်းနှင့် ပတ်သက်၍ နှိမ့်ချမှု ပြုစေရန်ဖြစ်ပြီး ပါရမီ အမြင့်မားဆုံး သူ၌ပင်လျှင် အကန့်အသတ်များ ရှိကြောင်း သိရှိစေသည်။ တက္ကသိုလ် ကောလိပ် ပညာရေး၏ အခြေခံသည် ကမ္ဘာကြီး မည်မျှ ကျယ်ပြောကြောင်းနှင့် ယင်း၌ ပါဝင်သည့် အရာများအကြောင်း သိမြင်စေရန်ဖြစ်သည်။ ပညာတတ်သောသူသည် အရာရာ၌ ကျွမ်းကျင်သူဖြစ်ကြောင်း မိမိကိုယ်မိမိ မတွေးရုံမက ယင်းတို့အနက် တစ်စိတ်တစ်ပိုင်းကိုပင် မိမိကျွမ်းကျင်သည်ဟု ထင်မထားပေ။ သူသည် ကျယ်ပြောလှသော အရာ၏ အချို့သော အရာများကို သိမြင်နိုင်ရန် ကြိုးပမ်းပြီး လုပ်သင့်လုပ်ထိုက်သော လမ်းကြောင်းများကို ရေးဆွဲကာ ခရီးစဉ်ကပေးသည့် ရေရှည်တည်တံ့သော တန်ဖိုးများ၏ အဓိပ္ပာယ်ကို ရှာဖွေသည်။

ဦးတည်ရာမဲ့ ပြန့်ကျဲနေသော၊ ပြိုင်ဆိုင်မှု ပြင်းထန်သော ကမ္ဘာကြီး၌ လူတစ်ဦး အနေဖြင့် လိုက်လံ ရှာဖွေရန်အတွက် အဓိပ္ပာယ်များနှင့် တန်ဖိုးများနှင့် ပတ်သက်၍ ရင်းမြစ်များကို ပေးခြင်းသည် တက္ကသိုလ် ကောလိပ် ပညာရေးဖြစ်သည်။ သမုဒ္ဒရာ ဥပမာအရ ပြောရလျှင် မြင့်မားသည့် ပညာရေး မရှိသော ဘဝသည် ကောင်းစွာ မမြင်ရဘဲ ရေထဲ၌ ကူးခတ်နေခြင်းနှင့် တူ၏။ ပို၍ ပို၍ မြင်လာရစေရန်အတွက် ပညာရေးက အကူအညီ ပေးနိုင်သည်။ ပျမ်းမျှသဘောအရ ပညာတတ်လျှင် ဝင်ငွေမြင့်မားနိုင်သော်လည်း တက္ကသိုလ်ကောလိပ် ပညာရေးဟူသည် ဝင်ငွေရှာရန် ပါဝါမြင့်မားရေး မဟုတ်ပါ။ တက္ကသိုလ်ကောလိပ်ဟူသည် စူးစမ်း ရှာဖွေရေးနှင့် ကြီးပြင်း ရင့်ကျက်ရေးဖြစ်သည်။ ဉာဏ်ပညာတို့နှင့် အသိဉာဏ်တို့အတွက် ပြင်းထန်သော လေ့ကျင့်ခန်းသာဖြစ်သည်။ ပညာတတ်သူ တစ်ဦးသည် နေရာတကာ၌ စမတ်ကျနေမည် မဟုတ်သော်လည်း ပိုမိုချမ်းသာ ကြွယ်ဝသူနှင့် မိမိဝန်းကျင်ရှိ အရာများနှင့် ပတ်သက်၍ ပို၍ရှုပ်ထွေးသော အရာများကို နားလည်သဘောပေါက်သူ ဖြစ်နိုင်သည်။

လူသားတို့၏ အတွေ့အကြုံနှင့် ပတ်သက်သော အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးနှင့် အရွယ်အစား အမျိုးမျိုးတို့ကို ကောင်းမွန်စွာ သိမြင်လျက် ယင်းမှနေ၍ အကျိုးကျေးဇူး ရရှိအောင် ပြုလုပ်ရန်အတွက် ပညာတတ်သော လူတစ်ယောက် ဖြစ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာလ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent