ပညာရေး၏ အလွန်အရေးကြီးပုံများ

ပညာရေး၏ အလွန်အရေးကြီးပုံများ
Published 31 October 2017

ပညာရေး၏ အရေးကြီးပုံနှင့်ပတ်သက်၍ အောက်ပါအချက်များမှာ မှတ်သားဖွယ်ကောင်းလှသည်။

ပျော်ရွှင်၍ တည်ငြိမ်သောဘဝ - ပျော်ရွှင်သောဘဝဆီသို့ ဦးတည်လိုပြီး ကမ္ဘာကြီးကပေးအပ်သော ကောင်းမွန်သည့်အရာများကို ခံစားနိုင်ရေးအတွက် ပညာတတ်ရန်လိုသည်။ ကောင်းမွန်သောအလုပ်နှင့် ကောင်းမွန်သော ဂုဏ်သတင်းတို့ကို ပညာတတ်မြောက်သူသာ ရနိုင်သည်။ ပညာရေးဟူသည် အနာဂတ်နှင့် တည်ငြိမ်သောဘဝအတွက် အာမခံချက်ဖြစ်သည်။

ငွေ - ပညာတတ်သူသည် ဝင်ငွေမြင့်မားသည့် အလုပ်အကိုင်ကိုရရှိရန် အခွင့်အလမ်းပို၍များသည်။ ငွေသည် အားလုံးသောမကောင်းမှုများ မြစ်ဖျားခံရာဟုဆိုသော်ငြားလည်း ယနေ့ခေတ်၌ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် ငွေသည် အရေးကြီးကြောင်း အများစုကသဘောတူကြသည်။ ပုံမှန်သဘောအရ ပညာတတ်လေလေ ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ရွေးချယ်နိုင်ခွင့်ရှိလေလေ ဖြစ်သည်။

တန်းတူညီမျှမှု - လူတိုင်းအား တန်းတူညီမျှအခွင့်အရေးပေးသည့် တရားမျှတသောနေရာအဖြစ် ကမ္ဘာကြီးအားလိုလားပါက ပညာရေးသည် မရှိမဖြစ်လိုအပ်သည်။ လူတန်းစားခြားနားမှုနှင့် ကျား-မ ခြားနားမှုများအကြားရှိနေသည့် ကွဲပြားမှုများကို ဖယ်ရှားလိုပါက ပညာရေးသည်သာ အခရာဖြစ်သည်။ ဆင်းရဲ-ချမ်းသာ၊ ကျား-မ မခွဲခြားဘဲ အလုပ်အကိုင် အခွင့်အလမ်းများပေးရန်၌ ပညာရေးက အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။

မိမိကိုယ်သာ အမှီပြုခြင်း - မိမိကိုယ်သာအမှီပြုသည့် လူတစ်ဦးဖြစ်ရန်အတွက် ပညာရေးက အရေးကြီးသည်။ ပညာတတ်သောကြောင့် စီးပွားရေးအရ အမှီအခိုကင်းနိုင်ရုံသာမက ကိုယ်ပိုင်ဆုံးဖြတ်ချက်များကိုလည်း ကောင်းမွန်စွာချမှတ်နိုင်သည်။

အိပ်မက်များကို အကောင်အထည်ဖော်နိုင် - မိမိဘဝ၌ ရည်မှန်းစိတ်ကူးထားသည်များ အမှန်တကယ်ဖြစ်လာရန် ပညာရေးကသော့ချက်ဖြစ်သည်။ ကိစ္စအများစုတွင် စိတ်ကူးအိပ်မက်များကို ပညာရေးဖြင့် အကောင်အထည်ဖော်နိုင်သည်။

ကမ္ဘာကြီးအား ပိုမိုငြိမ်းချမ်းသော နေရာဖြစ်အောင်လုပ်နိုင် - ပညာရေးသည် အကောင်းနှင့်အဆိုးအကြား၊ ဒုစရိုက်နှင့် သုစရိုက်အကြား ကောင်းမွန်စွာ ခွဲခြားနားလည်နိုင်စေသည်။ ပညာတတ်မြောက်သူသည် မကောင်းသော တရားမဝင်သောလုပ်ရပ်၏ အကျိုးဆက်များကို ပိုမိုနားလည်နိုင်ပြီး ဥပဒေအရ ကိုယ်ကျင့်တရားအရ မမှန်ကန်သောအရာများကို ပြုလုပ်နိုင်ခြေနည်းပါးသည်။ ပညာမတတ်သူများစွာတို့သည် ဆင်းရဲခြင်းက နှိပ်စက်သော ဘဝ၌နေထိုင်လျက် အခွင့်အလမ်းနည်းပါးသောကြောင့် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် မကောင်းမှုဒုစရိုက်များကို ပြုလုပ်မိနိုင်ခြေများသည်။ ပညာတတ်မြောက်သူသည် မိမိ၏အခွင့်အရေး၊ ဥပဒေနှင့် လူ့အဖွဲ့အစည်းနှင့်ပတ်သက်သော မိမိ၏တာဝန်များကို ကောင်းစွာသတိပြုမိနိုင်သည်။ ထို့ကြောင့် ပညာရေးသည် လူမှုရေးသဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေးတို့အတွက် အရေးကြီးသော အကြောင်းခြင်းရာတစ်ရပ်ဖြစ်သည်။

နိုင်ငံ၏ စီးပွားရေးကြီးထွားမှု - သြစတြေးလျ၊ အမေရိကန်နှင့် ဂျပန်ကဲ့သို့သောနိုင်ငံများ၌ ပညာတတ်မြောက်မှုနှုန်း မြင့်မားသည်။ ထို့ကြောင့် ယင်းနိုင်ငံများသည် ချမ်းသာကြွယ်ဝကြပြီး နိုင်ငံသားများ၏ ပျမ်းမျှဝင်ငွေမြင့်မားကြသည်။ မဖွံ့ဖြိုးသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပညာတတ်မြောက်မှုနှုန်း နိမ့်ပါးကြသည်။ ထို့ကြောင့် လူပေါင်းများစွာသည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းအောက်၌ နေထိုင်နေရဆဲဖြစ်သည်။

လိမ်လည်ခံရမှုမှ ကာကွယ်နိုင် - ပညာရေးက မိမိအား မတရားခေါင်းပုံဖြတ်ခြင်း၊ လိမ်လည်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။ ရိုးအမှု၊ ပညာမတတ်မှုတို့အား လူလည်လူလိမ်တို့က အခွင့်ကောင်းယူရန် ပို၍လွယ်ကူသည်။ ပညာတတ်တစ်ဦးကဲ့သို့မဟုတ်ဘဲ ပညာမတတ်သူတို့သည် မိမိတို့၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို နားမလည်သောကြောင့် မိမိ၏အခွင့်အရေးများကို ချန်လှပ်ထားသော သို့မဟုတ် လိမ်ညာထားသော စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးပေးရန် ဖြားယောင်းခံရတတ်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဦးချင်းအဆင့်၌ ပညာတတ်မြောက်သူသာ ပွဲလယ်တင့်နိုင်မည်ဖြစ်သကဲ့သို့ ပညာတတ်မြောက်မှုနှုန်း မြင့်မားသောနိုင်ငံများသာ ကမ္ဘာ့အလယ်၌ တင့်တယ်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ (၃၁) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent