ကြွေးသံသရာလည်နေသော တောင်သူများနှင့် သီးနှံဈေးနှုန်း

ကြွေးသံသရာလည်နေသော တောင်သူများနှင့် သီးနှံဈေးနှုန်း
Published 28 October 2017

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် မြေယာအရည်အသွေး ကျဆင်းခြင်း၊ စိုက်ပျိုးချိန်တွင် လယ်ယာလုပ်သား ရှားပါးခြင်း၊ သီးနှံပေါ်ချိန်တွင် တွက်ခြေကိုက်သော သီးနှံဈေးနှုန်း မရရှိခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း စသည့် အခက်အခဲများကို ရုန်းကန်နေရဆဲ ဖြစ်သည်။

ထိုအခြေအနေများကြောင့် တောင်သူများအတွက် သီးနှံအာမခံစနစ် ပေါ်ပေါက်လာရေး လုပ်ဆောင်ခြင်း မြန်မာ့လယ်ယာစီးပွားကဏ္ဍနှင့် ဆန်စပါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ဆန်းစစ်တွက်ချက်မှုများ လုပ်ဆောင်လျက်ရှိသည်။ မြန်မာ့လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လယ်ယာစီးပွားရေး ဝန်ဆောင်မှု စင်တာများ တည်ဆောက်ရန်လည်း လုပ်ဆောင်လျက်ရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုတွင် လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာ စီမံကိန်းများအတွက် ဒေါ်လာ သန်း ၄၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်မည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ စီးပွားရေးအများပိုင် ကော်ပိုရေးရှင်လီမိတက် (MAPCO)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CITTIC ဆောက်လုပ်ရေးကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာ (Agribusiness Service Center) စီမံကိန်းများအတွက် ဒေါ်လာ သန်း ၄၀၀ ခန့်မြှုပ်နှံကာ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုးခုရှိ မြို့နယ် ၃၃ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ခြင်းလည်းဖြစ်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခုတွင် သီးနှံ ၁၂ မျိုးနှင့် စုစုပေါင်း ဧက လေးသိန်းကျော် ပျက်စီးခဲ့ရာ အစားထိုး ပြန်လည်စိုက်ပျိုးခြင်း ရာသီချိန်နှင့် လိုက်လျောညီထွေသော သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်းအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ထောက်ပံ့ကြေးငွေများကို သီးနှံပျက်စီးမှု ပမာဏပေါ်မူတည်၍ တောင်သူများအား ထောက်ပံ့ပေးခဲ့သည်။ သို့ဖြစ်၍ တောင်သူများအတွက် သီးနှံအာမခံစနစ်နှင့် သဘာဝဘေးဒဏ်များမှ အာမခံပေးသည့် ဝန်ဆောင်မှုစနစ်များ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာပြီဖြစ်သည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဋ္ဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် “ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအနေဖြင့် ရာသီ,သီးနှံပေါ်ချိန် တိုင်းသီးနှံဈေးနှုန်းများ ကျဆင်းနေသောကြောင့် နှစ်စဉ်ကြမ်းခင်းဈေး သတ်မှတ်ပေးရေး အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရမှ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းသင့်ကြောင်း” အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ အဆိုရှင်၏ တင်သွင်းမှုတွင် ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဟု ခေါ်ဝေါ်သမုတ်ခံရသည်အထိ သမိုင်းရှိခဲ့ပါသော်လည်း ယခုအခါ စပါးစိုက်တောင်သူများမှာ စိုက်ပျိုးထုတ်လုပ်နေကြလျက်ပင် ကြွေးသံသရာလည်နေမှုအပေါ် သီးနှံပေါ်ချိန်တွင် မိမိ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးနှင့် မိသားစုဘဝရပ်တည်မှုအတွက် သီးနှံဈေးနှုန်း နှစ်စဉ်ကြမ်းခင်းဈေး သတ်မှတ်ပေးနိုင်ဖို့ လိုအပ်နေပါ၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ သီးနှံပေါ်ချိန်အမီ တိုက်တွန်းသင့်ကြောင်း ထည့်သွင်းတင်ပြခဲ့သည်။ သို့သော် အဆိုနှင့် ပတ်သက်၍ လက်ခံဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာ အဆိုရှုံးနိမ့်ခဲ့ရသည်။ ယင်းအဆိုနှင့်ပတ်သက်၍ တိုင်းဒေသအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ဆွေးနွေးရာတွင် နိုင်ငံတော်မှ သီးနှံကြမ်းခင်းဈေးနှုန်းအား သတ်မှတ်၍ ဝယ်ယူရန်အတွက်မှာ တိုင်းဒေသကြီး အနေအထားထက် ပြည်ထောင်စုမှသာ စီမံဆောင်ရွက်နိုင်ကြောင်း၊ သီးနှံဈေးနှုန်းများ ကြမ်းခင်းဈေးသတ်မှတ်၍ ဝယ်ယူရာတွင် ယခင်ကုန်သွယ်လယ်ယာခေတ်ကကဲ့သို့ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သောကြောင့် သီးနှံအပ်ကုန် အာမခံစနစ်၊ ကန်ထရိုက်လယ်ယာစနစ်၊ သီးနှံဈေးကျချိန်တွင် အရန်သီးနှံဝယ်ယူခြင်းဖြင့်သာ ထိန်းညှိသင့်ကြောင်း ပြန်လည်ဆွေးနွေးထားသည်။

သို့ပါ၍ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သလို ရာခိုင်နှုန်း ၇၀ မျှရှိသော တောင်သူလယ်သမားများ အရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အရေးကိစ္စအဖြစ် ဆောင်ရွက်သင့်သလို နှစ်စဉ်ကြုံတွေ့လာရပြီဖြစ်သော လယ်ယာကဏ္ဍမှ အထွေထွေ ပြဿနာများအရေးအား အလေးထား လုပ်ဆောင်သင့်ပြီဖြစ်ကြောင်းနှင့် ကြွေးသံသရာလည်နေသော တောင်သူများအသက်ရှူချောင်စေမည့် နည်းလမ်းများဖြင့် ဖြေရှင်းအကောင်အထည် ဖော်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent