“အုပ်ချုပ်ခံပါမည်ဟူသည့် သဘောတူညီချက်” ဟူသည့်စကားစုသည် နိုင်ငံရေးဆိုင်ရာ ဒဿနိကဗေဒ၌ နိုင်ငံရေးအာဏာကို အသုံးပြုမည့် အစိုးရတစ်ရပ်၏ အခွင့်အာဏာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အခွင့်အရေးသည် နိုင်ငံရေးအာဏာကို ကျင့်သုံးခံရမည့် ပြည်သူများ သို့မဟုတ် လူ့အဖွဲ့အစည်းက သဘောတူညီမှသာ တရားမျှတမှုရှိပြီး တရားဥပဒေနှင့်ညီသည်ဟူသော သဘောတရားကို ရည်ညွန်းသည်။ ယင်းသဘောတရားသည် သမိုင်းအရ သက်ဦးဆံပိုင်ဘုရင်စနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ကိုလိုနီစနစ်၏ အခွင့်အာဏာကို ဆန့်ကျင်ရန်အတွက်လည်း ယင်းကိုအသုံးပြုခဲ့သည်။ ကုလသမဂ္ဂ၏ ၁၉၄၈ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၁ တွင် “ပြည်သူတို့၏ဆန္ဒသည် အစိုးရ၏ အခွင့်အာဏာ အခြေခံဖြစ်ရမည်” ဟုပြဋ္ဌာန်းထားသည်။
ဂျော့ဆာဘိုင်း ရေးသားသည့် A History of Political Theory (၁၉၃၇) စာအုပ်တွင် “အုပ်ချုပ်ခံပါမည်ဟူသည့် သဘောတူညီချက်” နှင့်ပတ်သက်၍ နိုင်ငံရေးသဘောတရားရေးရာ ပညာရှင်များစွာ၏အမြင်များကို စုဆောင်းဖော်ပြထားသည်။ သူက ယင်းသဘောတရားကို ၁၄၃၃ ခုနှစ်တွင် နီကိုလက်အော့ကူဆာက De Concordantia Cathilica ကျမ်းတွင် စတင်ဖော်ပြသည်ကို သတိပြုမိကြောင်း ရေးသားထားသည်။ ၁၅၇၉ ခုနှစ်တွင် သီအိုဒိုဘီဇာက Vindiciae contra Tyrannos ကျမ်းကို ရေးသားခဲ့ပြီး ဆာဘိုင်းက ယင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ဖော်ပြထားသည်။ “ဘုရင်က ဖြည့်ဆည်းပေးရမယ့် အခြေအနေရပ်တွေကို ပြည်သူတွေက ချပြပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အခြေအနေအရသာ (တရားမျှတပြီး ဥပဒေနှင့်ညီတဲ့ အစိုးရရဲ့ ကာကွယ်စောင့်ရှောက်မှု ရရှိမှသာ) နာခံဖို့တာဝန်ရှိပါတယ်။ အုပ်ချုပ်သူရဲ့အာဏာဟာ ပြည်သူက ကိုယ်စားလွှဲပေးထားတာဖြစ်ပြီး ပြည်သူတွေရဲ့ သဘောတူညီချက်နဲ့အညီသာ ဆက်ပြီးသွားရပါမယ်” ဟူူ၍ဖြစ်သည်။ အင်္ဂလန်ပြည်တွင်းစစ် (၁၆၄၂-၁၆၅၁) အတွင်းပေါ်ပေါက်ခဲ့သည့် Levellers ဟူခေါ်သော နိုင်ငံရေးလှုပ်ရှားမှုသည်လည်း “အုပ်ချုပ်ခံပါမည်ဟူသည့် သဘောတူညီချက်” ဟူသည့်သဘောတရားကို ကိုင်စွဲခဲ့သည်။
ဂျွန်မီလ်တန် (၁၆၀၈-၁၆၇၄) ကလည်း ”ဘုရင်များနှင့် တရားသူကြီးများ၏ အာဏာသည် ပြည်သူများထံမှ ယုံကြည်မှုဖြင့် ပြည်သူများအားလုံး၏ ဘုံကောင်းကျိုးကိုဆောင်ရွက်ရန် ကိုယ်စားပြုထားသော လွှဲပြောင်းပေးထားသော ကတိခံထားသော အရာမှလွဲ၍ အခြားမဟုတ်၊ အခြေခံသဘောအရ ပြည်သူများထံ၌သာ အာဏာရှိသည်။ ပြည်သူတို့၏ မွေးရာပါအခွင့်အရေးကို ချိုးဖောက်ခြင်းမပြုဘဲ ပြည်သူများထံမှ အာဏာကိုရယူနိုင်မည်မဟုတ်” ဟုရေးသားခဲ့သည်။ ဂျွန်လော့က် (၁၆၃၂-၁၇၀၄) က Human Understanding နှင့်ပတ်သက်သော စာတမ်းတွင် “အရပ်ဘက်ဆိုင်ရာအာဏာသည် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ရန် ပြည်သူအသီးသီး၏ တစ်သီးပုဂ္ဂလဆိုင်ရာ အခွင့်အရေးမှ ဆင်းသက်လာခြင်းမှလွဲလျှင် အခြားအခွင့်အလမ်းမရှိ။ ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ရန် အစိုးရက အသုံးပြုသည့် ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့သည် လူ့အသိုင်းအဝိုင်း၏ လက်ထဲသို့ လွှဲအပ်ထားသော ပြည်သူအသီးသီး၏ သဘာဝအတိုင်းရှိသည့် အာဏာမှလွဲ၍ အခြားမဟုတ်။ ပြည်သူအသီးသီးက သဘာဝအတိုင်း ခံစားပိုင်ခွင့်ရှိသည့်အရာကို မိမိကိုယ်မိမိ ထောက်ကူခြင်းထက် လွှဲအပ်ပေးခြင်းဖြစ်ပြီး ယင်းသဘာဝအတိုင်းရှိသည့် အခွင့်အရေးကို ကာကွယ်ရာ၌ ပိုမိုကောင်းမွန်သော နည်းလမ်းအဖြစ် ဆောင်ရွက်ပေးမှသာ တရားမျှတမှုရှိသည်” ဟုဖော်ပြထားသည်။
မည်သို့ပင်ဆိုစေကာမူ အစိုးရတစ်ရပ်၏ အခွင့်အာဏာသည် ယင်းအာဏာကို ကျင့်သုံးခံရမည့် ပြည်သူများ၏ သဘောတူညီချက်ရှိမှသာ တရားမျှတပြီး ဥပဒေနှင့် လျော်ညီမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
သြဂုတ်လ (၂) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်