ဖားကန့်ပဋိပက္ခနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ

ဖားကန့်ပဋိပက္ခနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ
Published 27 October 2017

ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် မှီခိုလုပ်ကိုင်နေသည့် ကချင်ပြည်နယ်မှ နာမည်ကျော် ဖားကန့်ဒေသတွင် ရေမဆေးရှာဖွေသူများအတွက် အသက်အန္တရာယ် စိုးရိမ်စရာ ဖြစ်နေသလို ပြဋ္ဌာန်းထားသည့် ဥပဒေများအရ သယ်ယူရောင်းချခွင့်မရှိခြင်း၊ တန်ဖိုးကြီးမားသည့် ကျောက်စိမ်းရိုင်းဖြစ်ပါက သိမ်းယူခံရခြင်း၊ အမှုဖွင့်ခံရခြင်း၊ မကြာခဏ မြေစာပုံပြိုကျခြင်းတို့ကြောင့် သေဆုံးမှုများ ရှိနေခြင်း စသည့် ပြဿနာများစွာက ဖားကန့်ဒေသတွင် ရှိနေဆဲဖြစ်သည်။ ယင်းအပြင် ကျောက်စိမ်းရှာဖွေသည့် ကုမ္ပဏီလုပ်ကွက်များနှင့် ရောထွေးနေမှုကြောင့် ရေမဆေးရှာဖွေသူများနှင့် ပေါ်ပေါက်နေသော ပြဿနာများ ရှိနေရာ ခြိမ်းခြောက်မောင်းထုတ်ခံရခြင်း ခြောက်လှန့်ပစ်ခတ်မှုများ ဖြစ်ပွားပြီး ပစ်ခတ်မှုကြောင့် သေဆုံးရမှုများလည်း ရှိနေသည်။ ဖားကန့်ဒေသတွင် ဖြစ်ပေါ်နေသော ပြဿနာများနှင့် ပတ်သက်၍ အဖြေရှာဖြေရှင်းရန် လုပ်ဆောင်မှုများ ရှိနေသော်လည်း ဖြေရှင်းမှုနှင့် ပြဿနာ၏ ပမာဏအတိုင်းအဆ ကွာဟမှုများကြောင့် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ အသက်အန္တရာယ် စိုးရိမ်စရာများ ရှိသော်လည်း ဆင်းရဲမွဲတေမှု အရင်းခံများကြောင့် သူဌေး (လောပန်း) ဖြစ်ရေးအိပ်မက်အတွက် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ လာရောက်နေသူများက လျော့ကျသွားခြင်းမရှိသည့် အနေအထားလည်းဖြစ်သည်။

၂၀၁၅ ခုနှစ် သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီ ၈၀၈ ခု တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိသည်။ ယင်းကဲ့သို့ လုပ်ငန်းများစွာရှိနေသလို ပြဿနာ ပဋိပက္ခမျိုးစုံလည်း ပေါ်ပေါက်နေသည်ဟု ဆိုရမည်ဖြစ်သည်။ ရေမဆေးရှာဖွေသူများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်သူများအကြား ပြဿနာဖြစ်ပွားခြင်း၊ ရေမဆေးရှာဖွေသူ အချင်းချင်းကြား ပြဿနာဖြစ်ပွားခြင်းနှင့် စွန့်ပစ်မြေစာပုံများတွင် ကျောက်စိမ်းရှာဖွေရင်း အသက်အန္တရာယ် ရင်ဆိုင်ရသည်အထိ အဖြစ်ဆိုးများ တွေ့ကြုံခဲ့ရသူများ ရှိနေသည်။

ရေမဆေးတွေအတွက် အကြီးဆုံးအန္တရာယ်တွင် စွန့်ပစ်မြေစာပုံ၌ ကျောက်စိမ်းရှာရင်း မြေပိ၍သေဆုံးခြင်းဖြစ်သည်။ အချက်အလက်များအရ စက်ယန္တရားကြီးများဖြင့် တူးဖော်မှုများရှိလာပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း မြေစာပိ၊ ကျောက်ခဲမှန် သေဆုံးမှုများ တစ်နှစ် လူ ၆၀ အထက်ရှိကြောင်း သိရသည်။

အထက်ပါ ပြဿနာများကဲ့သို့ပင် သဘာဝသယံဇာတရင်းမြစ်များနှင့် ပတ်သက်၍ ကောင်းမွန်မှုများနှင့်အတူ ဆိုးရွားသည့် အဖြစ်အပျက်များ ကြုံတွေ့ရသည့်အပြင် မြေယာ မြေသိမ်းဆည်းခံရခြင်း၊ သစ်တောပြုန်းတီးခြင်း ကဲ့သို့သော ပြဿနာများသည်လည်း တွေ့ကြုံနေရသည့် သဘာဝသယံဇာတဆိုင်ရာ ပြဿနာများပင် ဖြစ်ပါသည်။ ယင်းသို့သော သဘာဝသယံဇာတနှင့် ဆက်စပ်၍ ပေါ်ပေါက်လာသော ပြဿနာများနှင့် ပတ်သက်၍ ဒေသခံလူထု၏ အခွင့်အရေးများကို လေးစားခြင်း၊ ကာကွယ်ခြင်း၊ ကြိုတင်အသိပေး တိုင်ပင်ခြင်း၊ လူထုသဘောထားရယူခြင်းဆိုင်ရာ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများ ပါဝင်သည့် လမ်းညွှန်ချက်တစ်ခုကို တရုတ်နိုင်ငံက ထုတ်ပြန်ထားသည်။ မြန်မာအပါအဝင် ထိုင်း၊ တရုတ်၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား စသည့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား မြေယာသိမ်းဆည်းမှုများနှင့် သစ်တောပြုန်းတီးမှု ပြဿနာများကို ဖြေရှင်းခြင်းနှင့် ပတ်သက်၍ Global Witness အဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက လေးနှစ်ကြာ ပါဝင်ရေးဆွဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားခြင်းဖြစ်သည်။ သို့ပါ၍ ဖားကန့်ပဋိပက္ခများကို အခြေတည်၍ သယံဇာတဆိုင်ရာ ပြဿနာများအတွက် မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်မှာ အရေးကြီးသောကိစ္စရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent